တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ရှိ KNLA နှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ရရှိထားသည့် ဝင်းဝတပ်စခန်းအနီးတဝိုက် ယနေ့အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်မှ ဗုံးကြဲချတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်ဟု မြေပြင် တော်လှန်ရေးအရင်းမြစ်များမှ သိရသည်။
မြိတ်-ထားဝယ် အမှတ်(၈) လမ်းမကြီးပေါ်ရှိ မင်းဒပ်ကျေးရွာအတွင်း နှစ်ပေါင်း(၃၀)ကျော် တပ်စွဲထားသော ဝင်းဝတပ်စခန်းကို မတ်လ ၁၁ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ အပြီးအပိုင်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့သည်။
စခန်းသိမ်းရက်မှစ၍ တပ်စခန်းအနီးရှိ ကျေးရွာတဝိုက်တွင် စစ်ကော်မရှင်စစ်ကြောင်းအဖွဲ့များ ဝင်ရောက်လာနေဆဲဖြစ်သဖြင့် တိုက်ပွဲဆက်လက် ဖြစ်ပွားနေသည်ဟု မြေပြင်ရှိ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။
“ တိုက်ပွဲတွေကရှိနေတုန်းပဲ ကြမ်းလဲကြမ်းတယ်။ ဖြစ်နေတာကတော့ နေရာစုံပဲ လေယာဉ်နဲ့လဲ ဗုံးဆက်ကြဲနေတယ် ရေတပ်ဘက်ကနေလဲ လှမ်းပစ်နေတုန်းပဲ အခြေအနေကတော့ ဆက်လက်ပြင်းထန်နေတုန်းပဲခင်ဗျာ” ဟု ၎င်းက ပြောသည်။
စခန်းသိမ်းတိုက်ပွဲကာလတစ်လျှောက်တွင်လည်း စစ်ကော်မရှင်အဖွဲ့မှ ဝင်းဝစခန်းအနီးတဝိုက်ရှိ ကျေးရွာများတွင် လေယာဉ်ဖြင့် နေ့စဉ် ဗုံးဆက်တိုက်ကြဲခြင်း၊ ရေတပ်မှ လက်နက်ကြီးဖြင့် ပစ်ကူပေးလျှက်ရှိသည်။
ပြီးခဲ့သည့် မတ်လ ၁၁ရက်နေ့ ညပိုင်းကလည်း စစ်ကော်မရှင်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးများ စုံစင်ကျေးရွာအတွင်းရှိ နေအိမ်အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
လက်ရှိတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ဝင်းဝတပ်စခန်းကို သိမ်းယူနိုင်ပြီးဖြစ်သဖြင့် မြိတ်-ထားဝယ် လမ်းပိုင်းကို ထိန်းချုပ်သွားမည်ဟု KNU တပ်မဟာ ၄ မှ ဗဒိုစောအယ်နားက IMNA သို့ပြောသည်။

“ကားလမ်းတစ်လျှောက်ကျတော့ အဲ့အနီးအနားတစ်ဝိုက်ကိုသူတို့ထိန်းချုပ်ထားတာပေါ့ အဲ့ဒီပလောက်နဲ့ သရက်ချောင်းမြို့အကြားမှာတော့ KNLA တပ်မဟာ ၄ နဲ့ ၆ တော်လှန်ရေးအင်အားစုလက်အောက်မှာလုံးဝ ထိန်းချုပ်ထားတာပေါ့နော်” KNU တပ်မဟာ ၄ မှ ဗဒိုစောအယ်နားက ပြောသည်။
သို့သော် မည်သို့ထိန်းချုပ်ပြီး ဒေသခံပြည်သူများအတွက် လမ်းပိုင်းလုံခြုရေးအတွက် မည်သို့ဆောင်ရွက်သွားမည်ကို ပြောဆိုထားခြင်းမရှိပေ။
အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး၏ မြိတ်-ထားဝယ်လမ်းပိုင်းကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှ ယနေ့အထိ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားဆဲဖြစ်သည့်အပြင် ဖုန်းလိုင်းလည်း ဖြတ်တောက်ခံထားရသဖြင့် မြေပြင်သတင်းအချက်အလက်ပြတ်တောက်လျှက်ရှိပြီး အကူအညီပေးသူများ မရောက်ရှိနိုင်ကြောင်းလည်း စစ်ရှောင်ဒေသခံများမှ သိရသည်။
စခန်းသိမ်းတိုက်ပွဲကာလအတွင်း စစ်ကော်မရှင်အဖွဲ့မှ လေကြောင်းတိုက်ခိုက်မှု၊ ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူများ သေဆုံးခြင်းနှင့် ဒဏ်ရာရရှိသူများသလို လူနေအိမ်နှင့် ဘာသာရေးအဆောက်အအုံ ထိခိုက်ပျက်စီးမှုများလည်း ရှိသည်။
စခန်းသိမ်းတိုက်ပွဲကြောင့် တစ်လကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့သည့် သရက်ချောင်းမြို့နယ်တွင် ဖေဖော်ဝါရီပထမအပတ်ကစ၍ ကျေးရွာ (၂၀) ရွာမှ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုလည်း သိရသည်။



