ပြည်သူများအကြား နာမည်ကြီးနေသည့် “တို့ဆေး” ဖြင့် တို့ပြီး ပစ္စည်းလုယက်သည့် ဖြစ်စဉ်သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သိသိသာသာ များလာသည့် အကြောင်းအရာတခုဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ကပင် မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အငြိမ်းစားဆရာမတစ်ဦးက ဈေးကနေ လမ်းလျှောက် ပြန်လာချိန် အမည်မသိအမျိုးသားတစ်ဦးက ဆိုင်ကယ်ဖြင့် အနားကပ်လာပြီး လက်ကို ထိကိုင်လိုက်ရာကနေ ဆရာမက သတိလက်လွတ်ဖြစ်သွားခဲ့သည်။ ပြန်သတိရလာချိန်တွင် ပိုက်ဆံအိတ် လုယက်ခံရသည်ကို သိရှိရသည်။
အလားတူ ဘီလူးကျွန်းက အမျိုးသားတစ်ဦးကလည်း အသိမိတ်ဆွေအမျိုးသမီးကနေ တို့ဆေးဖြင့် တို့ပြီ ဖုန်း၊ ပိုက်ဆံအိတ် လုယက်သွားသည့်ဖြစ်စဉ်တခုကလည်း ဖြစ်ပွားခဲ့သေးသည်။

“ကျွန်တော်ဖြစ်တုန်းကဆို အသိတစ်ယောက်နဲ့ ပန်းခြံမှာ စကားထိုင်ပြောနေတုန်း အဲ့အသိကပဲ ကျွန်တော့်မျက်နှာကို ဖုန်သုတ်သလိုလိုနဲ့ ပုဝါဖြူတစ်ခုနဲ့ သုံးခါလောက် ပွတ်လိုက်တာကို ကောင်းကောင်း မှတ်မိတယ်။ ဒါမဲ့ နောက်ပိုင်းတော့ ဘာမသိတော့ဘူး။ ပြန်သတိမူလာချိန်မှာ iPhone 16 pro max တစ်လုံးနဲ့ ပိုက်ဆံအိတ်ပါသွားပြီ” ဟု ဘီလူးကျွန်းမှ အမျိုးသားက သူကိုယ်တိုင်ကြုံတွေ့ခဲ့ရသည်ကို ပြန်ပြောပြသည်။
IMNA က စုဆောင်းထားသည့်အချက်အလက်များအရ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၃ ခုနှစ်မှ ၂၀၂၆ အတွင်း မွန်ပြည်နယ်တွင် “တို့ဆေး” တို့ခံရပြီး ပစ္စည်းလုယက်သည့်ဖြစ်စဉ် ၁၀ ကြိမ်ထက်မနည်း ရှိခဲ့သည်။
“တို့ဆေး” သည် လူမှုအသိုင်းအဝိုင်းအတွက် မျက်ကွယ်ပြုထားလို့မရသည့် လုံခြုံရေးနှင့် ကျန်းမာရေးများကို ထိခိုက်စေနိုင်သည့် စိုးရိမ်ဖွယ်ရာ အန္တရာယ်တစ်ခုအဖြစ် ဆက်ရှိနေဆဲ ဖြစ်သည်။
“တို့ဆေး” ဟု အလွယ်ခေါ်ကြသည့် ဆေးဝါးသည် လူတစ်ဦး၏ စိတ်အာရုံနှင့် ခန္ဓာကိုယ်ကို အချိန်တိုအတွင်း ထိန်းချုပ်နိုင်စေသည့် ဆေးအမျိုးအစားများဖြစ်သည်။
“တို့ဆေးဟာ အရပ်စကားနဲ့ပြောရရင်တော့ ထိမိရင် ကြောင် တောင်တောင်နဲ့ ခဏတာ သတိလွတ်သွားစေတဲ့ ဆေးတွေ ဖြစ်တယ်။ ဆေးခပ်ခံရတဲ့အချိန်နဲ့ ဆေးပြယ်တဲ့အချိန် ကြားထဲမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ မမှတ်မိနိုင်ဘူး၊ မအီမသာ ပျို့ချင်အန်ချင်သလို ဖြစ်နိုင်တယ်။ နှလုံးခုန်မြန်လာမယ်။ ကြွက်သားတွေ အားလျော့လာသလိုဖြစ်လာတယ်။ မသမာသူတွေက ဒီလို အာနိသင်တွေကို အသုံးချပြီး လုယက်မှု၊ ကလေးခိုးမှုနဲ့ အမျိုးသမီးများအပေါ် အမြတ်ထုတ်မှုတွေ ကျူးလွန်နိုင်တဲ့ အတွက် အလွန်အန္တရာယ် ရှိပါတယ်” ဟု မွန်ပြည်နယ်မှ ဆရာဝန်တစ်ဦးက ဆိုသည်။
“တို့ဆေး” အဖြစ် အသုံးပြုကြသည့် ဆေးများသည် ကတ်တမင်း(Ketamine)၊ နိုက်ထရက်အောက်ဆိုဒ်(Nitrous Oxide)၊ အမ်အိပ်စ်အီး(MXE)၊ ဆဲလ်ဗီးယား အပင်(Saliva Divinorum) ဆေးအမျိုးအစားများဖြစ်သည်။
“တို့ဆေး” အဖြစ် အသုံးပြုကြသည့် ဆေးဝါးများကို မကြာခဏ ထိတွေ့သုံးစွဲမိပါက ဦးနှောက်ကို တိုက်ရိုက်ထိခိုက်စေနိုင်ပြီး မှတ်ဉာဏ်ချို့ယွင်းခြင်း၊ အမြင်မှားခြင်း စသည့်လက္ခဏာများ ဖြစ်စေနိုင်ကြောင်း အထက်ပါ ဆရာဝန်က ပြောသည်။
တို့ဆေး တို့ခံထိလျှင် မူးဝေခြင်း၊ စိတ်အာရုံမကြည်လင်ခြင်း၊ မှတ်ဉာဏ်လျော့နည်းခြင်း၊ ကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်း လျော့ကျခြင်းများ ဖြစ်ပေါ်တတ်ပြီး တို့ဆေးကို လူစည်ကားသော နေရာများဖြစ်သည့် ပန်းခြံများ၊ စျေး၊ ကားဂိတ်၊ ဘူတာရုံများတွင် ဖြစ်ပွားတတ်သည်။
တစ်စုံတစ်ယောက်နှင့် စကားပြောနေစဉ် ဆေးဝါးတစ်မျိုးမျိုးကို ရှုမိခြင်း၊ တစ်စုံတစ်ယောက်က မသိမသာဖြင့် ဆေးဝါးတစ်မျိုးမျိုးကို ထိတွေ့စေခြင်း သို့မဟုတ် အစားအစာနှင့် အချိုရည်များထဲတွင် ထည့်သွင်းအသုံးပြုခြင်းများကြောင့် ထိခိုက်ခံရသူများ ရှိလာခဲ့သည်။
“ဆေးပညာ နယ်ပယ်မှာတော့ တို့ဆေးလို့ ယူဆရတဲ့ ဥပမာ – Ketamine လို ဆေးဝါးတွေဟာ မူးယစ်ဆေးစာရင်းဝင်ဖြစ်ပြီး ဥပဒေအရ တားမြစ်ထားတဲ့ ဆေးဖြစ်တယ်။ ဆရာဝန်တွေကတော့ ခွဲစိတ်မှုတွေ ပြုလုပ်တဲ့အခါ လူနာကို မေ့သွားစေဖို့ ဒါမှမဟုတ် နာကျင်မှု မရှိစေဖို့အတွက် မေ့ဆေးအဖြစ် အသုံးပြုကြတယ်။ ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူလို့မရဘူး။ အထူးထိန်းချုပ်ထားတဲ့ ဆေးဝါးတွေဖြစ်တယ်။ ဒါမဲ့ မသမာသူတွေက ဘယ်ကနေ ရကြလဲဆိုတာတော့ မသိဘူး”ဟု အခြားဆရာဝန်တစ်ဦးက ပြောသည်။
ထို့ကြောင့် “တို့ဆေး” အန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် မသိသောသူများနှင့် မလိုအပ်ဘဲ အနီးကပ်ဆက်ဆံခြင်း မပြုလုပ်ရန်နှင့် သံသယဖြစ်ဖွယ် အခြေအနေများကို တွေ့ရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်မီ အသိပေးသင့်ကြောင်း ဆရာဝန်များက အကြံပြုထားသည်။
ဘေးထွက်ဆိုးကျိုးများပြီး အန္တရာယ်ရှိသည့် “တို့ဆေး” များကို ထိန်းချုပ်ဆေးဝါးအဖြစ် သတ်မှတ်ထားသော်လည်း မသမာသူများက ထိုဆေးဝါးများကို မည်သည့်နည်းလမ်းဖြင့် ဝယ်ယူအသုံးပြုနေကြသည်ကို မေးခွန်းထုတ်စရာများ ဖြစ်နေသည်။
တရားဥပဒေစိုးမိုးမှုမရှိပဲ ရာဇဝတ်မှုများ ပိုမိုများပြားနေသည့် စစ်တပ်အာဏာသိမ်းကာလတွင် ပြည်သူများက “တို့ဆေး” ကဲ့သို့သော အန္တရာယ်မျိုးကို မမေ့လျော့ကြဘဲ အမြဲမပြတ် သတိရှိစွာ နေထိုင်ရန် လိုအပ်သည်။




