Tuesday, March 17, 2026
More
    spot_img
    Homeသတင်းစစ်ပွဲရပ်ပြီး ဆွေးနွေးအဖြေရှာကြရန် TNLA နှင့် MNDAA ကို တအာင်းအရပ်ဖက်အဖွဲ့များ တောင်းဆို

    စစ်ပွဲရပ်ပြီး ဆွေးနွေးအဖြေရှာကြရန် TNLA နှင့် MNDAA ကို တအာင်းအရပ်ဖက်အဖွဲ့များ တောင်းဆို

    -

    သျှမ်းမြောက်တွင် ဖြစ်ပွားနေသော တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ချက်ခြင်းရပ်တန့်ပြီး စားပွဲဝိုင်းပေါ်တွင် ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းဖြင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းကြရန် တအာင်းအရပ်ဖက်အဖွဲ့အစည်း (၆) ဖွဲ့က တောင်းဆိုသည်။

    ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကွတ်ခိုင်မြို့၊ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် MNDAA တပ်ဆင်ထားသည့် CCTV များကို TNLA တပ်ဘက်က လိုက်လံဖြုတ်သိမ်းရာမှ နှစ်ဖက်တပ်ဖွဲ့ကြား ပြဿနာစတင်ဖြစ်ပွားခဲ့ပြီး နှစ်ဖက် တိုက်ပွဲဖြစ်ပွားသည့်အထိ အခြေအနေတင်းမာလာခဲ့သည်။

    လက်ရှိတွင် ကွတ်ခိုင်မြို့ရှိ TNLA တပ်ဖွဲ့၏ ဗျူဟာကုန်းကို MNDAA က ဝင်ရောက်ထိန်းချုပ်လိုက်ပြီးနောက် ကွတ်ခိုင်မြို့မှ တအာင်းတပ်ဖွဲ့များ ဆုတ်ခွာပေးထားရသည်။

    နှစ်ဖက်တိုက်ပွဲသည် ကွတ်ခိုင်မြို့တွင်သာမက နမ့်ခမ်း၊ နမ့်ဖက်ကာ စသည့်ဒေသများတွင်လည်း ဆက်လက်ဖြစ်ပွားလာနေကြောင်း တအာင်း(ပလောင်) အမျိုးသားပါတီ (TNP) မှ ဦးအိုက်မုန်းက IMNA ကို ပြောသည်။

    “နမ့်ခမ်းနဲ့ နမ့်ဖက်ကာ ၁၂ မိုင်၊ ၁၃ မိုင်ဝန်းကျင်မှာ မိုက်ခရိုတာဝါမှာ အခု အကြီးအကျယ် ချနေတယ်။ အဲဒီလို ဖြစ်ကြတယ်။ ပလောင်ရွာဖြစ်တဲ့ မန်အောင်ရွာတို့၊ နောက်ပြီးတော့ ပန်ဆေး၊ ပန်မိုင်ရွာတို့ ပန်မောင်းရွာတို့မှာလည်း တိုက်ပွဲတွေ ဖြစ်နေတာ” ဟု ပြောသည်။

    TNLA နှင့် MNDAA ကြား တိုက်ပွဲသည် မြန်မာပြည်ကို လွှမ်းမိုးချုပ်ကိုင်လိုသည့် တရုတ်၏ မီးစိမ်းပြမှုကြောင့်ဟု သျှမ်းမြောက်မှ နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

    “ဒါကတော့ ထူးထွေပြောစရာတောင် မလိုတော့ပါဘူး။ တရုတ်ရဲ့ စီမံချက်အတိုင်း သွားနေတာပါ။ ဗမာပြည်ကို လွှမ်းမိုးချုပ်ကိုင်ဖို့ လူတွေက တည့်တည်တာ မပြောကြတာ ကျနော်တို့က စိမ်မချမ်းသာတဲ့ဟာတွေ များပါပြီ။ ကြာပါပြီ။ ဗမာပြည်သိမ်းပိုက်ရေးအတွက် သူတို့ (တရုတ်) လုပ်နေတာပါ၊ လုပ်နေတော့ သူတို့ရဲ့ အကြောင်းပြချက် အမျိုးမျိုး ရှာပြီးတော့ ပြဿနာဖြစ်နေတဲ့ကြားကနေပြီးတော့ အမြတ်ထုတ်တာပေါ့၊ တကယ်လို့သာ ကိုးကန့်ကို တရုတ်က မင်းတွယ်တော့ ဆိုပြီး မီးစိမ်းမပြရင် ဘယ်လုပ်မှာတုန်း၊ လုပ်မှာ မဟုတ်ဘူးလေ” ဟု ၎င်းက ပြောသည်။

    ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA ထိန်းချုပ်ခဲ့သည့် ကွတ်ခိုင်မြို့ကို တရုတ်နှင့် ပို၍နီးစပ်သည့် ကိုးကန့်တပ်ဖွဲ့အား ထားရှိလို၍ ခွင့်ပြုခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

    ကွတ်ခိုင်မြို့သည် ပြည်ထောင်စုအဝေးပြေးလမ်းမကြီးပေါ်တွင် တည်ရှိခြင်း၊ မဟာဗျူဟာကျသောနေရာတွင် တည်ရှိခြင်း၊ အလားတူ နမ့်ဖက်ကာသည်လည်း ဗျူဟာအရအရေးပါပြီး နမ့်ဖက်ကာမှတဆင့် နမ့်ခမ်းမြို့အား စိုးမိုး၍ ရကြောင်း၊ ထိုနေရာအား MNDAA က စိုးမိုးနိုင်ရေး လုပ်ဆောင်ခြင်းဟု နိုင်ငံရေးသုံးသပ်သူများက ပြောသည်။

    တအာင်း(ပလောင်) အမျိုးသားပါတီ (TNP) မှ ဦးအိုက်မုန်းကလည်း တရုတ်ကြောင့် မဟာမိတ်ဖြစ်သည့် TNLA နှင့် MNDAA အကြား ပဋိပက္ခကြီးထွားလာရခြင်းဖြစ်သည်ဟု ဆိုသည်။

    စစ်ရေးပဋိပက္ခမှတစ်ဆင့် လူမျိုးရေးပဋိပက္ခ ဦးတည်သည့် လုပ်ရပ်များကို ချက်ခြင်းရပ်တန့်ပြီး အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးကိုသာ ဦးတည်ပေးကြရန်လည်း အရပ်ဖက်လူမှုအဖွဲ့အစည်းတို့က တောင်းဆိုထားသည်။

    သျှမ်းမြောက်တွင် ဖြစ်ပွားနေသည့် TNLA နှင့် MNDAA တို့အကြား တိုက်ပွဲများကို တွေ့ဆုံညှိနှိုင်းမှုဖြင့် ဖြေရှင်းလိုကြောင့် နှစ်ဖက်အဖွဲ့က အသီးသီး ထုတ်ပြန်ထားသော်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။

    အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နှင့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်‌ပေါင်းစု(SRA) တို့ကလည်း တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာကြဖို့ TNLA နှင့် MNDAA အဖွဲ့ကို တောင်းဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks