ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ကမ်းကြီးဆိပ်ရွာတွင် ရှင်လောင်းလှည့်သည့် ဆောင်းဘောက်ကား ဓာတ်အားကြိုးနှင့် ထိမိရာမှ ဓာတ်လိုက်မှုဖြစ်ပွားပြီး လူငယ် ၂ ဦးသေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိသည်ဟု သိရသည်။
ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ဝေါမြို့နယ်၊ ကမ်းကြီးဆိပ်ရွာတွင် ရှင်လောင်းလှည့်သည့် စောင်းဘောက်ကားတစ်စီး 33 – KV ဓာတ်ကြိုးနှင့် မလွတ်သဖြင့် ထိုကားပေါ် လိုက်ပါလာသည့် တစ်ဦးက လက်ဖြင့် မကိုင်မိရာမှ ဓာတ်လိုက် သေဆုံးမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဆောင်းဘောက်ကား ဓာတ်လိုက်မှုကြောင့် ကမ်းကြီးဆိပ်ရွာမှ အသက် ၁၄ နှစ်အရွယ်နှင့် စွပ္ပနူးရွာမှ ၁၆ အရွယ် လူငယ် ၂ ဦး သေဆုံးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ကမ်းကြီးဆိပ်က ၁၄ နှစ်အရွယ်တစ်ယောက် ထိထိချင်းဆုံးသွားတယ်။ စွပ္ပနူးက ၁၆ နှစ်အရွယ် တစ်ယောက်ကတော့ နှစ်နာရီလောက်အကြာမှာ ဆုံးသွားတယ်။ စွပ္ပနူးက နှစ်ယောက်နဲ့ ကမ်းကြီးဆိပ် ကလေးနှစ်ယာက်က ဒဏ်ရာရပြီး ရန်ကုန်ကို ပို့ထားတာ” ဟု ပြောသည်။
ထိခိုက်ဒဏ်ရာရသည့် လူငယ် ၄ ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေဆဲဖြစ်ပြီး၊ အသက်အန္တရာယ် မစိုးရိမ်ရတော့ဟု ၎င်းက ဆက်ပြောသည်။
ဆောင်းဘောက်များကို ကားပေါ်ဆင်ပြီး အလှူပွဲ၊ မင်္ဂလာပွဲ၊ ပျော်ပွဲ ရွှင်ပွဲ အစရှိသည့် ပွဲတော်များအတွက် အငှားလိုက်ပြီး စီးပွားရေးလုပ်ငန်းတခုလို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်လာကြသည့်အတွက် ဆောင်းဘောက်ကားပေါ် လူငယ်များ လိုက်ပါစီးနင်းသည့်အခါ အန္တရာယ်မဖြစ်အောင် အထူးဂရုပြုသင့်သည်ဟု ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက သတိပေးသည်။
“လူငယ်တွေက သောက်စားပြီးလို့ရှိရင် နည်းနည်း အဲ့လိုဖြစ်တာများတယ်။ အခုနောက်ပိုင်းက မီးကြိုးတွေ မီးမှန်လာတော့ သတိထားသင့်တယ်။ စီးပွားရေးအပြိုင်အဆိုင်လုပ်နေကြတဲ့အတွက် သူ့ထက်ငါ ဘောက်ကြီးကြီးတွေနဲ့ လုပ်တော့ မြင့်သွားတယ်။ လူငယ်တွေက အပျော်လွန်ပြီး တက်ထိုင်တယ်။ ယာဉ်စည်းကမ်း လမ်းစည်းကမ်းရယ် ကိုယ့်အန္တရာယ်ကိုယ် ကြည့်ရှောင်ကြပေါ့” ဟု ပြောသည်။
လွန်ခဲ့သည့် တစ်လခန့်ကလည်း ကမ်းကြီးဆိပ်ရွာတွင် ကားတစ်စီး လျှပ်စစ်စီးဝင်မှုဖြစ်ပွားခဲ့သေးကြောင်းနှင့် လူထိခိုက်သေဆုံးမှုများရှိခဲ့သေးကြောင်း ဒေသခံတို့၏ ပြောကြားချက်များအရ သိရသည်။


