မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ တက္ကသိုလ်ပတ်လမ်းနှင့် ကင်းမွန်ခြုံလမ်းထောင့်ရှိ နေအိမ် မီးလောင်မှုဖြစ်ပွားခဲ့ရာမှ အဘိုးအဘွား နှစ်ဦး သေဆုံးပြီး မြေးဖြစ်သူ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ယနေ့ မတ်လ ၂ ရက်နေ့ နံနက် ၂ နာရီ ၂၀ မိနစ်အချိန်ခန့်က မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ ဒေါင်းဇရပ်၊ တက္ကသိုလ်ပတ်လမ်းနှင့် ကင်းမွန်ခြုံလမ်းထောင့်ရှိ အလျား (၂၀) ပေ၊ အနံ (၃၅) ပေခန့်ရှိ အုတ်ညှပ်၊ သွပ်မိုး နှစ်ထပ်တိုက်အိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။
နေအိမ်မီးလောင်မှုကို မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးစိုးကျော်သူ ဦးစီးသော မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက မီးငြှိမ်းသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၆ စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်ခဲ့သည့် နေအိမ်တွင် အသက် ၇၇ နှစ်နှင့် ၇၂ အရွယ် အဘိုးအဘွားနှင့် မြေးဖြစ်သူ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတို့ နေထိုင်ကြသည်။
နေအိမ်မီးလောင်မှုဖြစ်စဉ်တွင် အဘိုးနှင့် အဘွားဖြစ်သူ နှစ်ဦးစလုံး သေဆုံးခဲ့ပြီး မြေးဖြစ်သူမှာ ဘယ်ဘက် လက်မောင်းနှင့် ညာဘက်ပုခုံးတို့တွင် မီးလောင်ဒဏ်ရာများရရှိခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။
“မီးလောင်မှုဖြစ်ပွားတဲ့နေအိမ်မှာက မြေးအဘိုးအဘွား ၃ ဦးနေထိုင်ကြတာလို့ သိရပါတယ်။ မီးလောင်မှုဖြစ်နေတဲ့အချိန်မှာ အဖိုးအဘွား ၂ ဦးက အိမ်ရှေ့ဘက်ကို ထွက်လာကြပေမယ့် အိမ်ပြင်မရောက်ဘဲ အိမ်ရှေ့နားမှာ မီးခိုးမွှန်ပြီး မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာမျိုး တွေ့ရတယ်။ မြေးဖြစ်သူကတော့ အိမ်အနောက်ဘက်ကနေ ထွက်လာနိုင်ပေမယ့် သူ့မှာလည်း မီးလောင်ဒဏ်ရာတွေရရှိခဲ့ပါတယ်” ဟု ဟု Bo Bo Win Rescue မှ ကိုဘိုဘိုဝင်းက ပြောသည်။
မီးလောင်ဒဏ်ရာ ရရှိသည့် အမျိုးသမီးကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့က မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေရသည်ဟု ဆိုသည်။
မီးလောင်ရခြင်းအကြောင်းအရင်းကို မသိရသေးကြောင်း သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေလျက်ရှိကြောင်း မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။












