Tuesday, March 10, 2026
More
    spot_img
    Homeဆောင်းပါးနိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းနောက်ကွယ်က စစ်တပ်၏ ရည်ရွယ်ချက်

    နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းနောက်ကွယ်က စစ်တပ်၏ ရည်ရွယ်ချက်

    -

    အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် မကြာခဏ ပေးလေ့ရှိသော်လည်း နိုင်ငံရေးအကျဉ်းသား ပါဝင်မှု အလွန်နည်းခဲ့သည်။ အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းသည် ထူးဆန်းသည့် ကိစ္စရပ်မဟုတ်ပေ။

    သို့သော်လည်း ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့က စစ်ကော်မရှင်တပ်၏ အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်သည် ထူးဆန်းသည်။ အကြောင်းကာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အကျဉ်းသားများထဲတွင် နိုင်ငံရေးအကျဉ်းသား ၇၀၀၀ ကျော် ပါဝင်ပြီး လွတ်ငြိမ်းချမ်းသားခွင့်ပေးသည့် အကြိမ်များထဲတွင် ယခုတစ်ကြိမ်သည် နိုင်ငံရေးအကျဉ်းသား ပါဝင်မှု အများဆုံးဖြစ်သည်။

    ထောင်နှင့်ချီသည့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းသည် စစ်ကော်မရှင်၏ စေတနာအမှန်လား သို့မဟုတ်ပဲ ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးထွက်ပေါက် ရှာခြင်လားဆိုပြီး နိုင်ငံရေးလေ့လာသူများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူတို့အကြား မေးခွန်းထုတ်စရာ ဖြစ်နေသည်။

    မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကတော့ စစ်ကော်မရှင်တပ်က ထောင်နှင့်ချီသည့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးလာခြင်းသည် လာမည့်လွှတ်တော်သစ်၊ အစိုးရသစ်ဖွဲ့စည်းမှုနှင့် ဆက်စပ်နိုင်သည်ဟု ဆိုသည်။

    “နိုင်ငံရေးအရ အပြောင်းအလဲကြောင့်မို့လို့ ထင်တယ်။ စစ်ကော်မရှင်ဘက်ကတော့ ရည်ရွယ်ချက် တစ်ခုခုမရှိဘဲနဲ့တော့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးမယ်လို့ မမြင်မိပါဘူး။ ဒီ ၂၀၂၅ မကုန်ခင် နိုဝင်ဘာ ၂၆၊ ၂၇ မှာလည်း လွတ်ငြိမ်းရှိတယ်။ ဒီဇင် ဘာ ၁ ရက်နေ့မှာဆိုလည်း လွှတ်ပေးတာရှိတယ်။ အဲ့တာပြီးတဲ့နောက်ပိုင်းမှာ ရွေးကောက်ပွဲလုပ်မယ့် ရည်ရွယ်ချက်တွေမလို့ လွှတ်ပေးတာ တွေ့ရတယ်။ အခုဆိုရင်လည်း လွှတ်တော်ခေါ်ခါနီးမှာ လူဦးရေများများရဖို့ လွှတ်ပေးတာမျိုးလို့ ကျွန်တော်အနေနဲ့ သုံးသပ်မိပါတယ်” ဟု PPNM မှ ကိုသိုက်ထွန်းဦးက ပြောသည်။

    နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးသည်ဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်အပါအဝင် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသူများ မပါဝင်ပဲ ပြစ်ဒဏ်နည်းသည့် သူများသာ ပါဝင်သည်ဟုလည်း ဆိုသည်။

    “အကြမ်းဖက်အဖွဲ့ကို ထောက်ပံ့တာ၊ သတင်းပေးတာ၊ ကူညီတာလို့ ခေါင်းစဉ်တပ်ပြီး အဲ့လိုပုဒ်မနဲ့ ပြစ်မှု ချမှတ်ထားတဲ့ သူတွေကို လွှတ်ပေးတာများတယ်။ ဒါပေမဲ့ အဲ့လိုအမှုတွေထဲက လွတ်ဖို့နာမည်ပါပြီး တာတောင်မှ ပြန်မလွှတ်ပေးပဲ ထောင်ထဲမှာ ထပ်ထည့်ထားတာလည်း ရှိတယ်လို့ ကျွန်တော်တို့ကြား နေရတယ်”ဟု ကိုသိုက်ထွန်းဦးက ဆက်ပြောသည်။

    တဘက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် အဓမ္မဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသားများအားလုံး လွှတ်ပေးရန် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂအဖွဲ့အစည်းများနှင့် အာဆီယံနိုင်ငံတို့က တောင်းဆိုနေကြသည်။

    စစ်ကော်မရှင်က နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းဖြင့် နိုင်ငံတကာနှင့် အာဆီယံ၏ ထောက်ခံမှု ရရှိရန်၊ အသိအမှတ်ပြုမှု ရရှိရန် ကြိုးပမ်းလာခြင်း ဖြစ်သည်ဟု မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း ဒါရိုက်တာ နိုင်အဲမွန်က ပြောသည်။

    “အချို့လွှတ်သင့်တဲ့ နိုင်ရေးအကျဉ်းသားတွေ အများကြီးရှိတယ်။ ရှေ့ဦးဆောင်သွားတဲ့သူတွေ အပြင် ပြန်ရောက်မှာ သူတို့အရမ်းကြောက်တယ်။ အဲ့လိုလူတွေ သူတို့ မလွှတ်ပေးဘူး။ အကျဉ်းချုပ်ပြောရရင် သူတို့နာမည်ကောင်းတစ်ခုရဖို့ကြိးစားနေတာ၊ ပြီးတော့ မြန်မာပြည်သူတွေရော၊ နိုင်ငံတကာနဲ့ အာဆီယံ ဆီက ထောက်ခံမှုတွေလိုချင်တယ်။ ဒါကြောင့် ဒီလိုမျိုးလုပ်ဆောင်နေတာ၊ နိုင်ငံရေးအရ ကြည့်ရင် အာဏာသိမ်းလာတာ ၅ နှစ်ရှိပြီး။ ရွေးကောက်ပွဲအတုအယောင်လုပ်တယ်။ ပြည်သူတွေရော နိုင်ငံတကာ ကရော သဘောမတူဘူး။ သူလုပ်တာကို သူ့ကိုအသိအမှတ်ပြုစေချင်တယ်။ ဒါမဲ့ဘာမှမထူးလာဘူး”ဟု ၎င်းက ပြောသည်။

    နိုင်ငံတကာတွင် အကြီးအကျယ် အပယ်ခံနေရသည့် စစ်ကော်မရှင်က နိုင်ငံရေးအကျဉ်းသားများကို ဓားစာခံသဖွယ် အသုံးချတတ်သည်။ အကျဉ်းသားများကို လွှတ်ပေးခြင်းဖြင့် နိုင်ငံတကာ၏ ဖယ်ကျဉ်မှုကို အဆုံးသတ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

    နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးကလည်း စစ်ကော်မရှပ်၏ လုပ်ရပ်သည် နာမည်ကောင်းရအောင် နိုင်ငံတကာက အကောင်းမြင်အောင် လုပ်ဆောင်နေခြင်းသာဖြစ်သည်ဟု ဆိုသည်။

    “ကျနော်တို့လည်း ထောင်ထဲမှာ နေခဲ့ဖူးတယ်လေ။ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးတယ်ဆိုတာက လူတွေကို လှည့်စားထားတာ။ လှည့်စားတယ်ဆိုတာက ခိုးမှုတို့၊ လောင်းကစားတို့၊ ညမထွက်ရ အမိန့်ချိုးဖောက်တာတို့၊ မူးယစ်ယမ်းကားတို့ အဲ့လိုလူတွေကို လွှတ်ပေးတာ၊ အဲ့လိုလူတွေကလည်း ၃ လ၊ ၆ လလောက်ပဲ ထောင်ကျတာလေ။ အဲ့လိုလူတွေကို လွတ်ငြိမ်းချမ်းသာခွင့်လို့ ခေါင်းစဉ်တပ်ပြီး လွှတ်ပေးတာ။ နာမည်ကောင်းရအောင် နိုင်ငံတကာက အကောင်းမြင်အောင် လုပ်နေတယ်လို့ပဲ မြင်တယ်” ဟု ၎င်းက ပြောသည်။

    နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ စစ်တပ်အာဏာသိမ်း ဖြစ်စဉ်နှင့် ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၃၀,၅၄၃ ဦးရှိခဲ့ပြီး ၎င်းတို့အနက် ၂၂,၇၇၂ ဦးသည် ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ကျန် ၁၁,၅၃၆ ဦးသည် ထောင်ဒဏ် ချမှတ်ခံထားရသည်။

    နိုင်ငံရေး အကျဉ်းသားများ ပြန်လည်လွတ်မြောက်လာခြင်းသည် မိသားစုများအတွက် အစားထိုးမရသည့် ပျော်ရွှင်မှုဖြစ်သော်လည်း နိုင်ငံရေးအရ ကြည့်လျှင် စစ်ကော်မရှင်က စနစ်တကျ ခင်းကျင်းထားသည့် အခင်းအကျဉ်းတစ်ခုသာ ဖြစ်နိုင်ပြီး စောင့်ကြည့်ရမည့်အခြေအနေပင် ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks