Sunday, March 29, 2026
More
    spot_img
    Homeသတင်းဝင်းကံနှင့် ခရွဲကျေးရွာအုပ်စုမှ စစ်ကော်မရှင်တပ်များ ပြန်လည်ထွက်ခွာ

    ဝင်းကံနှင့် ခရွဲကျေးရွာအုပ်စုမှ စစ်ကော်မရှင်တပ်များ ပြန်လည်ထွက်ခွာ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အနီးရှိ ဝင်းကံနှင့် ခရွဲကျေးရွာအုပ်စုတွင် ဝင်ရောက်တပ်စွဲထားသည့် စစ်ကော်မရှင်တပ်များ သိမ်ဇရပ်မြို့သို့ ယခုမတ်လဆန်းရက်တွင် ပြန်လည်ထွက်ခွာသွားကြောင်း  ဒေသတွင်း သတင်းအရင်းမြစ်နှင့် တော်လှန်ရေးအင်အားစုများက ပြောသည်။

    အင်အား ၃၀၀ ခန့်ရှိသည့် စစ်ကော်မရှင်စစ်ကြောင်းက ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းတွင် သိမ်ဇရပ်မြို့မှ ဝင်းကံနှင့် ခရွဲကျေးရွာအုပ်စုဘက်သို့ ဝင်ရောက်လာသည့်အတွက် ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးပူးပေါင်းတပ်နှင့် တိုက်ပွဲပြင်းထန်ခဲ့သည့်အပြင် စစ်ကော်မရှင်ဘက်မှ ကျေးရွာအတွင်း လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဆုတ်ခွာခဲ့ရသည်။

    ထို့ကြောင့် ဝင်းကံကျေးရွာအုပ်စုနှင့် ခရွဲကျေးရွာအုပ်စုရှိ ကျေးရွာများတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက တပ်စွဲအခြေချလာခဲ့ပြီး စစ်ရှောင်နေအိမ်အချို့ကိုလည်း မွှေနှောက်၊ မီးရှို့ ဖျက်ဆီးခဲ့သေးသည်။

    ယခု မတ်လဆန်းရက်တွင် စစ်ကော်မရှင်စစ်ကြောင်းက ကျေးရွာများမှ စတင်ထွက်ခွာခဲ့ပြီး မတ်လ ၄ ရက်နေ့က ခရွဲကျေးရွာမှ သိမ်ဇရပ်မြို့သို့ ထွက်ခွာလာသည့် ခမရ ၅၄၇ နည်းဗျူဟာမှူးနှင့် စကခ ၁၂ တပ်ကြပ် ၂ ဦးအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များ စီးနင်းလာသည့် မော်တော်ယာဉ်ကို ကျောက်ရေတွင်းကျေးရွာအနီးတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိခဲ့သည်ဟု ကျိုက်ထိုမြို့နယ် မြို့ပြစစ်ဆင်ရေးစစ်ကြောင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက IMNA သို့ ပြောသည်။

    “သူတို့က ၂ လပိုင်းကတည်းက အဲရွာတွေဘက်မှာ တပ်ဖြန့်နေရာယူထားတာ။ တပ်ဖြန့်ထားတဲ့ သူတို့စစ်ကြောင်းအားလုံးတော့ အခု သိမ်ဇရပ်ကို ပြန်ထွက်ခွာသွားကြပြီ။ မတ်လ ၄ ရက်နေ့တုန်းက သူတို့လူကြီးစီးလာတဲ့ကားကို ကျနော်တို့မိုင်းခွဲတိုက်ခိုက်ခဲ့တယ်။ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်။ သိမ်ဇရပ်ရောက်ပြီး ပြန်ထိုးလာမလားတော့ မသိဘူး။ အဲလိုအခြေအနေတော့ ရှိတယ်။ အသေးစိတ်ကိုတော့ ထုတ်ပြန်သွားမှာပါ” ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

    စစ်ကော်မရှင်အဖွဲ့များ ပြန်လည်ထွက်ခွာသွားသဖြင့် လက်ရှိတွင် တိမ်းရှောင်နေကြသည့် စစ်ရှောင်ပြည်သူအနည်းစု နေရပ်သို့ ပြန်လည်ဝင် ရောက်နေထိုင်လာကြပြီး အများစုတို့ ပြန်လည်ဝင်ရောက်ခြင်းမရှိသေးကြောင်း ကျိုက်ထိုမြို့နယ်မှ စစ်ဘေးရှောင်များကို အကူအညီပေးနေသူတစ်ဦးက ပြောသည်။

    “စစ်ရှောင်အများစုကတော့ ပြန်မဝင်ရဲသေးဘူး။ သူတို့အမျိုးအိမ်တွေ၊ ခြံတွေမှာပဲ နေနေကြတုန်းပါ။ ရွာသားတွေက စစ်ရေးအခြေအနေကိုပဲ အရင်စောင့်ကြည့်နေကြတာ။ တိုက်ပွဲပြန်ဖြစ်မှာကို စိုးရိမ်းလို့ ပြန်မဝင်ကြသေးတာပါ” ဟု အထက်ပါ စစ်ရှောင်အကူအညီပေးနေသူက ပြောသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းက ဝင်းကံကျေးရွာအုပ်စုနှင့် ခရွဲကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ဝင်းကံ၊ ခရွဲ၊ စစ်ကွင်း၊ မုက္ကမာ့၊ ကျောက်ရေတွင်း၊ အခိုင်ကျေးရွာအပါအဝင် ကျေးရွာ ၁၀ ရွာထက်မနည်းမှ အိမ်ခြေ (၂၉၃၉)၊ လူဦးရေး (၁၂၉၃၀) ဦးတို့  ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU မှ ထုတ်ပြန်ထားသည်။

    အဆိုပါ စစ်ဘေးရှောင်များ နေရာထိုင်ခင်း၊ စားနပ်ရိက္ခနှင့် ဆေးဝါးထောက်ပံ့မှုများ ယနေ့အထိ အရေးပေါ် လိုအပ်နေကြောင်းလည်း စစ်ဘေးရှောင် ကူညီနေသူများက ပြောသည်။

    ဝင်းကံကျေးရွာအုပ်စုနှင့် ခရွဲကျေးရွာအုပ်စုတွင် တော်လှန်ရေးလှုပ်ရှားမှု အားကောင်းသည့်ဒေသ ဖြစ်သည့်အတွက် နယ်မြေရှင်းလင်းရေးအတွက် စစ်ကော်မရှင်ဘက်က မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေယာဉ်ဖြင့်လည်း မကြာခဏ ဗုံးကြဲတိုက် ခိုက်ခံနေရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks