ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်၊ ဘန်ကောက်မြို့အနီးရှိ ဖရာ့ပရာဒင်းမြို့တွင် ဆုန်ခရမ်သင်္ကြန်ပွဲတော်ကို ၃ ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ယခုနှစ်တွင် မွန်ယဉ်ကျေးမှုဆိုင်ရာ ထူးခြားလက္ခဏာများစွာကို ပွဲတော်တွင် ဦးစားပေးထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
သင်္ကြန်ပွဲတော်ကို လာမည့် ဧပြီ ၂၄ ရက်မှ ၂၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး၊ ပွဲတော်ရက်အတွင်း ရေသဘင်ပွဲအပြင် မွန်-ထိုင်း ယဉ်ကျေးမှုရိုးရာဓလေ့များ၊ ဈေးပွဲတော်၊ စီတန်းလှည့်လည်ပွဲများနှင့် ဘာသာရေးအစီအစဉ်များကို အလေးပေးထည့်သွင်းသွားမည်ဟု ထိုင်းအဏာပိုင်တာဝန်ရှိများက ဆိုထားသည်။
ပုံမှန်အားဖြင့် ဆုန်ခရမ်သင်္ကြန်ပွဲတော်ကို ထိုင်းနိုင်ငံတစ်ဝန်းလုံးတွင် ဧပြီ ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပလေ့ရှိသော်လည်း ဖရာ့ပရာဒင်းမြို့တွင် ရှေးရိုးရာအစဉ်အလာအရ သီးသန့်ပုံစံဖြင့် တစ်ပတ်ခန့်နောက်ကျပြီးမှ ကျင်းပလေ့ရှိသည်။
သင်္ကြန်အားလပ်ရက်ပြီးနောက် ပွဲတော်အထိအတွေ့များကို ဆက်လက်ခံစားလိုသည့် ခရီးသွားများအတွက် ရွယ်ရည်ကြောင်းလည်း သိရသည်။

ဖရာ့ပရာဒင်းမြို့တွင် မွန်မျိုးနွယ်စုများစွာ နေထိုင်ကြပြီး သင်္ကြန်ကာလ ရုံးပိတ်ရက်တွင် ဝေလံနေသည့် မိသားစုဝင်များအချင်းချင်း ပြန်လည်တွေ့ဆုံကြခြင်းဖြစ်သည်။
မွန်ရိုးရာဝတ်စုံများ ဝတ်ဆင်ကာ နဂ္ဂသင်္ကြန် (Nang Songkran) မယ်များက စီတန်းလှည့်လည်ခြင်း။ မွန်ရိုးရာကစားနည်းဖြစ်သည့် ဂုံညင်းကစားနည်းနှင့် လူမှုရေးရာ ဆုံစည်းမှုများပြုလုပ်ခြင်း။ ပွဲတော်အတွင်း မွန်ရိုးရာဂီတ သယ်ယမ် (Thae Yam) သီချင်းများဖြင့် သီဆိုတင်ဆက်ခြင်း၊ ဖရာ့ပရာဒင်းဒေသထွက်အစားအစာများနှင့် နာမည်ကျော် မွန်ရိုးရာ မုန့်ကလယ်မဲ (Kala Mae) များ ကျွေးမွေးခြင်အစီအစဉ်များသည် ပွဲတော်၏ ထူးခြားသော လက္ခဏာများဖြစ်သည်။
ကျင်းပမည့်ရက်နှင့်နေရာ
ဖရာ့ပရာဒင်းသင်္ကြန်ပွဲတော်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၄၊ ၂၅ နှင့် ၂၆ ရက်များတွင် ကျင်းပမည်ဖြစ်ပြီး အဓိကအစီအစဉ်များကို စမွတ်ပရာကန်ခရိုင်ရှိ ဖရာ့ပရာဒင်းခရိုင်အုပ်ချုပ်ရေးရုံး အနီးပတ်ဝန်းကျင်များတွင် ကျင်းပသွားမည်ဖြစ်သည်။ ထိုနေရာသည် ဘန်ကောက်မြို့မှ မနီးမဝေးဖြစ်သဖြင့် ခရီးတိုဖြင့် အလွယ်တကူ ရောက်ရှိနိုင်သည့်နေရာဖြစ်သည်။
ပွဲတော်စီစဉ်သူများနှင့် ဒေသဆိုင်ရာခရီးသွားမြှင့်တင်ရေးအဖွဲ့များက ဖရာ့ပရာဒင်း ဆုန်ခရမ်ပွဲတော်သည် သာမန်ရေသဘင်ပွဲတစ်ခုမဟုတ်ဘဲ ထူးခြားသည့် မွန်ယဉ်ကျေးမှုများစွာကို ထည့်သွင်းထားသော ရိုးရာပွဲတော်တစ်ခုသည်ဟုလည်း ဆိုသည်။
ဘန်ကောက်အနီးတစ်ဝိုက်တွင် မွန်ယဉ်ကျေးမှုကို အထင်ရှားဆုံးမြင်နိုင်သည့် ပွဲတော်တစ်ခု ဖြစ်သည်ဟုလည်း ဆိုနိုင်ပေးသည်။
ခရီးသွားများအတွက် အကြံပြုချက်
ပွဲတော်ကာလအတွင်း ခရီးသွားအများအပြားဝင်ရောက်နိုင်သဖြင့် ပွဲတော်သို့ သွားရောက်လိုသူများ ခရီးစဉ်ကို ကြိုတင်စီစဉ်ထားရန် လိုအပ်ကြောင်း ထိုင်းအဏာပိုင်တာဝန်ရှိသူများက အကြံပြုထားသည်။
ကားဖြင့်သွားပါက ဖရာ့ပရာဒင်းခရိုင်အုပ်ချုပ်ရေးရုံးသို့ တိုက်ရိုက် ဦးတည်သွားနိုင်သော်လည်း ကားရပ်နားရန်နေရာများ ကန့်သတ်ထားနိုင်သဖြင့် နီးစပ်ရာနေရာများတွင်ရပ်ပြီး အများပြည်သူအသုံးပြုသည့် ပို့ဆောင်ရေးယာဉ်များကို အသုံးပြုရန် အကြံပြုထားသည်။
ဘတ်စ်ကားဖြင့်သွားပါက လိုင်းအမှတ် ၈၂၊ ၁၃၈ နှင့် ၅၀၆ တို့ကို စီးနင်းနိုင်သည်။
ယာဉ်ကြောပိတ်ဆို့မှုကို ရှောင်ရှားပြီး ကူးတို့သင်္ဘောဖြင့်သွားရောက်လိုသူများအနေဖြင့် ဖူးချောင်းစမင်းဖရိုင် (Pu Chao Saming Phrai) လမ်းဘက်မှတဆင့် သွားနိုင်ပြီး၊ ဖရာ့ပရာဒင်းဘက်သို့ ဖယ်ရီစီးကားဖြင့် တစ်ဆင့် သွားရောက်နိုင်သည်။


