မွန်ပြည်နယ်တွင် စစ်ကော်မရှင်မှ ဆီလုပ်ငန်းရှင်များအားသတ်မှတ်သည့် ပမာဏနှုန်းထားအတိုင်း ရောင်းချရမည်ဟု ညွှန်ကြားထားသော်လည်း ဝယ်ယူမှုများပြီး စက်သုံးဆီအဝင်အထွက်မမျှသဖြင့် အရောင်းရပ်နားပြီး ဆိုင်ပိတ်ထားရသည့် အခြေအနေဖြစ်လာနေသည်ဟု မော်လမြိုင်ဆီလပ်ငန်းရှင်တစ်ဦး၏ ပြောဆိုချက်အရ သိရသည်။
ရေနံထွက်ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ မွန်ပြည်နယ် စက်သုံးဆီအရောင်းဆိုင်များ ဆိုင်ကယ်တစ်စီး ၅၀၀၀ ကျပ်၊ သုံးဘီး/အိုးဝေတစ်စီး ၁၀၀၀၀ ကျပ်၊ အိမ်စီးကား ၄၀၀၀၀ ကျပ်၊ ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ကားများ ၁၀၀၀၀၀ ကျပ်နှုန်းဖြင့် သတ်မှတ်ရောင်းချရန် အသိပေးထားသည်။
တစ်လတာအထိစက်သုံးဆီသုံးစွဲရန်အလုံအလောက်ရှိသေးပြီး၊ အလုအယက်ဝယ်ယူမှုကြောင့် ကုန်သည်များ၏ စိတ်ကြိုက်ဈေးကွက် ဖြစ်လာနိုင်သဖြင့် ဈေးနှုန်းမြင့်တက်သွားနိုင်သည့်ပြောဆိုချက်အပြင် မွန်ပြည်နယ်၏ စက်သုံးဆီအခြေအနေများကို မော်လမြိုင်မှ စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးနှင့် ဆက်သွယ်မေးမြန်းထားသည်
မေး။ ။ လောလောဆယ် ဆရာတို့မြို့မှာ စက်သုံးဆီဝယ်ယူအသုံးပြုသူတွေကို ဘယ်လိုပုံစံနဲ့ အရောင်းအဝယ်လုပ်ပေးနေရတာရှိလဲ။
ဖြေ။ ။ခွဲတမ်းအတိုင်းပဲရောင်းရတယ်၊ သူများဆီဆိုင်ကနေလိုက်ဝယ်ရတာတို့ လုံးဝ မရတော့ရင် ဆိုင်ပိတ်တဲ့အထိပေါ့နော် ကျနော်တို့ဆိုင်ဆို မနေ့ကဆီကားရောက်တယ်ပေါ့ လူတွေပုံးနဲ့ဝယ်ယူတာတွေ များတယ်၊ ဆီကကုန်ခါနီး ဖြစ်သွားတယ်၊ဆီထပ်ရဖို့က ၇ ရက်စောင့်ရတယ်၊ အဲ့ဒါဆိုဆီမလုံလောက်တဲ့ အခြေအနေ ဖြစ်တယ်။ ခဏရောင်းပြီးပြန်ပိတ်နေရတယ်၊ မနက်ဖြန်ရောင်းဖို့အတွက် ထားထားရတယ်။ ရောင်းချတဲ့ပမာဏကို ဆိုင်ကယ်ဆို ၅၀၀၀၊ သုံးဘီး၊ အိုးဝေ ၁ သောင်း၊ အိမ်စီးကား ၃ သောင်း၊ ဒီဇယ်ဆီ ခရီးသည်တင်ယာဉ် ၁ သိန်း၊ ပရီမီယံဒီဇယ်ကာ နံပါတ်အနီဆို ၄ သောင်း၊ နံပါတ်အနက် ၃ သောင်းဆိုတော့ ခြံသမားတွေအဆင်မပြေဘူး

မေး။ ။မွန်ပြည်နယ်မှာ စက်သုံးဆီအရောင်းဆိုင်တွေထံ ဆီရောက်ရှိဖို့ အဆင့်ဆင့် ဘယ်ယူပို့ဆောင်ရတဲ့ လမ်းကြောင်းကို ရှင်းပြပေးပါအုံး။
ဖြေ။ ။Importer မှာပဲဝယ်တယ်၊ နိုင်ငံခြားကနေသွင်းတယ် မုဒုံ အင်ပိုတာ MEK မှာဝယ်တယ်။ အရင်တုန်းကတော့ ရန်ကုန်(သီလဝါ)ဆိပ်ကမ်းကနေပဲယူတယ်၊ အခု မွန်ပြည်နယ်တစ်ခွင်လုံးဆိုရင် မုဒုံဆိပ်ကမ်းကနေပဲ ယူရတယ်။ တစ်ပတ်တစ်ခါဆီချပေးတယ်၊ ခွဲတမ်းအနေနဲ့ပဲ ယူချင်သလောက်ယူလို့မရဘူး၊ ဆီကတော့ခွဲတမ်း အတိုင်းပဲ၊ ကိုယ့်ခွဲတမ်းရောက်မှထုတ်ရတယ်၊ ခွဲတမ်းကုန်ရင်နားရတယ်၊ တစ်ပတ်တစ်ခါချပေးတယ်။
မေး။ ။ ဆိုတော့ အခုဖြစ်ပေါ်နေတဲ့ ကမ္ဘာ့အရေးကြောင့် အဲလိုလမ်းကြောင်းကနေတင်သွင်းနေတဲ့ စက်သုံးဆီက တစ်ကယ်ပဲပြတ်လပ်မှုဖြစ်လာနိုင်လား။
ဖြေ။ ။ဆီကနိုင်ငံခြားကနေဝင်တာဆိုတော့ ဝင်ဖို့မလွယ်ဘူး၊ ဒါမဲ့လောလောဆယ်ကတော့အရန်ဆီက ရှိတယ်၊ မနေ့ကဆီလုပ်ငန်းရှင်တွေကို
အစည်းအဝေးခေါ်တယ် သူတို့ပြောစကားအရဆိုရင် ပြတ်လပ်နိုင်တယ်။ ကားဆိုဘယ်လောက်ပဲရောင်းရမယ်၊ ဆိုင်ကယ်ရောင်းရမယ်ဆိုပြီးပြောပြတယ် သူတို့သတ်မှတ်တဲ့နှုန်း ထုတ်ပြန်တဲ့စာရွက်ပေးတယ်။
မေး။ ။ စက်သုံးဆီအသုံးပြုနေရတဲ့သူတွေကတော့ ဆီပြတ်လပ်သွားမှာကို စိုးရိမ်နေတာပေါ့လေ။ ဆိုတော့ ဒီမွန်ပြည်နယ်မှာဆိုရင် စက်သုံးဆီဘယ်နှစ်ရက်အထိ လုံလုံလောက်လောက်အသုံးပြုလို့ရနေသေးလဲ။
ဖြေ။ ။ကျနော်သိရသလောက်ဆိုရင် မွန်မှာက ဆီကျန်ရှိတာအများဆုံးပဲ ရန်ကုန်တို့ မန္တလေးတို့ဆို ဆီကနည်းတယ်၊ ကျနော်တို့မွန်ပြည်နယ်မှာပဲယူရတယ်ဆိုတော့ ၁ တစ်လဝန်းကျင်အထိကဆီရှိနေသေးတယ်၊ ဒီတစ်လအတွင်း အခြေအနေတွေ ကိစ္စတွေမပြောင်းဘူးဆိုရင်တော့မပြောနိုင်သေးဘူး။ သူတို့ပြောတဲ့ အတိုင်းဆိုရင် ဆီထုတ်တဲ့နေရာမှာ သင်္ဘော ၂ စီး၊ ၃ စီးရှိပါသေးတယ်၊ ပုံမှန်အတိုင်း သုံးသလောက်မဟုတ်ဘဲ
စုမဝယ်ထားဘူးဆိုရင် ရက်ကနည်းနည်းကြာသွားမယ် လုယက်ဝယ်လိုက်ရင်မမျှဘူးဖြစ်သွားမယ်။ ဒါကတော့အစိုးရကနေ ဆီဝယ်စုတာတွေမပေးလုပ်စေချင်ဘူး၊ ဥပဒေတွေလည်းထုတ်ထားတယ်၊ သူတို့လည်း ထိန်းတယ်၊ ယောက်ယက်ခတ်ပြီး ဝယ်စုရင်ပြတ်နိုင်တယ် ပုံမှန်အခြေအနေဆိုပြတ်တဲ့အထိမဖြစ်သေးဘူး။
မေး။ ။နောက်ပြီး စက်သုံးဆီချွေတာသုံးစွဲဖို့ လက်ရှိထုတ်ပြန်ထားတဲ့ စစ်ကော်မရှင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေက အမှန်တကယ်ထိရောက်မှုရှိမလား?
ဖြေ။ ။ စုံတဲ့နေ့သွား၊ မဆိုမနေ့သွားဆိုရင် သူတို့ထိန်းတဲ့နည်းကျတော့ ထိရောက်သလားက မပြောတတ်ဘူး။ အလုပ်သွားတဲ့သူတွေဆိုလည်းရှိတော့ တည်မြဲမှာလည်းမဟုတ်ဘူး။ အရေးယူဆောင်ရွက်မှုမရှိရင် ထုတ်ထားတဲ့ ဥပဒေကလည်းဒီအတိုင်းပဲဖြစ်သွားမှာပေါ့။ အဲ့လိုမျိုးအရေးယူဆောင်ရွက်မှု မဟုတ်ဘဲနဲ့ ဘယ်လိုနေ့မျိုးမှာ ဆီမရောင်းပေးဘူး ထိန်းပေးရင်ပိုပြီးအဆင်ပြေမလားပဲ ဘယ်သူမဆိုအလုပ်ရှိရင်သွားကြရတာပဲ။
မေး။ ။ဒီအချိန်မှာဆိုရင် စက်သုံးဆီစုဆောင်းဝယ်ယူတာ၊ ဈေးတင်ရောင်းတာ၊ အဲ့လိုလုပ်ဆောင်တဲ့ လုပ်ငန်းရှင်တွေကို ဖမ်းဆီးအရေးယူမယ်ထုတ်ပြန်ထားတော့ ဒီအချိန်မှာ ဆရာတို့အနေနဲ့ ဘာတွေသတိပြုဆင်ခြင်နေရတာရှိလဲ?
ဖြေ။ ။ကျနော်တို့လည်းပုံးနဲ့ ပီပါနဲ့ရောင်းလို့မရဘူး၊ ဈေးတင်ရောင်းလည်းမရဘူး၊ ဆိုင်ကိုလည်း စစ်ဆေးရေးတွေ အမြဲဝင်ပါတယ် အစိုးရသတ်မှတ်ဈေးပဲရောင်းရဲတယ်။ ခွဲတမ်းကအဓိက နိုင်ငံခြားဝင်ငွေကိုထိန်းဖို့ အတွက်ပဲ၊ အရင်ကတော့ကြိုက်ရောင်းကြိုက်ဝယ် PO စနစ်မဟုတ်ဘူး၊ ဒီစနစ်က သုံးနှစ်လောက်တော့ ရှိနေပြီး၊ အခုလိုအခြေအနေဆိုထိန်းလွယ်ဖြစ်တယ်။ အရင်စနစ်အတိုင်းဆိုနည်းနည်း ကမောက်ကမပိုဖြစ်တယ် ဆိုင်ကြီးတွေကလည်း။ သူတို့လည်းပုံမှန်ပဲရှိမှာပါ။ လက်ခွဲတစ်ဆင့်ခံရောင်းသူ PO စနစ်ကတစ်ပတ်ကို ဘယ်လောက်ဘယ်လောက် ပြတ်လည်းမပြတ်ဘဲ ရောင်းလို့ လောက်သလောက်ပဲထုတ်ခိုင်းတယ်။ ကုမ္ပဏီကြီးတွေကတော့ သူတို့ခွဲတမ်း ပိုရတယ်။ ရောင်းအားသိပ်မကောင်းတဲ့ဆိုင်တွေကျတော့ ခွဲတမ်းနည်းတယ်။ ကုမ္ပဏီသေးတွေက ပြတ်လပ် တာများတယ်၊ ဘယ်လိုနည်းဗျူဟာလဲကမသိဘူး။ ခွဲတမ်းက ၇၀၀၀ ဆို တစ်နေ့ ၁၀၀၀ ကုန်သွားရင် ကျနော်တို့ အရောင်းနားတယ်နောက်နေ့ဆိုအဲ့အတိုင်းပဲပြန်ရောင်းတယ်။
မေး။ ။ လက်ရှိဖြစ်နေတဲ့ စက်သုံးဆီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာများထပ်ဖြည့်စွက် ပြောကြားချင်လဲ?
ဖြေ။ ။အဓိကတော့ လူထုကသတင်းတစ်ခုကြားတာနဲ့စိတ်ပူတဲ့ Action ဖြစ်ပြီးဆီတွေကိုဝယ်စုတယ် လိုက်ဝယ်လေကုန်သည်အကြိုက်ဖြစ်လေပဲ ဆိုတော့ မှောင်ခိုဈေးကွက်ဖြစ်တယ်၊ တစ်နေ့တာသုံး လုံလောက်ရင်တော့ရပါတယ်၊ ယောက်ယက်ခတ်ရင်ဈေးကွက်မှာအမျိုးမျိုးဖြစ်မယ်၊မပြတ်အောင်တော့ ဆီကရတယ်၊ ငွေတတ်နိုင်တဲ့သူတွေဆို မတန်းစီချင်ဘူး၊ ငွေပိုပေးအဲ့တာဆို ကုန်သည်တွေ အကြိုက်ဈေးက မတက်သင့်ဘဲနဲ့တက်တာပေါ့နော်။


