spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းမကြာမီဖွင့်လှစ်တော့မည့် ပြည်နယ်လွှတ်တော်အပေါ် မွန်ဒေသခံများ၏ မျှော်လင့်ချက်စကားသံ

    မကြာမီဖွင့်လှစ်တော့မည့် ပြည်နယ်လွှတ်တော်အပေါ် မွန်ဒေသခံများ၏ မျှော်လင့်ချက်စကားသံ

    -

    စစ်ကော်မရှင်၏ တတိယအကြိမ် တိုင်းနှင့်ပြည်နယ် လွှတ်တော်ပုံမှန်အစည်းအဝေးကို လာမည့် မတ်လ ၂၀ ရက်နေ့မှစ၍ စတင်ကျင်းပသွားရန်ရှိသည်ဟု စစ်ကော်မရှင်က ဖေဖော်ဝါရီ ၂၃ ရက်နေ့ရက်စွဲဖြင့် ကြေညာထားသည်။

    စစ်အာဏာသိမ်းမှုကြောင့် ပဋိပက္ခဒဏ်အမျိုးမျိုးဖြင့် ဒေသခံများ ယနေ့အချိန်အထိ ရင်ဆိုင်နေရဆဲဖြစ်သည့်အပြင် ပြည်သူများ၏အသံကို ကိုယ်စားပြုဖော်ပြနိုင်သည့် လွှတ်တော်အစည်းအဝေးများလည်း ၅ နှစ်တာ ရပ်နားထားရသည်။

    ပြည်သူ့အုပ်ချုပ်ရေးစနစ်ပျက်ပြားနေပြီးဖြစ်‌သောကြောင့် ပေါ်ပေါက်လာမည့် ပြည်နယ်လွှတ်တော်မှတစ်ဆင့် ထိန်းကျောင်းသွားရန်၊ ပြည်သူ့အသံနှင့် ပြည်သူ့ဆန္ဒကိုကိုယ်စားပြုရန် မျှော်လင့်နေသူများရှိသလို ဟန်ပြရွှေးကောက်ပွဲသာဖြစ်သည့်အတွက် နိုင်ငံရေးအတွက် တစ်စုံတစ်ရာ ထူးခြားမှုရှိမည်မဟုတ်ဟုလည်း မွန်ဒေသခံအချို့ ပြောဆိုနေကြသည်။

    လွှတ်တော်ကိုယ်စားလှယ်ထိုင်ခုံ ၃၁ နေရာရှိသည့် မွန်ပြည်နယ်လွှတ်တော်တွင် ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ် ၁၁ ဦး၊ တပ်မတော် ကိုယ်စားလှယ် ၈ ဦး မွန်ညီညွတ်ရေးပါတီကိုယ်စားလှယ် ၇ ဦး ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီနှင့် အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီမှ ကိုယ်စားလှယ် ၁ နေရာစီ နေရာရရှိထားသည်။

    မွန်ပြည်သူများနှင့် နီးစပ်မှုရှိသည့် ကိုယ်စားလောင်းပါဝင်နေသည့် မွန်ပြည်နယ်လွှတ်တော်သည် ဒေသခံပြည်သူများ၏အသံကို ကိုယ်စားပြုနိုင်မည်လား၊ လွှတ်တော်အပေါ် မည်သို့မျှော်လင့်ထားသည်ကို လွတ်လပ်သောမွန်သတင်းအေဂျင်စီမှ မွန်ဒေသခံပြည်သူအချို့နှင့် ဆက်သွယ်မေးမြန်းထားသည်။

    ချောင်းဆုံဒေသခံ အမျိုးသားတစ်ဦးက

    အရေးကြီးဆုံးက စစ်ရေးပဋိပက္ခတွေ ချုပ်ငြိမ်းဖို့မျှော်လင့်တယ်။ ဒီလွှတ်တော်က ပြည်သူနဲ့နီးစပ်မှုရှိလာဆိုတော့ တပ်ကိုယ်စားလှယ်ကလွဲရင် ရှိတယ်ပဲပြောရမယ်။ ဒါပေမဲ့ ပြည်သူ့အသံကို ကိုယ်စားပြုနိုင်မလားဆိုတာမေးခွန်းထုတ်စရာရှိတယ်၊ ကိုယ်စားလှယ်တော်တော်များများက ပါတီလောင်ရိပ်ကို ခိုထားတာများတဲ့အတွက် ပြည်သူ့အသံကိုတိုက်ရိုက်ကိုယ်စားပြုဖို့ခက်လိမ့်မယ်၊ ပါတီမူဝါဒကို ကိုယ်စားလှယ်တွေကလွန်ဆန်နိုင်မလား။ ကိုယ်စားလှယ်တွေက တပ်မတော်အကျိုးစီးပွားနဲ့ ငြိမဲ့ကိစ္စဆို ပြည်သူတွေ ဘယ်လောက်တောင်းဆိုတောင်းဆို ပြောရဲမယ်မထင်ဘူး။ အခုလို နိုင်ငံရေးကနေ စစ်တပ်မထွက်နိုင်သေးတဲ့အချိန် လွှတ်တော်ထဲမှာမြင်ချင်တာက ပြည်သူ့ကိုယ်စားလှယ်တွေအပြင် စစ်တပ်ကိုယ်စားလှယ်တွေရော တော်လှန်ရေးကိုယ်စားလှယ်တွေရော လွှတ်တော်ထိုင်ခုံစားပွဲဝိုင်းမှာ စည်စည်ကားကားနိုင်ငံအတွက် ဆွေးနွေးငြင်းခုံနေတာကို မြင်ချင်တာပါ။ ရန်ဖြစ်ရင်လည်းလွှတ်တော်မှာ ဆော်ကြပေါ့၊ ကြည့်ကောင်းပါတယ်၊ အပြင်မှာသေနတ်နဲ့ တိုက်တာထက်စာရင် ပြည်သူ့အိုးအိမ် ပျက်စီးဆုံးရှုံးမှုမရှိရအောင်ပေါ့။

    သံဖြူဇရပ်မှဒေသခံ အမျိုးသမီးတစ်ဦး

    လွှတ်တော်ထဲမှာ စစ်တပ်နဲ့ စစ်တပ်ဩဇာခံတဲ့ ပုဂ္ဂိုလ်ပါတီတွေပဲရှိတဲ့အတွက် ဘာမှမျှော်လင့်စရာမရှိပါဘူး။ နောက်ပြီးရွေးကောက်ပွဲကလည်း တရားဝင်မှုကိုလိုချင်လို လုပ်တဲ့ရွေးကောက်ပွဲဖြစ်သလို သူတို့ထွက်ပေါက်ကိုရှာတဲ့ ရွေးကောက်ပွဲလေ။ ပြည်သူ့တွေအတွက်တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲကနေဘာကိုမျှော်လင့်လိုရမှာလဲ။ သူတို့အကျိုးစီးပွားအတွက်ဝင်ပြိုင်တဲ့ လူနဲ့ အာဏာကိုမက်တဲ့လူနဲ့ပဲရှိတဲ့ လွှတ်တော်မှာ ဟန်ပြဘုရားတည်ကျောင်းဆောက်တာနဲ့ စာပေ၊ ယဉ်ကျေးမှုကိုဗန်ပြတာတွေပဲရှိမှာပေါ့။ နိုင်ငံရေးအတွက် ဘာမှမျှော်လင့်စရာမရှိပါဘူး။

    အမျိုးသမီးအသံကို ကိုယ်စားပြုသလားလို့မေးရင် သူတိုလှည့်ကွက်ကလည်း ရှိတယ်နော်။ ဒီတစ်ခေါက်ရွေးကောက်ပွဲမှာ အမျိုးသမီးအမတ်တွေများကြတယ်။ ဒါကလည်းသူတိုလှည့်ကွက်ပေါ့နော်။ နေရာပေးတယ်။ ဒါမယ့် ပါဝင်တဲ့အမျိုးသမီးတွေက အမျိုးသမီးအရေးအတွက် ဘယ်သူက ဘယ်လိုလုပ်ပေးမယ်ဆိုတာ မဲဆွယ်စည်းရုံးရေးမှာ ဘယ်သူမမပြောထားကြဘူး။ နောက်ပြီး အချို့အမတ်တွေက တစ်ချိုသော လှုပ်ရှားမှုတွေမှာ ပါဝင်ပေးမယ့်လည်း လူအခွင့်အရေးချိုးဖောက်ခံရတာနဲ့ပတ်သက်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာရော ခုထက်ထိ ပြောတဲ့လူ၊ speak out လုပ်ပေးတဲ့လူမရှိတဲ့အတွက် လူငယ့်တွေကို ကိုယ်စားပြုမပေးနိုင်သလို အမျိုးသမီးတွေကိုလည်း ကိုယ်စားမပြုပေးနိုင်လောက်ပါဘူး။

    ပေါင်မြို့နယ်ဒေသခံ အမျိုးသားတစ်ဦး

    ပြည်သူ့အုပ်ချုပ်ရေးစနစ်ပျက်သွားတာကြာပြီး၊ လွှတ်တော်ပေါ်လာရင် ပြည်သူ့အသံ၊ပြည်သူ့ဆန္ဒနဲ့ လွှတ်တော်တွေက တင်ပြပြီးတော့မှပြည်သူ့ဆန္ဒနှင့်အညီ အုပ်ချုပ်မှုစနစ်ပေါ်လာမယ်လို့မျှော်လင့်ရတယ်။ မွန်လွှတ်တော်မှာတော့ ပြည်ခိုင်ဖြိုးက အများအပြားနိုင်တယ်ဆိုပေမဲ့ မွန်ပါတီကလည်း အမတ်အရေအတွက် အများအပြားရထားတဲ့အတွက် ပွတ်တိုက်မှုအားကောင်းလာမယ်။

    လွှတ်တော်က conflict လေးနဲ့ ပွတ်တိုက်မှု ရှိမှပဲတိုးတက်မယ်လေ၊ နောက်တစ်ခုက စစ်တပ်လက်ထက်မှာတော့ ရပ်ကျေးအုပ်ချုပ်ရေးမှူးကစပြီးတော့ ဌာနဆိုင်ရာဝန်ထမ်းတော်တော်များများက ဥပဒေနဲ့မညီတဲ့လုပ်ငန်းတွေလုပ်ကိုင်တာရှိတယ် ဒါကစစ်တပ်က မထိန်းနိုင်ပေမဲ့ လွှတ်တော်ပေါ်လာရင် လွှတ်တော်ကနေတစ်ဆင့်အစိုးရအဖွဲ့ကို ထိန်းကျောင်းသွားမယ်လို့ ယူဆရတယ်။ စစ်တပ်အုပ်ချုပ်ရေးထက်စာရင်တော့ ပြည်သူ့အုပ်ချုပ်ရေး စနစ်ပြန်ပေါ်လာတာကိုမျှော်လင့်တယ်။ မွန်ပြည်နယ်ကမွန်အမတ်ကိုအများကြီးရထားတော့ အခြားပြည်နယ်နဲ့တိုင်းထက်စာရင်တော့ သာတယ်လို့ယူဆတယ်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks