Friday, March 13, 2026
More
    spot_img
    Homeသတင်းမွန်ပြည်တော်လှန်ရေးပဋိညာဉ် ရေးဆွဲစဉ်ကာလအတွင်း စစ်ရေးပူးပေါင်းမှု မြှင့်တင်သွားမည်

    မွန်ပြည်တော်လှန်ရေးပဋိညာဉ် ရေးဆွဲစဉ်ကာလအတွင်း စစ်ရေးပူးပေါင်းမှု မြှင့်တင်သွားမည်

    -

    မွန်တော်လှန်ရေးအဖွဲ့အစည်းများအကြား တော်လှန်ရေးကာလအတွင်း နိုင်ငံရေး၊စစ်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရန် မွန်ပြည်တော်လှန်ရေးပဋိညာဉ် (Mon State Revolutionary Charter) ကို ရေးဆွဲသွားမည်ဖြစ်ပြီး၊ ယင်းပဋိညာဉ်ရေးဆွဲနေစဉ်ကာလ၌ စစ်ရေးဆိုင်ရာ ပူးပေါင်း ညှိနှိုင်းမှုများကို အလေးပေးသွားမည်ဖြစ်ကြောင်း မွန်တော်လှန်ရေးဖိုရမ်မှ ပြောရေးဆိုခွင့်ရှိသူက IMNA သို့ပြောကြားသည်။

    ၂၀၂၆ ခုနှစ် မတ်လ ၉ ရက်နေ့မှ မတ်လ ၁၁ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပခဲ့သည့် မွန်တော်လှန်ရေးဖိုရမ်တွင် တော်လှန်ရေးအဖွဲ့အစည်းများအကြား ဘုံသဘောထားရပ်တည်ချက်များကို ချမှတ်နိုင်ခဲ့ပြီး၊ ယင်းရပ်တည်ချက်များအပေါ် အခြေခံ၍ “မွန်ပြည်တော်လှန်ရေးပဋိညာဉ်” ကို ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

    မွန်ပြည်တော်လှန်ရေးပဋိညာဉ်ကို ရေးဆွဲနေစဉ် တော်လှန်ရေးအဖွဲ့အစည်းများအကြား စစ်ရေး၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ညှိနှိုင်းပူးပေါင်းနိုင်ရန်အတွက် “မွန်တော်လှန်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့”တစ်ခုကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး ယင်းအလုပ်အဖွဲ့မှတစ်ဆင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုထိရောက်စွာ ဆောင်ရွက်သွားမည်ဟု ဆိုသည်။

    ပုံ-Ramaonya Column(ပုံဟောင်း)

    မွန်တော်လှန်ရေးဖိုရမ်မှ ပြောရေးဆိုခွင့်ရှိသူ မိရော့ချမ်း က “ ဖိုရမ်ကနေတစ်ဆင့် ကျမတို့ဟာ မွန်ပြည်တော်လှန်ရေးပဋိညာဉ်ကို ရေးဆွဲနေစဉ်ကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေကြား အဓိကအားဖြင့် မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး နဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီတို့အကြား တော်လှန်ရေးနဲ့ သက်ဆိုင်တဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆုံးဖြတ်ချမှတ်ထားတာတွေ ရှိပါတယ်။ ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်လည်း မွန်တော်လှန်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့ကို ဖွဲ့စည်းထားပါတယ်” ဟု ပြောသည်။

    စစ်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး တော်လှန်ရေးအဖွဲ့အစည်းများအကြား စစ်ရေးဆိုင်ရာ ညှိနှိုင်းမှုယန္တရားများကိုလည်း တည်ဆောက်သွားရန်ရှိပြီး ယင်းမှတစ်ဆင့် စစ်အာဏာရှင်တပ်ဖွဲ့များကို ပိုမိုထိရောက်စွာ တိုက်ဖျက်နိုင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။

    (၃) တာ ကျင်းပခဲ့သည့် မွန်တော်လှန်ရေးဖိုရမ်အတွင်း တက်ရောက်သူများက မွန်တော်လှန်ရေးတပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို တင်ပြဆွေးနွေးအကြံပြုခဲ့ကြပြီး အဆိုပါအကြံပြုချက်များကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ထပ်မံညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

    “ဖိုရမ်မှာ စစ်ရေးနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကိုလည်း အများကြီး ဆွေးနွေးဖြစ်ခဲ့ပါတယ်။ အဓိကအားဖြင့် လက်ရှိတိုက်ပွဲအခြေအနေတွေကို သုံးသပ်ခဲ့ပြီး တပ်ရေးတပ်ရာနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေ၊ ကျွန်မတို့ လက်ရှိ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေအပေါ်လည်း ဆွေးနွေးခဲ့ကြပါတယ်။ ဘယ်လိုရှေ့ဆက် လုပ်ဆောင်သွားမလဲဆိုတာကိုလည်း ဖိုရမ်တက်ရောက်သူတွေက အကြံပြုချက်တွေ ပေးထားပါတယ်။ အဲဒီအကြံပြုချက်တွေကို ကျွန်မတို့ဘက်က ပြန်လည်သုံးသပ်ပြီး အကောင်အထည်ဖော်သွားဖို့ ရှိပါတယ်” ဟု မိရော့ချမ်းက ဆက်ဆိုထားသည်။

    မွန်တော်လှန်ရေးဖိုရမ်တွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွင်း မွန်ပြည်တည်ဆောက်ရေးကို တော်လှန်ရေး၏ အဓိကပန်းတိုင်အဖြစ် သတ်မှတ်ထားပြီး စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ်များအားလုံးကို တိုက်ဖျက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

    မွန်တော်လှန်ရေးဖိုရမ်သို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP/AD)၊ ပြည်ပရောက် မွန်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (OMCC)၊ မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ (MSCC)၊ မွန်အရပ်ဘက်အဖွဲ့အစည်းများ၊ သံဃာတော်များနှင့် လေ့လာသူများအပါအဝင် ကိုယ်စားလှယ်စုစုပေါင်း ၇၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks