ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် တစ်ရက်အတွင်း ရွှေဈေး သုံးသိန်းကျော်မြင့်တက်ခဲ့ပြီး ယနေ့ မတ်လ ၁ ရက်နေ့ ညနေပိုင်းတွင် ပြင်ပပေါက်ဈေးအရ ၁၆ ပဲရည်ရွှေ ၁ ကျပ်သားဈေးနှုန်း တစ်ရာ့ဆယ့်နှစ်သိန်း ၁၁,၂၀၀,၀၀၀ အထိရှိနေသည်ဟု ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
လက်ရှိတွင် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စ ဒေါ်လာ ၅၂၈၀ ဝန်းကျင်သို့ ရောက်ရှိနေခြင်းဖြစ်ပြီး တစ်ရက်အတွင်း တစ်အောင်စ ဒေါ်လာ ၁၀၀ နီးပါးမြင့်တက်လာခြင်းဖြစ်သည်။
ကမ္ဘာ့ရွှေဈေးနှင့်အတူ ပြည်တွင်းရွှေဈေးလည်း လိုက်ပါမြင့်တက်လျှက်ရှိရာ ယမန်နေ့က ၁၆ ပဲရည်တစ်ကျပ်သားဈေးနှုန်း တစ်ရာ့ရှစ်သိန်းငါးသောင်း ၁၀,၈၅၀,၀၀၀ ကျပ်မှ တစ်ရက်အတွင်း သုံးသိန်းငါးသောင်းကျပ် ၃၅၀,၀၀၀ ကျပ်အထိ မြင့်တက်ခဲ့သည်။

အင်အားကြီးနိုင်ငံများကြား စစ်ရေးပဋိပက္ခအခြေအနေကြောင့် ကမ္ဘာ့ရွှေဈေးကွက် မတည်မငြိမ်ဖြစ်ပြီး အတက်အကျ ကြမ်းနိုင်သလို ကမ္ဘာ့ငွေဈေးနှင့် ရေနံဈေးများလည်း အတက်ဘက်သို့ သွားနိုင်ခြေရှိသည်ဟုလည်း ဈေးကွက်လေ့လာသူများက သုံးသပ်ကြသည်။
ပြည်တွင်းရွှေဆိုင်များမှ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ရွှေဈေးသိန်းတစ်ရာအထက်ရောက်ရှိသွားသည့်ချိန်မှစ၍ ရွှေတုံးရွှေခဲများကို ဝယ်ယူမှု ရပ်နားထားရပြီး အွန်လိုင်းငွေချေစနစ်ဖြင့် လက်ခံရောင်းဝယ်ခြင်းမျိုးလည်း မလုပ်နေကြောင်း သိရသည်။
ကမ္ဘာ့ စစ်ရေးသတင်းနှင့်အတူ ကမ္ဘာ့ရွှေဈေးသည် ဈေးကွက်ပိတ်ရက်တွင်ပင် ဈေးအတက်အကျမြန်နေခြင်းဖြစ်ပြီး မနက်ဖြန်ဈေးကွက်ဖွင့်ရက်မှ၍ တစ်ပတ်အတွင်း အီရန်နှင့် အစ္စရီတို့ကြား စစ်ရေးပဋိပက္ခများအပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲဆက်ရှိနိုင်ကြောင်းလည်း ရွှေဈေးကွက်အသိုင်းအဝိုင်းမှ ခန့်မှန်းထားသည် ။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်နေ့က ပြည်တွင်းရွှေဈေး ၁၆ ပဲရည်တစ်ကျပ်သား တစ်ရာ့ဆယ်ရှစ်သိန်း ၁၁,၈၀၀,၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်းလည်း သိရသည်။
သို့သော် ရန်ကုန်ရွှေလုပ်ငန်းရှင်အသင်းမှ ၁၆ ပဲရည်ရွှေတစ်ကျပ်သားကို ၆,၉၀၀,၀၀၀ သိန်းဟု သတ်မှတ်ထားဆဲဖြစ်ပြီး ရွှေဈေးမတည်ငြိမ်စေရေး ရွှေသိုလှေင်ဝယ်ယူမှုများကို အရေးယူသွားမည်ဟုလည်း စစ်ကော်မရှင်မှ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။


