Tuesday, March 17, 2026
More
    spot_img
    Homeသတင်းမြဝတီမြို့တွင် မိသားစုလိုက် အစာအဆိပ်သင့်မှုဖြစ်ပြီး ကလေး ၂ ဦး သေဆုံး

    မြဝတီမြို့တွင် မိသားစုလိုက် အစာအဆိပ်သင့်မှုဖြစ်ပြီး ကလေး ၂ ဦး သေဆုံး

    -

    ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် ၄ ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် စွန့်ပစ်ထားသည့် အမည်မသိပစ္စည်းတစ်မျိုးကို ဟင်းအတွင်း ချက်ပြုတ်စားသုံးရာမှ မိသားစုလိုက် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီး ကလေး ၂ ဦး သေဆုံးခဲ့ကြောင်း မြို့ခံများမှ သိရသည်။

    မတ်လ ၁၅ ရက်နေ့က မြဝတီမြို့ရှိ (တရုတ်) ကျားဖြန့်ဆိုက်အပျက်အစီးမှ ဆားအိတ်နှင့်တူသည့် စွန့်ပစ်အထုပ်တစ်ထုပ်ကို အိမ်သို့ သယ်ဆောင်လာပြီး ဟင်းချက်ပြုတ်စဉ် အငံဓါတ်ပါသည့် အထုပ်ရှိပစ္စည်းကို ထည့်သွင်းချက်ပြုတ်ခဲ့သည်။

    ချက်ပြုတ်စားသောက်ပြီးနောက် မိသားစုဝင် ၈ ဦးလုံး အစာအဆိပ်သင့်သည့်လက္ခဏာများ တွေ့ရှိရသဖြင့် မြဝတီဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အသက် ၁၂ နှစ်နှင့် အသက် ၈ နှစ်အရွယ်ကလေး ၂ ဦး သေဆုံးခဲ့ရသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် နီးစပ်သည့် မြဝတီမြို့ခံတစ်ဦးက ပြောသည်။

    “သူတို့က တရုတ်ဆိုက်ပျက်ကနေ စွန့်ပစ်ပစ္စည်းအထုပ်တစ်ထုပ်ကို အိမ်ကို ကောက်လာခဲ့တယ်။ ဆိုဒီယမ်နိုက်ထရိုက်လို အထုပ်မျိုးပဲ။ အိမ်ရောက်တော့ ကြက်သားဟင်းချက်တာကို ဆားမထည့်ဘဲ အဲဟာကို သွားထည့်မိတော့၊ အစာအဆိပ်သင့်သွားကြတာ။ အဲ့အထုပ်ထဲက ပစ္စည်းကလည်း အငံဓါတ်ရှိတယ်။ ဆားနဲ့လည်းတူတယ်လေ။ ” ဟု အထက်ပါ မြို့ခံက ပြောသည်။

    အဆိုပါပစ္စည်းသည် အသားပြားများကို တာရှည်ခံရန်နှင့် ဘက်တီးရီးယားဒဏ်မှ ကာကွယ်ရန်အတွက် အသုံးပြုနေသည့်ပစ္စည်းတစ်ခုဟု ယူဆရကြောင်းလည်း ဆိုသည်။

    “အဲအထုတ်ကတော့ ဆားနဲ့တူပေမဲ့ ဆားတော့ မဟုတ်ဘူးပေါ့နော်။ အသားလုံးတွေ၊ ဝက်အူချောင်း တွေ ထားခံရအောင် သုံးတဲ့ပစ္စည်းတွေ ဖြစ်တယ်လို့ ယူဆရတယ်။ ဒီလိုပစ္စည်းတွေကို ကလေးတွေ လက်လှမ်းမမီတဲ့နေရာတွေမှာ သိမ်းဆည်းဖို့ လိုတယ်။ ပြီးတော့ ပစ္စည်းတစ်ခုခုကို သေချာမသိဘဲနဲ့ မသုံးစွဲစေချင်ဘူး” ဟု အထက်ပါ မြို့ခံက ဆက်ပြောသည်။

    ယနေ့တွင် မြဝတီဆေးရုံ၌ ဆေးကုမှုခံယူနေကြသည့် ကျန်မိသားစုဝင်များ ကျန်းမာရေးပြန်လည်ကောင်းမွန်လာကြပြီဟု ဆိုသည်။

    တရုတ်ဆိုက် အပျက်အစီးအနီးတစ်ဝိုက် နေထိုင်သူ မြဝတီဒသခံများအနေဖြင့် အမည်မသိ ပစ္စည်းများ၊ အမှတ်တံဆိပ်မပါသည့်ပစ္စည်းများ၊ ပိုင်ရှင်မရှိဘဲ တွေ့ရှိရသော စားသေက်ဖွယ်ရာများကို စားသုံးခြင်း၊ ချက်ပြုတ်ခြင်း အထူးရှောင်ကြည်ရန်လည်း လူမှုကူညီရေးအဖွဲ့များ တိုက်တွန်းထားသည်။

    အစာအဆိပ်သင့်သည့် လက္ခာဏာများသည် ပျို့တက်ခြင်း၊ အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဗိုက်ရစ်ပြီး နာခြင်း အနည်းဆုံးလက္ခဏာသုံးချက်ကို ပြလေ့ရှိပြီး စားသုံးမိသည့် အဆိပ်ပေါ်မူတည်ပြီး အသက်အန္တရာယ် ဖြစ်စေနိုင်သည့်အတွက် နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံးကုသမှု ခံယူရန်လိုအပ်ကြောင်း ကျန်းမာရေးဌာနများ၏ အသိပေးထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks