မွန်ပြည်နယ် ရေးမြို့နယ် အောင်သပြေရွာအနီးရှိ စစ်ကော်မရှင်စစ်ကြောင်း၏ ယာယီစခန်းနှင့် သံဖြူဇရပ်မြို့နယ် ထင်းရှုးရဲစခန်းကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုမှ ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ထုတ်ပြန်သည်။
ရေးမြို့နယ်မြောက်ပိုင်း အောင်သပြေရွာအနီးတွင် ယာယီစခန်းချ နေထိုင်နေသော အင်အား ၁၅၀ခန့် ရှိသည့် စစ်ကော်မရှင်စစ်ကြောင်းကို ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင်၌ ဒရုန်းဖြင့် ဗုံး ၄ လုံးကြဲချ တိုက်ခိုက်ခဲ့သည်။
အလားတူ သံဖြူဇရပ်မြို့နယ်၊ ထင်းရှုးကျးရွာ အနီးရှိ ရဲစခန်းကို မတ်လ (၁) ရက်နေ့ နေ့လည် ၁၁ နာရီဝန်းကျင်တွင် ဒရုန်းဖြင့် ဗုံး ၄လုံးကြဲချ တိုက်ခိုက်ခဲ့ပြီး စစ်ကော်မရှင်ဘက်မှ တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ရွေးကောက်ပွဲကျင်းပပြုလုပ်ပြီးနောက်ပိုင်း ဖေဖော်ဝါရီလဆန်းအတွင်း အမှတ် ၈ ပြည်ထောင်စု လမ်းမကြီးကို ထိန်းချုပ်နိုင်ရန် ရေးမြို့နယ်မြောက်ပိုင်းကို စစ်ကော်မရှင်အဖွဲ့မှ စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးလည်း မကြာခဏ လုပ်ဆောင်လျှက်ရှိသည်ဟု မွန်ပြည်တော်လှန်ရေးတပ် MSRFမှ ပြောရေးဆိုခွင့်ရှိသူ မိတလညဏ်က ပြောသည်။

“ သူတို့အင်းအားက ၁၅၀လောက်ရှိတယ် သူတို့စစ်ကြောင်းက ပျောက်လိုက်ပေါ်လိုက် အဲ့လိုဖြစ်နေတာ လက်နက်ကြီးဆိုလဲ မကြာခဏ ပစ်တယ် ပြောရရင် သူတို့က ရွေးကောက်ဖြစ်ပြီးနောက်ပိုင်းမှာ အမှတ် ၈ ပြည်ထောင်စု လမ်းမကြီးကို သူတို့ ပြန်ထိန်းချုပ်ချင်နေတာ” ဟု မိတလညဏ်က ပြောသည်။
အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုတွင်မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုမှ တစ်စုံတစ်ရာထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ညီနောင်တပ်ဖွဲ့ဖြစ်သောာ မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ ကာကွယ်ရေးဌာန ကွပ်ကဲမှုအောက်ရှိ မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ရင်း(KBDF) (အမှတ်- ၈၀၀၂ တပ်ရင်း)၊ ရေးပြောက်ကျားတပ်ရင်း (YGF) (အမှတ်- ၈၀၀၁ တပ်ရင်း) မှ ဒရုန်းတပ်ဖွဲ့များဖြင့် စုဖွဲ့ထားသော မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုမှ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ထို့အပြင် စစ်ကော်မရှင်အဖွဲ့မှ ရေး_ သံဖြူဇရပ်လမ်းပိုင်းကို ဖေဖော်ဝါရီလနောက်ဆုံးအပတ်မှ စ၍ စစ်ဆေးမှုတင်းကြပ်ထားပြီး ရေးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာအချို့တွင် ရွာအတွင်းနှင့်အနီးတဝိုက်ကို ကင်းလှည့်ပြီး လုံခြုံရေးတင်းကြပ်ထားသည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ ရေးနဲ့ သံဖြူဇရပ်လမ်းပိုင်းကို သူတို့ စစ်ဆေးမှုတွေ များလာတယ် မစစ်ဆေးဖူးတဲ့ ဂိတ်တွေလဲ သူတို့ မှတ်ပုံတင် ယူစစ်ကြတယ် အခါတိုင်းဆို ကြည့်တောင်မကြည့်ဘူး၊ ရွာတွေဘက်မှာလဲ ၁၅ယောက်၊ ၂၀ယောက်လောက်ရှိနေတယ် သူတို့ကင်းလိုက်ပတ်နေကြတယ် နေ့လည် ၁၂ တောင် ကင်းလှည့်သေးတယ်” ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ရေးမြို့နယ်မြောက်ပိုင်းနှင့် ရေး-သံဖြူဇရပ် နယ်စပ်ကြားတွင် ၂၀၂၆ ခုနှစ်နှစ်ဆန်းပိုင်း၌ စစ်ကော်မရှင်အဖွဲ့မှ အပြင်းအထန် စစ်ကြောင်းထိုးဝင်ရောက်ခြင်းများ လုပ်ဆောင်နေပြီး တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်များနှင့် မကြာခဏ ထိတွေ့ တိုက်ပွဲဖြစ်ပွားနေသည်။
ထို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် ရေးမြို့နယ်မြောက်ပိုင်းနှင့် ရေး-သံဖြူဇရပ် နယ်စပ်ကြားတွင် စစ်ကြောင်းထိုးနေခြင်းကြောင့် အချိန်မရွေးတိုက်ပွဲများဖြစ်လာနိုင်သည့်အတွက် သတိပြုသွားလာနေထိုင်ကြရန် မိတညဏ်က တိုက်တွန်းပြောဆိုထားသည်။


