Tuesday, March 17, 2026
More
    spot_img
    Homeသတင်းစုံ၊မရက် မှားယွင်းသွားလာသူများ ဒဏ်ငွေ ၃၀၀၀၀ ကျပ် ပေးဆောင်နေရ

    စုံ၊မရက် မှားယွင်းသွားလာသူများ ဒဏ်ငွေ ၃၀၀၀၀ ကျပ် ပေးဆောင်နေရ

    -

    စက်သုံးဆီချွေတာရေးအတွက် ချမှတ်ထားသည့် စုံ၊မ စနစ် ပညာပေးကာလပြီးဆုံးသဖြင့် မွန်ပြည်နယ်အတွင်း  စုံ၊မရက်မှားယွင်း သွားလာနေသူများ ဒဏ်ငွေ ၃၀၀၀၀ ကျပ်ဖြင့် အရေးယူခံနေရကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူ ယာဉ်မောင်းများ၏ ပြောပြချက်အရ သိရသည်။

    စစ်ကော်မရှင်မှ စုံ၊မစနစ် အရေးယူမှုကို ပြီးခဲ့သည့် ပညာပေးကာလက ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ကျပ်နှစ်သောင်းဖြင့် အရေးယူမည်ဟု အသိပေးထားသော်လည်း ယခုတွင် ၂၀၂၀ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၉၆ ဖြင့် အရေးယူမည်ဟု ယာဉ်ထိန်းရဲများက ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားထားသည်။

    အဆိုပါပုဒ်မအရ ထောင်ဒဏ်မပါတော့ဘဲ ငွေကျပ် ၃၀၀၀၀ ထက်မပိုသည့် ဒဏ်ငွေများကို ချမှတ်နိုင်သည်ဟု သိရသည်။

    စစ်ကော်မရှင်မှ တရားဝင်ထုတ်ပြန်ခြင်းမရှိသေးသော်လည်း လမ်းမပေါ်တွင် စုံ၊မရက်မှားယွင်းသွားလာသူ အစုလိုက်ဖမ်းဆီးခံနေရပြီး ဒဏ်ငွေ ၃၀၀၀၀ ကျပ် ပေးဆောင်နေရကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ခရီးသယ်တင်ယာဉ်မောင်းတစ်ဦးက ဆိုသည်။

    “ မြို့ပေါ်မှာဆို ရဲတွေ ဂိတ်တွေအများကြီး စုံ/ မနံပါတ်တွေ စစ်နေကြတယ်။ သူတို့ဖမ်းမိလို့ ဒဏ်ငွေ ၃ သောင်းပေးလိုက်ရတယ်။ ကျနော့်ကားက မ၊ စုံနေ့ကို သွားမိလို့ ငွေပေးရတယ်၊ ထောင်ဒဏ်ကို မချဘူး။ ငွေပေးပြီး သူတို့ လွတ်ပေးတယ်။ ဒါမဲ့ အခုက မော်လမြိုင်မှာ တစ်ညအိပ်ရမယ်၊ ဆက်သွားမရဘူး” ဟု ရေး- မော်လမြိုင် ခရီးသယ်တင်ယာဉ် မောင်းသူတစ်ဦးက ပြောသည်။

    ဒဏ်ငွေ ၃၀၀၀၀ ကျပ်ကို စစ်ဆေးရေးလုပ်နေသည့် ရဲတပ်သားများထံ လမ်းမပေါ်တွင် ချက်ချင်းပေးဆောင်ရသည်ဟု ထိုသူက ဆက်ပြောသည်။

    လက်ရှိတွင် မြို့နယ်အလိုက် စစ်ကော်ရမရှင် အဖွဲ့စုံစစ်ဆေးရေးအဖွဲများက အချက်အချာကျသော မြို့အဝင်အထွက်နေရာများ၊ လမ်းမများနှင့် လမ်းဆုံများတွင် စစ်ဆေးမှုများပြုလုပ်နေပြီး ဥပဒေအရ အရေးယူမှုများလည်း ပြုလုပ်နေသည်။

    စစ်ကော်မရှင်၏ စုံမစနစ်အပေါ် ပြည်သူများ ဝေဖန်မှုမြင့်တက်နေပြီး နေ့စဉ်ရုံးတက်ရုံးဆင်း ဝန်းထမ်းများနှင့် အခြေခံလူတန်းစားများအတွက် သွားလာရေးစရိတ် ပိုမိုကုန်ကျလာခြင်းနှင့် အချိန်ကြန့်ကြာခြင်းများဖြစ်နေသည်ဟု ရုံးဝန်ထမ်းတစ်ဦးက ဆိုသည်။

    “ကျမတို့လိုနေ့တိုင်း ရုံးပုံမှန်တက်ရတဲ့ သူတွေအတွက်တော့ အခက်ခဲဖြစ်တယ်။ ကိုယ့်ဆိုင်ကယ်က မ ဆိုရင် စုံရက်မှာ အလုပ်သွားဖို့က ခက်တယ်။ အခြား သန်မြန်သူတွေကိုလည်း ရက်ခြားနေ့စဉ်လိုလို ငှားနေရရင်တော့ အဆင်မပြေဘူးလေ။ လစာကလည်း ကောင်းနေတာမဟုတ်ပဲ ဒီလိုမလုပ်သင့်ဘူးထင်တယ်၊ ဓာတ်ဆီကို ကန့်သတ်ချင်ကန့်သတ်လေ သွားလာတဲ့ သူတွေနဲ့ ဘာဆိုင်လည်း မလုပ်သင့်ဘူးထင်တယ်။” ဟု ပြောသည်၊

    ဒေသတွင်းတွင် စက်သုံးဆီရရှိမှုခက်ခဲလာခြင်းနှင့် စုံ၊မ ရက်ခွဲစနစ်ကြောင့် ရုံးဝန်ထမ်းများအပါအဝင် ယာဉ်မောင်းများအနေဖြင့် ခရီးစဉ်များ စီစဉ်ရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း ယာဉ်မောင်းများက ပြောဆိုကြသည်။

    ပြီးခဲ့သည့် မတ် ၃ ရက်နေ့တွင် စက်သုံးဆီကို ချွေတာသုံးစွဲနိုင်ရန် ရည်ရွယ်၍ မတ် ၇ ရက်မှစတင်ကာ ပုဂ္ဂလိကပိုင်ယာဉ်များအား စုံ၊မ ရက်ခွဲစနစ်ဖြင့် မောင်းနှင်ရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးကြေညာခဲ့သည်။

    ထို့နောက် မတ်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့အတွင်း ပညာပေးကာလအဖြစ် သတ်မှတ်ထားစဉ် ပညာပေးရေးအစီအစဉ်များ မရှိသလောက်နည်းပါးနေသဖြင့် ယာဉ်စီးနင်းအသုံးပြုသူ ဒေသခံပြည်သူများ အဆိုပါစနစ်ကို ယနေ့အထိ နားလည်သဘောပေါက်ရန် ခက်ခဲနေသည်ဟုလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks