ပဲခူးတိုင်း၊ ညောင်လေးပင် (ခလယ်လွီထူ) ခရိုင်၊ ကျောင်ကြီး (လယ်ဒို) မြို့နယ် ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကော်မရှင်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့အရပ်သား ၃၀ ဦး သေဆုံးသည်ဟု KNU ဗဟိုက ထုတ်ပြန်သည်။
စစ်ကော်မရှင် ခမရ-၂၀၊ ခလရ-၂၆၄၊ ခမရ-၄၃၉ ပူးပေါင်းစစ်ကြောင်းတို့သည် မတ်လ ၅ ရက်နေ့က ကျောက်ကြီးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်းသို့ ဝင်ရောက်လာပြီး အပြစ်မဲ့အရပ်သားပြည်သူ ၁၆၀ ဦးခန့်ကို အကြောင်းမဲ့ ဖမ်းဆီးခဲ့သည်။
ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့အကြား မတ်လ ၇ ရက်နေ့တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဘက်က ဒရုန်း၊ ဂျက်ဖိုက်တာတို့ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ၎င်းတို့ ဖမ်းဆီးထားသော အပြစ်မဲ့အရပ်သား ပြည်သူ ၂၅ ဦးခန့် သေဆုံးပြီး ၅ ဦးကိုလည်း ၎င်းတို့က သတ်ဖြတ်ခဲ့သည်ဟု KNU က ဆိုသည်။
စစ်ကော်မရှင်တပ်သည် ၎င်းတို့ အာဏာတည်မြဲရေးအတွက် အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုများကို နိုင်ငံအနှံ့ ကျူးလွန်လျက်ရှိကြောင်း ရွေးကောက်ပွဲနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို စစ်တပ်က ပိုမိုကျူးလွန်နေသည်ဟု KNU က ထုတ်ပြန်ထားသည်။






