မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်အတွင်းရှိ စစ်ကော်မရှင် ယာယီစခန်းနှင့် ရဲစခန်းတို့ကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုက ဗုံးကျဲတိုက်ခိုက်ခဲ့သည်။
မတ်လ ၁ ရက်နေ့ နေ့လည် ၁၁ နာရီဝန်းကျင်တွင် သံဖြူဇရပ်မြို့နယ် ထင်းရှူးကျေးရွာ အခြေစိုက် ရဲစခန်းကို ညီနောင်ဒရုန်းတပ်ပေါင်းစုတို့က ဒရုန်းဗုံးသီး ၄ လုံးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကော်မရှင်တပ်ဘက်က ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း ရေးမြို့နယ်မြောက်ပိုင်း အောင်သပြေကျေးရွာအနီးရှိ စစ်ကော်မရှင် ယာယီစခန်းချနေရာကို ညီနောင်ဒရုန်းတပ်ပေါင်းစုတို့က ဒရုန်းဗုံးသီး ၄ လုံး ဗုံးကျဲ တိုက်ခိုက်ခဲ့သည်။

မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုသည် ညီနောင်တပ်ဖွဲ့ဖြစ်သော မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ ကာကွယ်ရေးဌာန ကွပ်ကဲမှုအောက်ရှိ မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ရင်း(KBDF) (အမှတ်- ၈၀၀၂ တပ်ရင်း)၊ ရေးပြောက်ကျားတပ်ရင်း (YGF) (အမှတ်- ၈၀၀၁ တပ်ရင်း) မှ ဒရုန်းတပ်ဖွဲ့များဖြင့် စုဖွဲ့ထားသော ဒရုန်းတပ်ပေါင်းစု ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း ရေးမြို့နယ်၊ ခေါဇာမြို့တွင် ကင်းလှည့်နေသော စစ်ကော်မရှင်တပ်ကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)နှင့် ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ရင်း/အမှတ် (၈၀၀၂) ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဘက်က ၂ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ညီနောင်တော်လှန်ရေးတပ်ဖွဲ့ဘက်က ထိခိုက်မှု မရှိကြောင်း သိရသည်။


