Tuesday, March 17, 2026
More
    spot_img
    Homeသတင်းမြိတ်-ထားဝယ်ကားလမ်းပိုင်းတွင် တစ်လကျော်ကြာ ပိတ်မိနေသည့်ယာဉ်များ ထွက်မရသေး

    မြိတ်-ထားဝယ်ကားလမ်းပိုင်းတွင် တစ်လကျော်ကြာ ပိတ်မိနေသည့်ယာဉ်များ ထွက်မရသေး

    -

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ  ပိတ်မိနေသည့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များ သရက်ချောင်းမြို့နယ်၊ ဝင်းဝရဲတပ်စခန်းတစ်ဝိုက် ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် တစ်လကျော်ကြာသည်အထိ ထွက်မရသေးဘဲ ပိတ်မိနေဆဲဖြစ်ကြောင်း ဒေသခံနှင့် တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

     မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ ဝင်းဝရဲစခန်းကို သိမ်းပိုက်ရရှိစေရေး တော်လှန်ရေးပူးပေါင်းတပ်များက ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ တိုက်ပွဲဖော်ဆောင်နေပြီး စစ်ကော်မရှင်ဘက်မှလည်း စစ်ကူများပို့ဆောင်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေသဖြင့် ပလောက်မြို့အနီးရှိ ဆင်ထိုးကျေးရွာတွင် တစ်နေရာ၊ သရက်ချောင်းမြို့အနီးရှိ ပိတိုင်ကျေးရွာအကြားတွင်တစ်နေရာ ယာဉ်များပိတ်မိနေကြသည်။

    လမ်းပိုင်းပေါ်တွင် မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်များ မရှင်းလင်းနိုင်သေးအဖြင့် ယာဉ်များ ယနေ့အထိ ပိတ်မိနေသည်ဟု သရက်ချောင်းဒေသခံတစ်ဦးက ပြောသည်။

    ပုံ-Aung ThawSan

    “ပလောက်ဘက်က ဆင်ထိုးမှာတော့ ကားတွေ တန်းစီနေကြဆဲပါ။ သရက်ချောင်းဘက်က ကျွဲဇပ်မှာလည်း ကုန်တင်ကားတွေ တန်းစီနေကြဆဲ။ သွားလို့မရသေးဘူး။ ဖေဖော်ဝါရီလ ၈ ရက်နေ့က စပိတ်တာဆိုတော့ ဒီနေ့ဆိုရင် ရက်ပေါင်း ၃၀ ကျော်နေပြီ။ လမ်းကတော့ ဘယ်သူမှပိတ်တာ မဟုတ်ဘူး။ ဒါပေမဲ့ ကားလမ်းတွေမှာ မိုင်းတွေ ထောင်ထားလို့ သွားမရကြတာ” ဟု သရက်ချောင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

    မြိတ်-ထားဝယ်ကားလမ်းပိုင်းပေါ်ရှိ ဝင်းဝရဲစခန်းကို မတ်လ ၁၁ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်း တပ်တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော်လည်း တိုက်ပွဲမှ ထွက်ပြေးသွားသည့် စစ်ကော်မရှင်တပ်သားများကို လိုက်လံရှင်းလင်းနေသဖြင့် တိုက်ပွဲငယ်များနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသည်။

    ပိတ်ဆို့ထားသည့် လမ်းပိုင်းနှင့် ဖြတ်တောက်ထားသည့် ဖုန်းလိုင်းများကို နယ်မြေရှင်လင်းရေး လုပ်ဆောင်မှုအပြီးတွင် ပြန်လည်အဆင်ပြေစေရေး အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးမည်ဟု တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် ဂျိုကာက IMNA  သို့ ပြောကြားသည်။

    “ တိုက်ပွဲဖြစ်နေတာက ဝင်းဝစခန်းကနေထွက်ပြေးနေတဲ့ စစ်ကော်မရှင် တပ်သားတွေကို လိုက်လံ ရှင်းလင်းနေတယ်။ ရှင်းပြီးတာနဲ့ လမ်းတွေ၊ အင်တာနက်တွေ ဖွင့်ပေးဖို့အစီအစဉ်ရှိပါတယ် ဒါပေမဲ့ စစ်ရေးအခြေအနေအရပဲ လမ်းတွေ ပိတ်ထားရတယ် အင်တာနက်ကို ဖြတ်တောက်ထားတယ်ပေါ့နော် ကျ‌နော်တို့နယ်‌မြေရှင်းလင်းရေးလုပ်ပြီးတာနဲ့ အမြန်ဆုံးစီစဉ်ပေးမှာပါ ” ဟု ရဲဘော်ဂျိုကာက ဆက်ပြောသည်။

    လက်ရှိတွင် လုံခြုံရေးအခြေအနေအရ မြိတ်-ထားဝယ် ကုန်းလမ်းပိုင်းအပြင်း ရေလမ်းကိုပိတ်ထားရပြီး မနက်ဖြန် မတ်လ ၁၇ ရက်နေ့တွင် ရေလမ်းပိုင်း ပြန်လည်ဖွင့်လှစ်ရန်ရှိကြောင်းလည်း လမ်းပိုင်အခြေအနေသိရှိသူတစ်ဦးမှ စုံစမ်းသိရှိရသည်။

    တနင်္သာရီတိုင်းဒေသကြီးအတွင်း လက်ရှိဖြစ်ပွားနေသည့် လမ်းပိတ်မှုဖြစ်စဉ်သည် အရှည်ကြာဆုံးဖြစ်ပြီး မိဘပြည်သူများ မလိုအပ်ဘဲ ခရီးသွားလာခြင်းမပြုကြရန်လည်း လမ်းပိုင်းသိကျွမ်းသူများက တိုက်တွန်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks