လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးအရေးခဲ့သည့်ပုံစံအတိုင်း (စုံ/မ) မထွက်ရအမိန် ချိုးဖောက်သူများသို့ မနက်ဖြန်မတ်လ(၇)ရက်နေ့တွင် စစ်ကော်မရှင်အဖွဲ့ပေါင်းစုံမှ စောင့်ဆိုင်းဖမ်းဆီးရန် အဆင်သင့်ဖြစ်နေကြောင်း မြိုနယ်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများမှ သတင်းပေးပို့ ပြောပြချက်အရ သိရသည်။
အမိန့်ထုတ်ပြန်ခဲ့သည့်ရက်မှစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးအတွင်း ယာဉ် (စုံ/မ) ကိစ္စအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးနှင့် ရဲမှုးများမှ ဦးဆောင်ပြီး သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များ နေ့စဉ်အစည်းအဝေးခေါ်ယူမှုနေသဖြင့် ဖမ်းဆီးအရေးယူမှု တင်းကြပ်နိုင်ကြောင်း သံဖြူဇရပ်မှ မြိုနယ်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

"စုံ/မ ကိစ္စအတွက် ထွေအုပ်ရုံးမှာ အစည်းအဝေးလုပ်တယ်။ ၇ရက်နေ့စဖမ်းမယ်လို့ပြောတယ်။ ပြည်သူ့ဆီက ငွေညှစ်ရမယ်ဆိုတော့ တက်ကြွနေကြတယ်။ မြို့နယ်ရဲမှုးက ဦးဆောင်ပြီး အစည်းအဝေးလုပ်တာ၊ ကျနော်တို့ တစ်မြို့လုံးက ဆိုင်ကယ် without တွေကြီးပဲလေ တန်ဖိုးကြီးတွေပဲစီးကြတော့၊ ငွေညှစ်တာတွေက စတော့မယ်"ဟု ပြောသည်။
စက်သုံးဆီ ချွေတာရေးအတွက် မတ်လ ၇ ရက်နေ့မှစတင်၍ ပုဂ္ဂလိကပိုင်ယာဉ်များ လစဉ်စုံရက်များတွင် စုံအက္ခရာနှင့် မရက်များတွင် မ အက္ခရာနံပါတ်ပါယာဉ်များ မောင်းနှင်အသုံးပြုရန် စစ်ကော်မရှင် သတင်းပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်သည်။
ကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသ၌ ပဋိပက္ခအခြေအနေများကြောင့် လောင်စာဆီတင်သွင်းသည့် သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်းတွင် အတားအဆီး ပိတ်ဆို့မှုများ ဖြစ်ပေါ်နေသဖြင့် စက်သုံးဆီချွေတာရေးအတွက် သတ်မှတ်ထုတ်ပြန်ခဲ့သည်။
စည်းကမ်းသတ်မှတ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသော်လည်း မည်သည့် ဥပဒေပုဒ်မဖြင့် အရေးယူမှုလုပ်ဆောင်သွားမည်ကို ဖော်ပြခြင်းမရှိပေ။
ဌာနဆိုင်ရာအဖွဲ့နှင့် နီးစပ်သူများမှ (စုံ/မ) မထွက်ရအမိန် ချိုးဖောက်သူများသည် ဒေသန္တရအမိန့် ၁၈၈ တရားဝင်အခေါ်အဝေါ်အရ "ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ ဖြင့် အရေးယူခံရနိုင်ကြောင်းလည်းဆိုသည်။
ထောင်ဒဏ် ၆ လဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ (သို့မဟုတ်) နှစ်မျိုးလုံးဖြစ်စေ ချမှတ်နိုင်သည့်အဆိုပါပုဒ်မတွင် စစ်ကော်မရှင်အဖွဲ့များအတွက် ဒေသခံများအပေါ် ငွေညှစ်တောင်းခံမှုလုပ်ဆောင်နိုင်သည့် နည်းလမ်းအသစ်တစ်ခု ထွက်လာသည့်သဘောဖြစ်သည်ဟု အထက်ပါ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦး ဆိုသည်။
"အဓိက ရွာကတက်လာတဲ့ မွန်တွေပေါ့နော်၊ အကုန်လုံးက click တို့ pcx နဲ့ ဗိုက်ဖောင်းလိုမျိုး နောက်ဆုံးပေါ်တွေစီးကြတော့ ငွေညှစ်လို့ကောင်းတယ်ပေါ့၊ အခုလို စုံ မ ကန့်သတ်ထားတဲ့ကိစ္စတွေကို သူတို့သိချင်မှ သိမှာ။ အဲတော့ လိုင်စင်မဲ့ကိစ္စတွေလိုပဲ အုပ်စုလိုက်ဖမ်းဆီးခံရမှာ"ဟု ပြောသည်။
IMNA မှ အချက်အလက်များရ ၂၀၂၅ ခုနှစ်က လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရေးအဖွဲ့မှ လိုင်စင်မဲ့ဆိုင်ကယ်တစ်စီး အများဆုံးသိန်း (၅၀) အထိ ပြန်လည်ရွေးစေပြီး၊ သတ်မှတ်ထားသည့် ပမာဏအတိုင်း မပေးဆောင်နိုင်သူများ ယနေ့အထိ ဆိုင်ကယ် သိမ်းဆည်းထားဆဲဖြစ်သည်။
ယခုထုတ်ပြန်ထားသည့် (စုံ/မ) မထွက်ရအမိန့်သည် ရှင်းလင်းတိကျမှုမရှိသဖြင့် ရုံးတက်ရုံးဆင်းလုပ်နေရသူများနှင့် နေ့စဉ်ယာဉ်အသုံးပြုနေသူများ အဆင်ပြေမှုရှိမည်မဟုတ်ဟုလည်း ပြောဆိုလျှက်ရှိသည်။


