စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အနီးကပ်လူယုံ တစ်ဦးဟု လူသိများသည့် ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေးကို အမျိုးသားလွှတ်တော် ဥက္ကဌအဖြစ် ယနေ့ မတ်လ ၁၈ ရက်နေ့တွင် ခေါ်ယူကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ရွေးချယ်တင်မြှောက်သည်။
လွှတ်တော် ဥက္ကဋ္ဌအဖြစ် စာရင်းတင်သွင်းသူ တစ်ဦးတည်းသာရှိသည့်အတွက် ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေးသည် ပြိုင်ဘက်မရှိဘဲ ဥက္ကဋ္ဌ ဖြစ်လာခြင်းဖြစ်သည်။

ဦးအောင်လင်းဒွေးသည် စစ်တပ် ဦးဆောင်ကျင်းပခဲ့သည့် ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲတွင် တပ်ပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီ ကိုယ်စားလှယ်အဖြစ် မန္တလေးတိုင်း အမျိုးသားလွှတ်တော် PR မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သူ ဖြစ်သည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) တွင် အမှုဆောင်ချုပ်ဖြစ်သည့် ဦးအောင်လင်းဒွေးသည် စစ်ခေါင်းဆောင်များနှင့်အတူ အာဏာသိမ်းကာလ တိုင်းပြည်ကို ခြယ်လှယ်ခဲ့သူများအနက် တစ်ဦးပင်ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ညာလက်ရုံးဟု လူသိများသူ ဦးအောင်လင်းဒွေးသည် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၂၅ ကျောင်းဆင်းဖြစ်ပြီး တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော်မှတ်တမ်းရုံးညွှန်ကြားရေးမှူးချုပ်၊ စစ်ဥပဒေချုပ် ရာထူးနှင့် အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့် စစ်ကောင်စီတွင်လည်း အတွင်းရေးမှူးဖြစ်ခဲ့သည်။
ဦးအောင်လင်းဒွေးနှင့် မိသားစုဝင်များကို အမေရိကန်၊ ယူကေ၊ ကနေဒါ၊ အီးယူ၊ နယူးဇီလန်နှင့် ဩစတြေးလျနိုင်ငံအစိုးရများက ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ထားသည်။
အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌကိုတော့ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် Jeng Phang နော်တောင်ကို ရွေးချယ်ခဲ့သလို လွှတ်တော်သဘာပတိအဖြစ် ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၅) ဒေါ်ဒွဲဘူကို ရွေးချယ်တင်မြှောက်ခဲ့သည်။
၎င်းတို့ နှစ်ဦးလုံးသည်လည်း USDP ပါတီမှ ဖြစ်ကြပြီး အမည်စာရင်းတစ်ဦးတည်း တင်သွင်းသည့်အတွက် ဒုတိယဥက္ကဌနှင့် သဘာပတိများ ဖြစ်လာကြသည်။
Jeng Phang နော်တောင်နှင့် ဒေါ်ဒွဲဘူတို့သည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ အဖွဲ့ဝင်များအဖြစ် ပါဝင်ကူညီခဲ့သူများဖြစ်ကြပြီး စစ်တပ်ပေးသည့် ရာထူးများတွင် နေရာယူထမ်းဆောင်ခဲ့သူများဖြစ်သည်။
စစ်တပ်က ၎င်းတို့ကျင်းပခဲ့သည့် ရွေးကောက်ပွဲမှာ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဟု ကြွေးကြော်ခဲ့သော်လည်း လွှတ်တော်နှင့် ထိပ်ပိုင်းရာထူးများကို အရပ်ဝတ်ပြောင်း စစ်အရာရှိများကသာ နေရာယူနေပေသည်။



