“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ”
ဒါကတော့ မကြာခင်ကမှ ရေးတိုက်ပွဲတခုမှာ သေဆုံးသွားခဲ့တဲ့ အတင်းအဓမ္မ စစ်မှုထမ်းတပ်သားစုဆောင်းခဲ့ရတဲ့ မွန်လူငယ် မင်းအဟိန်းရဲ့ ရင်ထဲက စကားသံပဲဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ခက်ခဲကြပ်တည်းလာတဲ့အချိန်မှာ မိသားစုစားဝတ်နေရေးကို ဖြေရှင်းဖို့အတွက် အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ မင်းအဟိန်းဟာ အလုပ်လုပ်ဖို့ဆိုပြီး ၂၀၂၂ ခုနှစ်မှာ မလေးရှာနိုင်ငံကို တရားမဝင်လမ်းကြောင်းကနေ ထွက်သွားခဲ့ပါတယ်။

မင်းအဟိန်းဟာ မလေးရှာရောက်ပြီး စားသောက်ဆိုင်တစ်ခုမှာ အလုပ်ဝင်လုပ်ရင်း မိသားစု စားဝတ်နေရေးအခက်အခဲကို ဖြေရှင်းခဲ့ပါတယ်။
မလေးရှားနိုင်ငံမှာ ၂ နှစ်နီးပါး အခက်အခဲမျိုးစုံကြားက အလုပ်လုပ်ခဲ့ပြီး နောက်ဆုံးမှာ အမိမွေးရပ်မြေနဲ့ နီးတဲ့ ထိုင်းနိုင်ငံမှာ အလုပ်ပြန်လုပ်ဖို့ ဆုံးဖြတ်ပြီး ထိုင်းနိုင်ငံထဲကို တရားမဝင်လမ်းကြောင်းကနေပဲ ဝင်လာခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ဘဝရပ်တည်နိုင်ရေးနဲ့ မိသားစုစားဝတ်နေရေး ဖြေရှင်းနိုင်ရေးအတွက် မင်းအဟိန်းသည် ရရာအလုပ်ကို လုပ်ကိုင်ခဲ့ပါတယ်။
ထိုင်းရောက်ပြီး တစ်နှစ်ကျော်ကြာလာတဲ့အချိန်မှာ မင်းအဟိန်းရဲ့ ကံဆိုးခြင်းအစလို့ ဆိုရမဲ့ နေ့တစ်နေ့ ရောက်ရှိလာခဲ့ပါတယ်။
အဲဒါကတော့ ထိုင်းအစိုးရရဲ့ တရားမဝင်နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားတွေ ဖမ်းဆီးတဲ့အစီအစဉ်ထဲမှာ မင်းအဟိန်းလည်း ပါဝင်သွားခဲ့ပါတယ်။
မင်းအဟိန်းသည် ဖမ်းဆီးခံခဲ့ရပြီး ထိုင်းအချူပ်ခန်းတခုထဲမှာ ၃ လ အကျဉ်းကျခံခဲ့ရပါတယ်။ အချုပ်ခန်းကနေ လွတ်ရင် မိသားစုစားဝတ်နေရေးအတွက် ထိုင်းမှာ အလုပ်ဆက်လုပ်ဆိုတဲ့စိတ်ကူးနဲ့ မင်းအဟိန်းသည် လွတ်မယ့်ရက်ကို စောင့်ဆိုင်းနေခဲ့ပါတယ်။
ဒါပေမဲ့ မင်းအဟိန်း စိတ်ကူးသလိုတော့ ဖြစ်မလာခဲ့ပါဘူး။ အကြောင်းကတော့ ထိုင်းအစိုးရက လွတ်ရက်စေ့တဲ့လူတွေကို ရနောင်းနယ်စပ်ကနေ စစ်ကော်မရှင်ဆီကို လွှဲပြောင်းပေးခဲ့တာပါ။
မြန်မာဘက်ခြမ်း ပို့ခံရပြီး နေရပ်ကို ပြန်ရမယ်အထင်နဲ့ မင်းအဟိန်းတစ်ယောက် ကြိတ်ပျော်နေချိန်မှာပဲ
စစ်အုပ်စုက မင်းအဟိန်းကို တပ်သားစုဆောင်းရေးနေရာကို ခေါ်ဆောင်သွားခဲ့ပါတယ်။
“မြန်မာဘက်ခြမ်းရောက်တော့ စစ်တပ်က အသင့်စောင့်နေကြတာ။ ကျနော်ကို တစ်ခါတည်း ဖမ်းဆီးသွားလိုက်တယ်။ ကော့သောင်းက တပ်သားစုဆောင်းရေးနေရာကို တန်ပို့လိုက်တယ်” ဆိုပြီး မင်းအဟိန်းက သူ့အဖြစ်အပျက်ကို မသေဆုံးခင်မှာ သူငယ်ချင်းဖြစ်သူကို ပြောပြသွားခဲ့ပါသေးတယ်။
တပ်သားစုဆောင်းရေးနေရာရောက်သွားတဲ့အချိန်မှာ စစ်တပ်က မင်းအဟိန်း မိဘထံ ဆက်သွယ်ပြီး မင်းအဟိန်းကို ငွေကျပ်သိန်း ၁၀၀ နဲ့ လာရွေးဖို့ ဖုန်းဆက် ပြောခဲ့ပါတယ်။
မင်းအဟိန်း မိဘတွေက စစ်ငရဲခန်းကနေ သားကို ပြန်ရွေးဖို့ ကြိုးစားပေမဲ့ အခက်အခဲအမျိုးမျိုးကြောင့် မရွေးနိုင်ခဲ့ပါဘူး။ အဲနောက် မင်းအဟိန်းသည် သံဖြူဇရပ်မြို့နယ်၊ ဝဲကလိအမြှောက်တပ်ရှိ စစ်မှုထမ်းသင်တန်းကို ပိုဆောင်ခံခဲ့ရပါတယ်။
စစ်မှုထမ်းသင်တန်း ရောက်သွားချိန်မှာလည်း စစ်တပ်က လာရွေးဖို့ ထပ်ပြောလာပြန်ပါတယ်။ ဒါပေမဲ့ ဒီတခါမှာတော့ သိန်း ၁၀၀ အပြင် အစားထိုး လူတစ်ဦးပါ ပေးနိုင်မှ လွတ်နိုင်တော့မယ်လို့ ဆိုပါတယ်။
“အဟိန်းက စစ်သားတစ်ယောက် ဖြစ်နေပြီ လူတစ်ယောက် အစားထိုးပေးနိုင်မှ ရတော့မယ်တဲ့ စစ်တပ်က ပြောတယ်။ အကျနော်တို့လည်း ဘာမှ မတတ်နိုင်တော့ဘူးလေ။” ဟု မင်းအဟိန်းရဲ့ အကိုဖြစ်သူက အဖြစ်အပျက်ကို ပြောပြပါတယ်။
စားဝတ်နေရေး၊ မိသားစုအရေးကလွဲပြီး နိုင်ငံရေး၊ စစ်ရေး ဘာအရေးမှာ နားမလည်တဲ့ မင်းအဟိန်းသည်
စစ်အုပ်စု၏ ဆဲဆို၊ နှိပ်စက်၊ လိမ်လည်ပြောဆိုမှုကြားမှာ စစ်သင်တန်းမှာ ၃ လ ကြာလာခဲ့ပါတယ်။
စစ်မှုထမ်းသင်တန်း ၃ လ တက်ပြီးနောက်မှာ စစ်အုပ်စုက မင်းအဟိန်းကို ရေးမြို့နယ်ဘက်က စစ်မျက်နှာပြင်တစ်နေရာကို တာဝန်ထမ်းဆောင်ဖို့ ပို့ဆောင်ခဲ့ပါတယ်။
နှစ်နှစ်တာဝန် ထမ်းဆောင်ပြီးရင် နေရပ်ပြန်ခွင့်ပြုမယ်ဆိုပြီး စစ်အုပ်စုက ပြောဆိုခဲ့ကြောင်းကို မင်းအဟိန်းက သူငယ်ချင်းဖြစ်သူကို ပြန်ပြောပြခဲ့ပါသေးတယ်။
စစ်အုပ်စု ပြောတဲ့ နှစ်နှစ်ပြည့်ဖို့ကို စောင့်ရင်း မင်းအဟိန်းသည် စစ်မျက်နှာပြင်တစ်နေရာမှာ ၈ လ ကြာလာခဲ့ပါတယ်။
၈ လအတွင်းမှာ တိုက်ပွဲနဲ့ မကြုံခဲ့ရသလို သေနတ်လည်း တချက်မှ မပစ်ဖောက်ဖူးကြောင်း တိုက်ပွဲနဲ့ မကြုံရဖို့ သေနတ်မပစ်ဖောက်ရဖို့ကိုလည်း မင်းအဟိန်းက နေ့တိုင်းဆုတောင်းတယ်ဆိုတဲ့အကြောင်းကို မင်းအဟိန်းက သူငယ်ချင်းနဲ့ ဖုန်းပြောချိန်မှာ ပြောပြခဲ့ပါတယ်။
ဒါပေမဲ့ မင်းအဟိန်းရဲ့ ဆုတောင်းက မပြည့်ခဲ့ပါဘူး။ သူ စစ်မြေပြင် ရောက်တာ ၈ လ ပြည့်တဲ့အချိန်မှာပဲ သူ့ရဲ့ ပထမဆုံး တိုက်ပွဲနဲ့ ပထမဆုံး သေနတ်ပစ်ဖောက်ရတဲ့ အရေးက ကြုံလာခဲ့ပါတယ်။
အဲဒါကတော့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ စစ်ကော်မရှင်တပ်နဲ့ ရေးဘီလူးအဖွဲ့အကြား တိုက်ပွဲပဲဖြစ်ပါတယ်။ မင်းအဟိန်းသည် ထိုတိုက်ပွဲမှာပဲ သေဆုံးသွားခဲ့တာပါ။
မင်းအဟိန်းသည် သူ့ရဲ့ ပထမဆုံး တိုက်ပွဲအတွေ့အကြုံမှာပဲ သေဆုံးသွားခဲ့ပါတယ်။
မင်းအဟိန်းလိုပဲ ထိုင်းနိုင်ငံမှာ အဖမ်းခံရပြီး စစ်အုပ်စုရဲ့ စစ်မှုထမ်းသင်တန်း ရောက်သွားတဲ့လူတွေ မနည်းလှပါ။ အချို့က သတင်းအစအန ပျောက်သွားတာရှိသလို အချို့ကလည်း ထွက်ပြေးရင်း တော်လှန်ရေးအဖွဲ့အစည်းတွေဆို ရောက်သွားတာရှိပါတယ်။ အချို့ကလည်း မင်းအဟိန်းလိုမျိုးပဲ တာဝန်ပြီးဆုံးချိန်ကို စောင့်ရင်းနဲ့ တိုက်ပွဲမှာ သေဆုံးသွားသူတွေလည်း အများအပြား ရှိနေပါတယ်။
“တအားစိတ်နာစရာကောင်းပါတယ်။ အဟိန်းလိုပဲ အဲနယ်စပ်ဘက်မှာ တစ်ပုံကြီးပဲ ရှိနေတာ” ဆိုပြီး ညီဖြစ်သူရဲ့ ရင်နားဖွယ်ရာ အဖြစ်အပျက်ကို အကိုဖြစ်သူက ပြောပြခဲ့ပါတယ်။



