တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း စစ်ကော်မရှင်တပ်၏ လုပ်ရပ်များကြောင့် တစ်ပတ်အတွင်း အရပ်သား ပြည်သူ ၈ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

သရက်ချောင်းမြို့နယ်အတွင်းရှိ စုံစင်ဖျားကျေးရွာ၊ မင်းဒပ်ကျေးရွာ၊ ကနက်သီရိကျေးရွာ၊ ပြင်းဖြူသားကျေးရွာ၊ ဝင်းဝကျေးကျေးရွာ၊ ရငဲကျေးရွာ၊ ချောက်ချောင်းကျေးရွာအတွင်းသို့ စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု နေ့စဉ်ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
တစ်ပတ်အတွင်း Y-12 အမျိုးအစား လေယာဉ်ဖြင့် ဖြင့် ၂၈ ကြိမ်နှင့် Jet Fighter ဖြင့် ၈ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟုလည်း KNU က ထုတ်ပြန်ထားသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁ ဦး သေဆုံးပြီး၊ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် ၁၁ လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့သည်။
၎င်းပြင် စစ်ကော်မရှင်တပ် ခလရ (၄၀၉) တပ်ရင်းမှ သရက်ချောင်းမြို့နယ်အတွင်းရှိ အပြစ်မဲ့ပြည်သူ ၇ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။
စစ်ကော်မရှင်တပ်က သရက်ချောင်းမြို့နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ နေ့စဉ်နှင့်အမျှ ဆက်လက်ကျူးလွန်နေသည့်အတွက် ဒေသခံပြည်သူတို့၏ လုံခြုံရေးနှင့် အသက်အိုးအိမ်များ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်လျက်ရှိသည်။
စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ဒေသခံပြည်သူများ ၅၀၀ ထပ်မနည်းကလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ဓာတ်ပုံ – စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုနှင့် အကြောင်းမဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးမှုအခြေအနေ


