နိုင်ငံအတွင်း စက်သုံးဆီလုံလောက်ပြီး ပြတ်လပ်သွားမည်မဟုတ်ဟု စစ်ကော်မရှင်၏ပြောဆိုချက်အပေါ် အယုံအကြည်မရှိသည့်ပြင် မွန်နှင့်ကရင်တွင် စက်သုံးဆီအလုအယက်ဝယ်ယူမှုများ ယနေ့ မတ်လ ၅ ရက်နေ့တွင် ပိုမိုများလာနေကြောင်း ဝယ်ယူအသုံးပြုသူများက ပြောသည်။
ထိုင်းနိုင်ငံက မြန်မာအပါအဝင် အိမ်နီးချင်နိုင်ငံများသို့ စက်သုံးဆီရောင်းချပေးမှု ရပ်ဆိုင်းသွားမည်ဟု မတ်လ ၂ ရက်နေ့က ထိုင်းစွမ်းအင်ဝန်ကြီးဌာနက ပြောဆိုလာသည့်နောက် တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဒေသခံ ပြည်သူလူထုများ စက်သုံးဆီဈေးနှုန်းမြှင့်တက်လာမည့်အပြင် ပြတ်လပ်သွားမည်ကို စိုးရိမ်ပြီး မတ်လ ၃ ရက်နေ့က တန်းစီဝယ်ယူမှုများ ပြန်လည်စတင်လာခဲ့သည်။
စစ်ကော်မရှင်စွမ်းအင်ဝန်ကြီးဌာနမှ မြန်မာနိုင်ငံသို့ တင်သွင်းနေသည့် စက်သုံးဆီများသည် ထိုင်းနိုင်ငံတစ်ခုတင် မဟုတ်ဘဲ စင်္ကာပူနှင့် မလေးရှားနိုင်ငံမှ ပင်လယ်ရေကြောင်းဖြင့် အဓိကတင်သွင်းနေပြီး စက်သုံးဆီတင်သွင်းမှု ကွင်းဆက်တစ်လျှောက် အခက်အခဲမဖြစ်စေရေး ကြိုတင်စီမံထားပြီးဖြစ်သဖြင့် ပြတ်လပ်မှုဖြစ်မည်မဟုတ်ဟု မတ်လ ၄ ရက်နေ့က ထုတ်ပြန်သည်။
စစ်ကော်မရှင်၏သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်ချူပ်ဇော်မင်းထွန်းကလည်း စက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ် ရောက်ရှိစေရေး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ထားသလို နိုင်ငံအတွက် ရက်ပေါင်း ၄၀ စာ သိုလှောင်ထားကြောင်း၊ စက်သုံးဆီတင်သင်္ဘောများလည်း တစ်ဖြည်းဖြည်း ဝင်ရောက်လာနေပြီဟု မြဝတီသတင်းဌာနတွင် ပြောဆိုထားသည်။
သို့သော် စစ်ကော်မရှင်အဖွဲ့၏ ပြောဆိုချက်များသည် မြေပြင်ရှိ စက်သုံးဆီအရောင်းဆိုင်များ၏အခြေအနေနဲ့ ကင်းကွာနေသဖြင့် ယုံကြည်မှုမရှိသည့်အပြင် ဆီပြတ်လပ်မည့် အခြေအနေကို စိုးရိမ်နေရကြောင်း မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

“မော်လမြိုင်မှာက အခုလောလောဆယ် ဆီဈေးတွေ သိပ်မတက်သေးပေမဲ့ တန်းစီးရတဲ့စနစ်က ပြန်ဖြစ်ပြီလေ။ ဒီနေ့ (မတ်လ ၅) လည်း လူတွေကို ပိုတန်းစီးလာရတယ်။ ဒီတိုင်းသာဆိုရင် ဆီဆိုင်တွေမှာ ဆီကတော့ ပြတ်သွားနိုင်တယ်။ မပြတ်နိုင်ဘူးဆိုတာကတော့ သိပ်မယုံချင်သလိုပဲ” ဟု အထက်ပါ မော်လမြိုင်မြို့ခံက ပြောသည်။
လက်ရှိ ဘားအံစက်သုံးဆီအရောင်းဆိုင်ကြီးများတွင် အောက်တိန်း 92 နှင့် အောက်တိန်း 95 တစ်လီတာ ကျပ် ၂၀၀၀ ကျော်စျေးရှိနေသော်လည်း ကျေးရွာများတွင် စက်သုံးဆီဆိုင်များ ပိတ်သိမ်းခြင်း၊ ပြတ်လပ်နေခြင်းကြောင့် တစ်လီတာ ကျပ် ၄၀၀၀ မှ ၈၀၀၀ အထိ ပေါက်ဈေးရှိနေသည်ဟု ဘားအံမှ မွန်ဒေသခံတစ်ဦးက ပြောသည်။
ဆိုင်များတွင် ဆီလက်ကျန်နည်းနည်းလာသဖြင့် ကျေးရွာရှိ စက်သုံးဆီဆိုင်များက လူတစ်ဦး နှစ်လီတာနှုန်းသာ ရောင်းချပေးနေသည့်အတွက် လုပ်ငန်းအတွက် အခက်အခဲ ဖြစ်လာသည်ဟု ဆိုသည်။
“ရွာတွေဘက်မှာ မနေ့က သွားဝယ်တော့ တစ်လီတာကို ၄၈၀၀ ပေးရတယ်။ ဒီနေ့ ထပ်သွားဝယ်တော့ ၇၈၀၀ အထိ ပေးလိုက်ရတယ်။ ပြီးတော့ ဆီပြတ်မယ်ဆိုပြီး တစ်ယောက်ကို နှစ်လီတာစာပဲ ရောင်းပေးတော့မယ်တဲ့။ ကျနော်တို့ဘက်မှာ ဆီဆိုင်တွေက ပိတ်ထားတာကများတယ်။ တစ်ဆိုင်၊ နှစ်ဆိုင်လောက်ပဲ ဖွင့်ထားတော့တယ်"ဟု ပြောသည်။
ပြည်တွင်း စက်သုံးဆီသုံးစွဲမှုသည် တစ်ရက်လျှင် ၁ ဒဿမ ၅ သန်းဂါလံ၊ ဒီဇယ်ဆီသုံးစွဲမှု တစ်ရက်လျှင် ၁ ဒဿမ ၇ သန်းဂါလံရှိပြီး တစ်ရက်လျှင် ဆီဂါလံစုစုပေါင်း ၃ ဒဿမ ၂ သောင်းခန့် သုံးစွဲနေရကြောင်း မြဝတီသတင်းဌာနတွင် ဗိုလ်ချူပ်ဇော်မင်းထွန်းမှ ဆိုသည်။
လက်ရှိ စက်သုံးဆီဂါလံပေါင်း သန်း ၆၀ ကို သိုလှောင်ထားပြီးဖြစ်သလို ဒီဇယ်ဆီ ဂါလံပေါင်း သန်း ၇၀ နီးပါး အဆင်သင့်ရှိနေကြောင်း အိမ်နီးချင်းနိုင်ငံမှ စက်သုံးဆီတင်သင်္ဘောများလည်း နေ့စဥ် လာရောက်စိုက်ကပ်နေသည့်အတွက် စက်သုံးဆီဖူလုံပြီး စိုးရိမ်စရာမရှိဟု ဆိုထားသည်။
သို့သော် မြေပြင်တွင် အလုအယက်ဝယ်ယူနေသည့် အခြေအနေများဆက်လက်ဖြစ်ပွားနေသဖြင့် ကုန်သည်များအတွက် စိတ်ကြိုက်ဈေးကွက် ဖြစ်လာနိုင်ကြောင်း မွန်မှဆီကုန်သည်တစ်ဦးက တိုက်တွန်းထားသည်။



