spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းစက်သုံးဆီတင်သွင်းသယ်ယူသူများကို ဖမ်းဆီးထောင်ချမည်ဟု အဘစ်စစ်ဆေးရေးဂိတ်ရှိ စစ်ကော်မရှင်အဖွဲ့များ ခြိမ်းခြောက်

    စက်သုံးဆီတင်သွင်းသယ်ယူသူများကို ဖမ်းဆီးထောင်ချမည်ဟု အဘစ်စစ်ဆေးရေးဂိတ်ရှိ စစ်ကော်မရှင်အဖွဲ့များ ခြိမ်းခြောက်

    -

    မွန်ပြည်နယ် မုဒုံမြို့နယ်နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ကြားရှိ အဘစ်စစ်ဆေးရေးဂိတ်ရှေ့ စက်သုံးဆီသယ်ယူတင်သွင်းသူများကို စိစစ်တွေ့ရှိပါက ဖမ်းဆီးထောင်ချမည်ဟု ဂိတ်ရှေ့ဖြတ်သန်းသွားလာသူ ဒေသခံပြည်သူများနှင့် ယာဉ်မောင်းများကို စစ်ဆေးရေးဂိတ်တာဝန်ရှိသူများက ခြိမ်းခြောက်ပြောဆိုနေကြောင်း သိရသည်။

    ယခင်က ကြာအင်းဆိပ်ကြီးမြို့နယ် စစ်သုံးဆီဝင်ရောက်နိုင်ရေး မုဒုံနှင့် မော်လမြိုင်မှ စစ်သုံးဆီတင်သွင်းနေသည့်ယာဉ်များ အဘစ်စစ်ဆေးရေးဂိတ်ထံ ဆီတစ်ပေပါ ကျပ်နှစ်သောင်းနှုန်းပေးဆောင်၍ တစ်ရက်လျှင် တစ်ကြိမ်(သို့မဟုတ်)နှစ်ကြိမ် တင်သွင်းခွင့်ရှိနေကြောင်း သိရသည်။

    ယမန်နေ့ မတ်လ ၆ ရက်နေ့မှစပြီး စက်သုံးဆီသယ်ယူပို့ဆောင်နေသည်ကို စိစစ်တွေ့ရှိပါက ဖမ်းဆီးထောင်ချမည်ဟု အဘစ်စစ်ဆေးရေးဂိတ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့များက ဖြတ်သန်းသွားလာနေသည့် ယာဉ်တိုင်းကို သတိပေးပြောဆိုထားသည်ဟု ယာဉ်မောင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “အရင်နေ့တွေက မော်လမြိုင်၊ မုဒုံကနေ ကြာအင်းဆိပ်ကြီးဘက်ကို စက်သုံးဆီတွေ နည်းနည်း သယ်ယူခွင့်ပေးနေသေးတယ်။ ဒါပေမဲ့ မနေ့ကစပြီး လုံးဝကို မပေးသယ်တော့တာ။ သူတို့(စစ်ကော်မရှင်တပ်ဖွဲ့ဝင်) ပြောတာက စက်သုံးဆီကို ရေသန့်ဗူးလောက်သာ သယ်ယူနေတာကို တွေ့ရင်တော့ ဖမ်းဆီးထောင်ချတဲ့အထိ လုပ်မယ်တဲ့။ လုံးဝကို ပေးမသယ်တော့ဘူးတဲ့” ဟု အထက်ပါ သူက ပြောသည်။

    လောင်စာဆီပြတ်လပ်မှုအပေါ် လူထုစိုးရိမ်မှုမြင့်တက်နေစဉ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင်လည်း မတ်လ ၃ ရက်နေ့မှစ၍ ဒေသခံများ စက်သုံးဆီဝယ်ယူစုဆောင်းသူများပြီး ဆိုင်များတွင်း ဆီပြတ်လပ်မှုဖြစ်နေသည်။

    အဘစ်စစ်ဆေးရေးဂိတ်မှတစ်ဆင့် ဆီတင်သွင်းခွင့် ကန့်သတ်ထားသဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စက်သုံးဆီဆိုင်အများစုပိတ်ထားပြီး စက်သုံးဆီတစ်လီတာ ၁၀၀၀၀ ကျပ်အထိ ဈေးမြင့်သွားသည်ဟု ဆိပ်ကလေးကျေးရွာအုပ်စုမှ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

    “ပြီးခဲ့တဲ့နှစ်ရက်ကတော့ တစ်လီတာကို ၆၅၀၀ ပေးရတယ်။ ဒီနေ့ကျတော့ ၁၁၀၀၀ အထိတက်သွား တယ်။ ဒါပေမဲ့ လူတွေက ဝယ်ကြတာပဲလေ။ ပြတ်လပ်သွားရင် ဘယ်လိုလုပ်မလဲ၊ အဲကြောင့် ဆီဆိုင်က ရောင်းပေးသလောက်တော့ ဝယ်စုထားရတာ။ ဆိုင်တွေ ပိတ်ထားတော့ တစ်ယောက်ကို နည်းနည်းပဲ ရပါတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

    ရော်ဘာလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်နေသည့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စက်သုံးဆီဝယ်ယူရရှိမှု အခက်အခဲကြောင့် ဒေသတွင်းလုပ်ငန်းများ ရပ်တန့်သွားနိုင်ကြောင်းလည်း ဝေသာလီကျေးရွာမှ ဒေသခံအမျိုးသားတစ် ဦးက ပြောသည်။

    “လုပ်ငန်းတိုင်းက စက်ပစ္စည်းနဲ့ပဲ လုပ်ရ၊ သွားလာနေရဆိုတော့။ စက်သုံးဆီပြတ်တာနဲ့ လုပ်ငန်းတွေက အကုန်ရပ်တန့်သွားမယ်လေ။ အနည်းဆုံး မုဒုံမြို့ဘက်နဲ့ ဘုရားသုံးဆူမြို့ဘက်မှာ ကုန်ပစ္စည်းသယ် ယူလို့ မရကြတော့ဘူး။ ပြီးတော့ မြို့ဘက်ကို ရော်ဘာပို့ရောင်းတာတွေ၊ လူနာတွေ အကုန်ဒုက္ခ ရောက်ကုန်မယ်။ လောလောဆယ်တော့ ဆီဆိုင်တွေမှာ အရင်ကကျန်နေတဲ့ဆီတွေကိုပဲ ရောင်းချပေး နေကြတာ။ ထပ်ဝင်လာတာတော့ မရှိတော့ဘူး။ တစ်ချို့ဆိုင်ကတော့ စက်သုံးဆီတွေ ရှိတယ်။ ဒါပေမဲ့ မရောင်းပေးတော့ဘူး၊ ဆိုင်တွေပါ ပိတ်လိုက်တယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

    ထိုအခြေအနေကြောင့် ဒေသတွင်း ထိန်းချုပ်ထားသည့် ကရင်အမျိုးသားအစည်းအရုံး KNU နှင့် မွန်ပြည်သစ်ပါတီ NMSP-AD အနေဖြင့် စက်သုံးဆီရရှိရေး ဆွေးနွေးအဖြေရှာသင့်ကြောင်းနှင့် စက်သုံးဆီသိုလှောင်သူများ၊ ဈေးအဆမတန် မြှင့်တင်ရောင်းချနေသည့် စက်သုံးဆီဆိုင်များကို စိစစ် အရေးယူပေးရန် ဒေသခံများက လိုလားနေကြသည်။

    လက်ရှိ ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကို စက်သုံးဆီ ရောင်းချခွင့်မပြုဘဲ လိုင်စင်ပြနိုင်သည့် ယာဉ်များကိုသာ ရောင်းချပေးသည့်စနစ်ကို ယနေ့မတ်လ ၇ ရက်နေ့တွင် စတင်အသုံးပြုနေကြောင်းလည်း ဘားအံစက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks