Monday, March 9, 2026
More
    spot_img
    Homeသတင်းKIA၊ AA တို့ကို ဗဟိုပြု၍ အနောက်မြောက်ဒေသ လွတ်မြောက်ရေး စုဖွဲ့မှု

    KIA၊ AA တို့ကို ဗဟိုပြု၍ အနောက်မြောက်ဒေသ လွတ်မြောက်ရေး စုဖွဲ့မှု

    -

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs)၊ တော်လှန်ရေးအင်အားစု အသီးသီးတို့၏ တော်လှန်တိုက်ခိုက်မှုကြောင့် အာဏာသိမ်းစစ်တပ်သည် နယ်မြေအများအပြားကို လက်လွှတ် ဆုံးရှုံးခဲ့ရသည်။

    အဆိုပါ လက်လွှတ်ဆုံးရှုံးခဲ့ရသော နယ်မြေအများအပြားကို အိမ်နီးချင်းအင်အားကြီး နိုင်ငံ၏ ဖိအားပေးမှုကြောင့် အချို့နယ်မြေအား ပြန်လည်လက်လွှတ်ခဲ့ရသော်လည်း နယ်မြေအချို့အား တော်လှန်ရေး အင်အားစုတို့ ထိန်းချုပ်ထားဆဲဖြစ်သော်လည်း အာဏာသိမ်း ၅ နှစ်ကျော်ကြာလာသည်အထိ စစ်အုပ်စုက ပြိုလဲဖွယ် မရှိသေးသည်ကို တွေ့ရသည်။

    ထိုကြောင့် စုဖွဲ့မှု ပုံစံအသစ်ဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်ရန် နည်းလမ်းအချို့အား နိုင်ငံရေးအင်အားစုတို့အကြား စဉ်းစားမှုများ ရှိလာနေသည်။

    ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်ကတော့ စစ်အုပ်စုကို တိုက်ခိုက်ရာတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ အာရက္ခတပ်တော် (AA) တို့သည် အားအကောင်းဆုံးပုံစံတွင် ရှိနေပြီး အဆိုပါ KIA၊ AA တို့အား ဗဟိုပြု၍ စုဖွဲ့မှုကို သွားသင့်ကြောင်း အကြံပြုသည်။

    နွေဦးတော်လှန်ရေးအင်အားစုတွင် တပ်ပေါင်းစုဖွဲ့စည်းရန် ခက်ခဲနေသည့်အချိန်တွင် KIA၊ AA တို့ကို ဗဟိုပြု၍ စုဖွဲ့မှုအသစ်ဖြင့် သွားပါက လမ်းကြောင်းအသစ် ပေါ်လာနိုင်ကြောင်း ဦးမျိုးကျော်က IMNA ကို ပြောသည်။

    “အဲဒီတော့ ရှေ့ဆက်ပြီး ဘယ်လိုသွားမလဲ ဆိုတော့ ဒီထဲမှာမှ အဓိက စုစည်းမှု အားကောင်းတယ်၊ တသွေးတသံတမိန့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေ ရှိတယ်။ သူတို့တွေကိုလည်း အားကိုးအားထား ပြုပြီးတော့ တချို့ အဲဒီမှာ သွားပြီး စုကြတယ်ပေါ့။ အကြမ်းဖျင်း ပြောရမယ်ဆိုရင် ကချင်တို့လို၊ ရခိုင် AA တို့လိုပေါ့။ ဆိုတော့ အဲဒါတွေကိုတော့ အထူးဂရုပြုပြီးတော့ အဲဒီဘက်မှာ ဘာခေါ်မလဲ နိုင်ငံ (သို့မဟုတ်) စုဖွဲ့မှု အသစ်တစ်ခုကို အဲဒီမှာ သွားလုပ်ရလိမ့်မယ်လို့တော့ ကျနော် အနေနဲ့ကတော့ ကျနော်ရဲ့ Personal အမြင် အဲဒါမျိုးတော့ မြင်တယ်။ အဲဒီ စုဖွဲ့မှု အသစ်နဲ့ ဘယ်လောက်အထိ အဲဒီဘက်မှာ စုစည်း ညီညွတ်နိုင်မလဲ အဲဒါမျိုး ဆိုရင်တော့ လမ်းကြောင်းသစ် တစ်ခုတော့ ပေါ်လာနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

    KIA သည် မြန်မာပြည်မြောက်ပိုင်းဒေသ၊ စစ်ကိုင်းတို့တွင် တော်လှန်ရေးအင်အားစုများဖြင့် ပူးပေါင်း၍ စစ်အုပ်စုအား တိုက်ခိုက်လျက်ရှိနေပြီး မြို့အများအပြားကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

    အလားတူ AA သည်လည်း ချင်းပြည်နယ် ပလက်ဝမြို့နယ် နှင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၄ ခုတို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

    နယ်မြေအရ တဆက်တစပ်တည်း ရှိနေသော ကချင်၊ စစ်ကိုင်း၊ ချင်း နှင့် ရခိုင် စသည့် ဧရာဝတီအနောက်ဘက်ခြမ်းဒေသများကို ချိတ်ဆက်၍ စစ်အုပ်စုအောက်မှ လွတ်မြောက်ရေး တော်လှန်ရေးအင်အားစုတို့က အမျိုးမျိုးပုံဖော်နေမှုများ ရှိနေသည်။

    KIA၊ AA၊ ချင်းတော်လှန်ရေးတပ်များနှင့်အတူ စစ်ကိုင်း၊ မကွေးတို့တွင်လည်း တော်လှန်ရေးအရှိ အားကောင်းနေဆဲဖြစ်ပြီး သျှမ်းမြောက်တွင် ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA) တို့ အပစ်ရပ်ကြသော်လည်း အနောက်မြောက်ဒေသတွင် စိုးမိုးနယ်မြေများ အားကောင်းနေဆဲဖြစ်ကြောင်း စစ်ဖက်ရေးရာဝေဖန်သုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

    “သျှမ်းပြည်ဘက်ကနေ စလို့ ကိုးကန့်နဲ့ တအာင်းတပ်တွေ အပစ်အခတ် ရပ်လိုက်ပေမယ့်လည်း အနောက်ဘက်ပိုင်းမှာက ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ခြမ်းမှာ ဆက်ပြီးတော့ ဒီ စိုးမိုးနယ်မြေတွေ အားကောင်းနေတုန်းပဲ ရှိနေတုန်းပဲ။ စစ်တပ် ဘယ်လိုမှ တိုက်စစ် နလန်မထူနိုင်ဘူးပေါ့နော်။ ဒါကလည်း ကျနော်တို့ ပြောရမယ်ဆိုရင်တော့ ဒီဘက်က ချင်း၊ ရခိုင်၊ ကချင်ပေါ့နော်၊ ဒီ တော်လှန်ရေး အင်အားစုတွေနဲ့ အခု နွေဦးတော်လှန်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဒါ ချိတ်ဆက်မှု၊ နားလည်မှု၊ အပေးအယူရှိမှု၊ ဒါတွေ သစ္စာရှိမှုတွေကြောင့်ပဲ အောင်မြင်တဲ့ အနေအထားမျိုးပေါ့နော်။ အဲဒီတော့ ဒါ ချိတ်ဆက်ပြီးသားပေါ့၊ ချိတ်ဆက်ပြီးသား ဒီ လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်လိုက်မယ်ဆိုရင်တော့ ဒါထက်ပိုပြီးတော့ လုံးဝလွတ်လပ် မြစ်အနောက်ဘက်ခြမ်း တစ်ခြမ်းလုံးသည် စစ်ကောင်စီ ကင်းစင်နယ်မြေမျိုးအထိ မျှော်မှန်းလို့ရတယ်လို့တော့ သုံးသပ်ရပါတယ်ခင်ဗျာ” ဟု ပြောသည်။

    လက်ရှိတွင် KIA/KIO သည် စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး တိုက်ပွဲဖော်ဆောင်နေသလို မိမိတို့၏ အိမ်ခြံဝင်း တံခါးပေါက်ဖြစ်သော စစ်ကိုင်းတွင် ရန်သူကို စောင့်ရမည်ဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးကောင်စီ (KIC) ဒုဥက္ကဋ္ဌ(၁) ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က ပြောထားသည်။

    အလားတူ စစ်ကိုင်းတိုင်းအတွင်းက လုံခြုံရေးအရ အရေးပါသည့် (က) သုံးလုံးဖြစ်သော ကောလင်း၊ ကသာ၊ ကန့်ဘလူ နယ်မြေတွေမှာ အခြေခံနယ်မြေရရှိရေး ရည်မှန်းချက်ထားရှိသည်ဟု ဗိုလ်ချုပ်ကြီးဂွမ်မော်က ပြောထားသည်။

    လက်ရှိတွင် AA ၏ ထိုးစစ်သည် ရခိုင်ပြည်နယ်တွင်သာမက ဧရာဝတီတိုင်း၊ မကွေးတိုင်းအထိ ရောက်ရှိနေပြီ ဖြစ်သလို KIA နှင့် ပူးပေါင်းအဖွဲ့တို့သည်လည်း စစ်ကိုင်းတိုင်းအတွင်းရှိ မြို့အများအပြားတွင် စစ်အုပ်စုနှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks