spot_img
Friday, March 6, 2026
More
    spot_img
    Homeသတင်းပိုမိုဆိုးရွားစွာ စောင့်ကြည့်ခံရမည့် IMEI မှတ်ပုံတင်ခြင်း စနစ်

    ပိုမိုဆိုးရွားစွာ စောင့်ကြည့်ခံရမည့် IMEI မှတ်ပုံတင်ခြင်း စနစ်

    -

    အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ မှတ်ပုံတင်စနစ် (Central Equipment Identity Register – CEIR) ကို အသုံးပြုရန် စစ်ကော်မရှင်က ထုတ်ပြန်သည်။

    အဆိုပါစနစ်တွင် မြန်မာနိုင်ငံရှိ မိုဘိုင်းလ်စက်ကိရိယာများအတွက် နိုင်ငံတကာ မိုဘိုင်းလ် စက်ပစ္စည်း အထောက်အထား International Mobile Equipment Identity (IMEI) နံပါတ်များအားလုံး မဖြစ်မနေ မှတ်ပုံတင်ရမည်ဟု စစ်ကော်မရှင်က မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

    IMEI နံပါတ်သည် ဆယ်လူလာဖုန်းကဲ့သို့သော မိုဘိုင်းလ် စက်ပစ္စည်းအတွက် ထုတ်လုပ်သည့် စက်ရုံမှ သတ်မှတ်ပေးလိုက်သည့် သီးသန့် အထောက်အထားနံပါတ် ဖြစ်သည်။

    အဆိုပါ နံပါတ်မှတ်ပုံတင်စေခြင်းမှာ မိုဘိုင်းလ်လက်ကိုင်ဖုန်း ခိုးယူခံရခြင်း၊ ပျောက်ဆုံးခြင်းနှင့် သတ်မှတ်စံချိန်စံညွှန်းဖြင့် ကိုက်ညီခြင်းမရှိသော ဖုန်းအတုများကို မှတ်ပုံတင်ထားသည့် IMEI ကို စီမံခန့်ခွဲခြင်းဖြင့် မိုဘိုင်းလ်အော်ပရေတာကွန်ရက်အတွင်း သုံးစွဲခြင်းမှ တားဆီးနိုင်ရန် ရည်ရွယ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

    သို့သော်လည်း စစ်ကော်မရှင်၏ အဓိက ရည်ရွယ်ချက်မှာ ထောက်လှမ်းရေးစနစ်အတွက်သာဖြစ်ကြောင်း နည်းပညာကျွမ်းကျင်သူများက ထောက်ပြသည်။

    မြန်မာအင်တာနက်ပရောဂျက် (MIP) အဖွဲ့မှ လေ့လာစောင့်ကြည်သူတစ်ဦးက “ဒီစနစ်က နိုင်ငံတကာမှာ သုံးတာတွေရှိပါတယ်။ ဒါပေမယ့် သုံးတဲ့ရည်ရွယ်ချက်ချင်း ကွာတာမျိုးရှိပါတယ်။ အဓိကက ကျွန်တော်တို့နိုင်ငံမှာ ဒါနဲ့ပတ်သက်ပြီး Rule of Law တွေ မရှိတာပါ။ ပုံမှန်ဆိုရင် ဒါကို တရားဥပဒေကနေ ထိန်းကျောင်းရမှာပါ။ ဒီအချက်အလက်တွေက ဘယ်လောက်ထိ လျှို့ဝှက်ထားမလဲဆိုတာမျိုးပေါ့။ ဒါပေမယ့် စစ်အုပ်စုလက်ထက်မှာကတော့ ဖုန်းပြောတာတွေကို ကြားဖြတ်နားထောင်မယ်။ ဘယ်နေရာမှာ ရှိနေလဲဆိုတာတွေကို ခြေရာခံမယ်ဆိုတဲ့ ဒီလိုမျိုး လူ့အခွင့်အရေးချိုးဖောက်တဲ့ဘက်ကနေ သုံးမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

    IMEI နံပါတ်ကို အစိုးရဝပ်ဆိုက်မှတဆင့် တင်ရမည်ဖြစ်ပြီး IMEI နံပါတ်နှင့်အတူ ဖုန်းသုံးစွဲသူ၏ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်များကိုပါ အတိအကျ ပေးရမည်ဖြစ်သည်။

    ဆင်း ကဒ်(SIM)မှတ်ပုံတင်ပြုလုပ်စဉ်ကလည်း နိုင်ငံသားများ၏ မှတ်ပုံတင် နံပါတ်များနှင့် ပြုလုပ်ခဲ့ပြီးဖြစ်သည့်အတွက် ယခု IMEI မှတ်ပုံ တင်ပြုလုပ်ချိန်တွင် ဆင်းကဒ်(SIM-Card)၊ မှတ်ပုံတင်နံပါတ်နှင့် IMEI တို့ ပေါင်းစပ်မိသွားပြီး မည်သူမည်ဝါသုံးစွဲနေသည်ကို စစ်တပ်အနေဖြင့် အတိအကျ သိနိုင်မည်ဖြစ်ကြောင်း MIP အဖွဲ့က ဆိုသည်။

    “ဖုန်းဆင်းကဒ်တစ်ခုက အနီးရှိ တာဝါတိုင်(၃)ခုနဲ့ အနည်းဆုံး ချိတ်ဆက်နေလေ့ရှိတယ်။ ဒါကြောင့် “Triangulation Method”ကို အသုံးပြုပြီး သုံးစွဲသူရောက်ရှိနေတဲ့ အနီးစပ်ဆုံးနေရာကို ခြေရာခံနိုင်စွမ်း ပိုမိုမြင့်မားလာတယ်”ဟု MIP က ဆိုသည်။

    ယခင်ဝယ်ယူထားပြီးသူများအနေဖြင့် မတ်လ ၃၁ ရက်နေ့မတိုင်ခင် စာရင်းပေးသွင်းရန်လိုအပ်ပြီး မပေးသွင်းပါက ဖုန်းလိုင်းဆက်သွယ်မှု၊ အင်တာနက်သုံးစွဲမှု မပြုလုပ်နိုင်အောင် ပိတ်ပင်မည်ဖြစ်ပြီး ၃၁ ရက်နေ့နောက်ပိုင်း စာရင်းသွင်းသူများ ဒဏ်ကြေးပါဆောင်ရမည်ဟု စစ်တပ်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

    ပြည်တွင်းရှိ မိုဘိုင်းလ်ဖုန်းသုံးစွဲသူ မချိုခိုင်က “ကျွန်မတို့တော့ သိပ်မသိပါဘူး။ မှတ်ပုံတင်ရမယ်လို့ပဲသိထားတယ်။ မလုပ်ရင် ပိတ်မယ်ပေါ့။ အဲဒီလောက်ပဲသိထားတယ်”ဟု ဆိုသည်။

    IMEI မှတ်ပုံတင်အချက်အလက်များသည် မှတ်ပုံတင်သပ်သပ်မဟုတ်ပဲ လူတစ်ဦးချင်းစီ ကိုယ်ရေးအချက်အလက် အစုအဝေးဖြစ်ရာ သိမ်းဆည်းထားသော ဒေတာဘေစ့်(Data Base)သဖွယ်ဖြစ်သည့်အတွက် ဟက်ကာများ၏ ပစ်မှတ်ဖြစ်လာနိုင်သည်ဟု MIP က ထောက်ပြသည်။

    လုံခြုံရေးအားနည်းချက်ကြောင့် ဖောက်ထွင်းဝင်ရောက်ခံရပါက ယင်းအချက်အလက်များသည် မှောင်ခိုစျေးကွက်အတွင်း ရောက်ရှိသွားပြီး ငွေကြေးလိမ်လည်မှု(Scams)နှင့် ကိုယ်ရေးအချက်အလက် ခိုးယူခံရမှုများ ဖြစ်ပေါ်လာနိုင် သည်ဟုလည်း သတိပေးထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks