spot_img
Friday, March 6, 2026
More
    spot_img
    Homeသတင်းဒူးယားကျေးရွာမှ ဖမ်းဆီးခံထားရသည့်ဒေသခံများ အနည်းဆုံးငွေကျပ် သိန်း ၃၀ ပေးသွင်းရ

    ဒူးယားကျေးရွာမှ ဖမ်းဆီးခံထားရသည့်ဒေသခံများ အနည်းဆုံးငွေကျပ် သိန်း ၃၀ ပေးသွင်းရ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဖာလိန်ဒေသ၊ ဒူးယားကျေးရွာတွင် စစ်ကော်မရှင်တပ်မှ ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဖမ်းဆီးထားသည့် လူငယ်နှင့် လူလတ်ပိုင်းအရွယ်ဒေသခံများ၏ အုပ်ထိန်းသူများ အနည်းဆုံးငွေကျပ်သိန်း ၃၀ ပေးသွင်းရပြီး ပြန်လည်လွတ်မြောက်လာသူများရှိကြောင်း ဖာလိန်ဒေသခံများက IMNA သို့ပြောသည်။

    ဒူးယားအဝင်အထွက်လမ်းပိုင်း၌ ဖေဖော်ဝါရီ ၁၆ ရက်နေ့က လမ်းပိုင်းပိတ်ဆို့ရှာဖွေမှုများ လုပ်ဆောင်နေစဥ် စစ်ကော်မရှင်တပ်မှ ဖြတ်သန်းသွားလာသူ ဒေသခံများကို စစ်ယာဉ်နှစ်စီးစာ ဖမ်းဆီးခေါ်ဆောင်သွားပြီး ရေးမြို့ပေါ်ရှိ ရဲစခန်း၊ တပ်စခန်းသို့ ထိန်းသိမ်းထားသည်။

    ဒေသခံတစ်ဦး၏ ပြောပြချက်အရ မိဘအုပ်ထိန်းသူများမှ ငွေကျပ်အနည်းဆုံးသိန်း ၃၀ ပေးသွင်းထားသူ ၁၀ ဦးထက်မနည်း ပြန်လွတ်လာပြီး ထိန်းသိမ်းခံထားရသူများလည်း ရှိသေးကြောင်း ဆိုသည်။

    “သူတို့က ရွာကိုတစ်ခါတစ်ခါလာရင် ပိုက်ဆံရာနဲ့ချီရတယ်။ အဲ့ပိုက်ဆံကုန်သွားရင် ရွာကိုထပ်ဆင်းလာပြီး ဒေသခံတွေကို ထပ်ဖမ်းပြန်ရော၊ ဓားပြလိုပဲ။ ဒေသခံတွေကလည်း ပြန်လွတ်နေရင် ပြီးရောဆိုတော့ ပိုက်ဆံပေးတာပေါ့လေ”ဟု ၎င်းက ပြောသည်။

    လက်ရှိ စစ်ကော်မရှင်အဖွဲ့မှ ဖာလိန်ဒေသဘက်သို့ မကြာခဏ စစ်ကြောင်းထိုးနေခြင်းသည် စစ်ရေးကိစ္စအပြင် ငွေညှစ်တောင်းခံလိုသဖြင့် အကြမ်းဖက်မှုအမျိုးမျိုးလုပ်ဆောင်နေသည်။

    ဖမ်းဆီးခံထားရသူများ ထိခိုက်မှုမရှိဘဲ ပြန်လွတ်လာသူများရှိသလို ရိုက်နှက်ခံထားရသူများလည်းရှိသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

    “အသက်လတ်ပိုင်းလူကြီးတစ်ယောက်ဆို သူတို့ရိုက်ထားတာ၊ လူရုပ်တောင် မပေါ်တော့ဘူး။ မမှတ်မိတော့ထိအောင် ရိုက်ထားတာ၊ ပိုက်ဆံမပေးနိုင်လို့လည်းမဟုတ်ဘူး။ ဒီအတိုင်းရိုက်ထားတာ” ဟု ၎င်းက ဆိုသည်။

    ယမန်နေ့ မတ်လ ၄ ရက်နေ့ကလည်း အင်အားရာချီရှိသည့် စစ်ယာဉ်တန်းများ စစ်ကား ၅ စီးဖြင့် ဒူးယားကျေးရွာဘက်သို့ စစ်ကြောင်းထိုးနေပြီး ဒေသခံများကို စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

    ရေးမြို့အခြေစိုက် တပ်ရင်းများမှ စစ်ကော်မရှင်တပ်ဖွဲ့များသည် ဖာလိန်ဒေသဘက်သို့ မကြာခဏ စစ်ကြောင်းထိုးလာနေသဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် မကြာခဏပစ်ခတ်မှုများဖြစ်ပွားနေသည့်အပြင် ဒေသခံများ၏ ဆိုင်ကယ်များကို အတင်းအဓမ္မသိမ်းဆည်းနေပြီး ငွေညှစ်တောင်းခံမှု အမျိုးမျိုးလုပ်ဆောင်နေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks