မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ အာဟာရမူကထဆိုင်ဘေးရှိ နေအိမ်တစ်အိမ် မီးလောင်မှုဖြစ်ပွားရာမှ အသက်ကြီးပိုင်းအဘိုးအဘွားနှစ်ဦး သေဆုံးသွားခဲ့ရပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မော်လမြိုင် မီးသတ်တပ်ဖွဲ့မှတစ်ဆင့် သိရသည်။
အဘိုးအဘွားနှစ်ဦးနှင့် သမီးဖြစ်သူတို့ နေထိုင်သည့် အဆိုပါနေအိမ်တွင် တည်ထားသည့်လျှပ်စစ်ရေးနွေးအိုး အပူလွန်ကဲရာမှ ယနေ့ နံနက် ၂ နာရီခွဲအချိန်တွင် မီးစတင်လောင်းကျွမ်းမှု ဖြစ်ပွားခဲ့သည်။
နေအိမ်မီးလောင်စဉ် မီးခိုးငွေ့ကြောင့် နေအိမ်အခန်းအတွင်းရှိ အဘိုးအဘွားနှစ်ဦး အောက်စီဂျင်ပြတ်လပ်မှုဖြစ်ပွားပြီး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံ အကူအညီမရရှိသေးအချိန်မှာပင် အသက်ဆုံရှုံးခဲ့ရပြီး သမီးဖြစ်သူမှာ မီးလောင်ဒဏ်ရာများဖြင့် မော်လမြိုင်ဆေးရုံတွင် ဆေးကုသခံနေကြောင်း မီးသတ်ဦးစီးဌာနက ဆိုသည်။
“ဖြစ်ပုံကတော့ မီးလောင်နေတဲ့မီးအခိုးငွေ့တွေကြောင့် အောက်ဆီဂျင်ပြတ်သွားတယ် အခန်းထဲမှာ၊ အောက်ဆီဂျင်ပြတ်တော့ အခန်းထဲမှာ အဘိုးနဲ့အဘွားက မေ့မျောသွားတာ။ မီးလောင်းဒဏ်ရာနဲ့ဆုံးသွားတယ်။ သူ့သမီးကတော့ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်။ ဒဏ်ရာတွေတော့ရတယ်။” ဟု ဆိုသည်။
မီးလောင်မှုကြောင့်သေဆုံးသူနှစ်ဦးကို ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ဘိုဘိုဝင်းလူမှုကူညီရေးအသင်းတို့က မော်လမြိုင်ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဆက်ပြောသည်။
မီးလောင်မှုကို မော်လမြိုင်အခြေစိုက် မီးသတ်အဖွဲ့ပေါင်းစုံမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး မနက် ၃ နာရီဝန်းကျင်အချိန်တွင် မီးငြိမ်သွားခဲ့သော်လည်း အလျား (၂၀) ပေ၊ အနံ (၃၅) ပေခန့်ရှိ အုတ်ညှပ်၊ သွပ်မိုး (၂) ထပ်နေအိမ်မှာ မီးအတွင်း လုံးဝလောင်ကျွမ်းခဲ့သည်။
မော်လမြိုင်မီးသတ်ဦးစီးဌာနမှလည်း ပေါ့ဆမှုကြောင့်မီးလောင်းမှုဖြစ်စဉ် ဖြစ်ပွားမှုများနေသည့် မွန်ဒေသတွင် နွေရာသီကာလအတွင်း ပြည်သူများ မီးဘေးအန္တရာယ် အထူးသတိပြုစေလိုကြောင်း တိုက်တွန်းသည်။
ယခုနှစ် ၂၀၂၆ ခုနစ်အတွင်း မွန်ပြည်နယ်အတွင်း မီးလောင်မှု (၇) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ရာ လူနေအိမ် (၆၁) လုံး ထက်မနည်း မီးလောင်ပျက်ဆီးခဲ့ပြီး၊ ရော်ဘာမှိုင်းခံရုံ (၃) ရုံ မီးလောင်ပျက်စီးခဲ့ရကြောင်း သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနများမှ အချက်အလက်များအရ သိရသည်။





ပုံ- ဘိုဘိုဝင်း


