အရပ်သားအစိုးရထံက မတရား အာဏာသိမ်းယူထားသည့် စစ်ကော်မရှင်သည် ပြည်သူလူထုတို့၏ ထောက်ခံမှုကို ပြန်လည်ရရှိရန် နိုင်ငံရေး အကျဉ်းသားအချို့အား လွတ်ငြိမ်းချမ်းသာခွင့်ပြု၍ ကြိုးပမ်းနေကြောင်း နိုင်ငံရေး သုံးသပ်သူများက ပြောသည်။
စစ်ကော်မရှင်က ၎င်းတို့ အုပ်ချုပ်မှုတွင် အကျပ်အတည်း ဖြစ်လာသည့်အခါတိုင်း အဆိုပါ အကျပ်အတည်းများကို ဖြေလျှော့ရန် ယခုကဲ့သို့ လုပ်ဆောင်မှုများ လုပ်လေ့ရှိကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောသည်။

“ဒါကတော့ လုပ်ရိုးလုပ်စဉ်ပါပဲ။ အုပ်ချုပ်တဲ့လူတွေ အကျပ်အတည်း ဖြစ်လာတဲ့အခါ သူတို့ အကျပ်အတည်းကို ဖြေဖျောက်ဖို့၊ သူတို့ကို နိုင်ငံသူ နိုင်ငံသားတွေကနေပြီး အကောင်းမြင်ဖို့၊ နိုင်ငံတကာကနေပြီးတော့ အမြင်ကောင်းဖို့အတွက် အခုလို ဖြေလျှော့လေ့ရှိတယ်လေ။ စကမဟာ အကြမ်းဖက်နေတဲ့အတွက်မှာ၊ ပြည်သူတွေကို၊ ကိုယ့်ပြည်သူကို အကြမ်းဖက်သတ်ဖြတ်နေတဲ့အတွက်မှာ ဘယ်နိုင်ငံကမှ မထောက်ခံ၊ အသိအမှတ်မပြု၊ လျစ်လျူရှုထားတဲ့အချိန်မှာ သူတို့ကတော့ ‘ငါတို့လည်း ကောင်းပါတယ်၊ လူသားချင်းစာနာပါတယ်’ ဆိုတဲ့ ပုံစံကို ပြတဲ့ ပြရုပ်လေး ဖြစ်တာပေါ့။ ထပ်လည်း အဲ့ဒါမျိုးတွေကတော့ လာဦးမယ်လို့ ထင်တယ်” ဟု ပြောသည်။
လွတ်ငြိမ်းဖြင့် ပြန်လည်လွတ်မြောက်လာသည့် မိမိတို့၏ နိုင်ငံရေးအကျဉ်းသားများအား ဝမ်းသာကြိုဆိုကြောင်း၊ တဖက်တွင်လည်း စစ်ကော်မရှင်က မကြာခင်တွင် ၎င်းတို့ ဖွဲ့စည်းပြုလုပ်တော့မည့် လွှတ်တော်တွင်လည်း မြန်မာပြည်သူတို့၏ ထောက်ခံမှု ရရှိရန် လုပ်ဆောင်ခြင်းလည်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
စစ်ကော်မရှင်သည် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ည)နှင့် ပုဒ်မ ၅၂(က)အရ ပြစ်ဒဏ်ကျခံနေသူ ၇၃၃၇ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်း မတ်လ (၂)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
လွတ်ငြိမ်းခွင့်ပေးသည့်အနက် လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများထဲတွင် အကျဉ်းထောင်(၃၁)ခုမှ ၃၆၁၃ ဦးပါဝင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ထုတ်ပြန်ခဲ့သည်။
အလားတူ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ည)နှင့် ပုဒ်မ ၅၂(က)ဖြင့်လည်းကောင်း၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ဖြစ် တရားစွဲဆိုခံထားရသူ ၁၂၄၈၇ ဦး၏ တရားရုံးကြားနာစစ်ဆေးဆဲ့ အမှုပေါင်း ၉၅၃၂ မှုကိုလည်း ပိတ်သိမ်းကြောင်း စစ်ကော်မရှင်က ကြေညာခဲ့သည်။
ယခုလအတွင်း စစ်ကောင်မရှင်က ဖွဲ့စည်းမည့် အစိုးရတစ်ရပ်အတွက် တရားဝင်မှုရရှိရန် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်ကြောင်း နိုင်ငံရေးသမားတစ်ဦးက ပြောသည်။
“ရွေးကောက်ပွဲပြီးရင် သူက အစိုးရ ဖွဲ့တော့မှာကို၊ အဲဒီအစိုးရ တရားဝင်ရေးအတွက် ဒီဟာတွေကို တဖြည်းဖြည်းနဲ့ လွှတ်ပေးနေတာပဲ၊ လွှတ်လည်း လွှတ်ပေးရလိမ့်မယ်ထင်တယ်။ အထူးသဖြင့် ဒီ ၃ လပိုင်းမှာ ဖွဲ့မယ့် အစိုးရ တရားဝင်ရေးအတွက် သူ ခြေလှမ်းတွေ လှမ်းလာတာပါ” ဟု ပြောသည်။
အာဏာသိမ်း စစ်အုပ်စုသည် ပြည်သူလူထုနှင့် နိုင်ငံတကာမှ ထောက်ခံခြင်း မရှိသည့် ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပခဲ့ပြီး ယခုလအတွင်း အစိုးရသစ်တစ်ရပ်ကို ဖွဲ့စည်းမည်ဟု ကြေညာထားသည်။
စစ်တပ်၏ အစိုးရသစ်ဖွဲ့စည်းမှုကို နိုင်ငံတကာနှင့် ပြည်သူလူထု ထောက်ခံမှု ရရှိရန် နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းခွင့်ပေး၍ ကြိုးစားနေကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းကြား ပြောဆိုလျက်ရှိနေသည်။


