ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA ၏ အမှတ် (၂) စစ်နည်းဗျူဟာဌာန၏ ဗျူဟာမှူး ဗိုလ်မှူးကြီး စောအေဝမ်းပိုင်ဆိုင်သည့် ဘုရားသုံးဆူဒေသရှိ အဆောက်အဦးများတွင် အွန်လိုင်းငွေလိမ်လုပ်ငန်းများ ဆက်လက်လည်ပတ်နေသည်။
ဘုရားသုံးဆူဒေသတွင် DKBA အပြင် စစ်ကော်မရှင်တပ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ KNU – ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် နယ်ခြားစောင့်တပ် BGF တို့ လှုပ်ရှားကာ ငွေလိမ်လုပ်ငန်းနှင့် ပတ်သက်ပြီး မြဝတီဒေသရှိ ရွှေကုက္ကိုလ်၊ KK Park တို့နှင့်အပြိုင် နာမည်ကြီးသည်။
အထူးသဖြင့် ဘုရားသုံးဆူဒေသတွင် ဗိုလ်မှူးကြီးစောအေးဝမ်း၏ အင်ပါယာမှာ ပိုမိုကျယ်ပြန့်ပြီး ဒေါနတောင်အနောက်ခြမ်းတစ်ခုလုံးနီးပါး စောအေဝမ်းပိုင် လုပ်ငန်းများ လက်ညိုးထိုးမလွဲပေ။
ထိုကဲ့သို့ ကြီးမားသည့် စောအေဝမ်းအင်ပါယာအောက်တွင် အိမ်နီးချင်းထိုင်းနှင့် တရုတ်နိုင်ငံတို့၏ ဖိအားများကြားမှ ကျားဖြန့်လုပ်ငန်းခွင်များ အရှိန်အဟုန်ဖြင့်ပင် တိုးချဲ့လာသည်။

“မြို့နဲ့ ၇ ကီလိုမီတာ ၈ ကီလိုမီတာလောက် ဝေးတဲ့ အဲဒီနေရာမှာတော့ သဘာဝရေကူးကန်ဆိုတာ ရှိတယ်။ အဲ့သဘာဝရေကူးကန်ဘေးမှာလည်း တရုတ်တွေအများကြီးနေနေတာရှိတယ်။ အဲဒီမှာ သူတို့ ကာရာအိုကေဟောတွေ ဘာတွေရှိတယ်။ အဲဒီသဘာဝေရေကူးကန်ဘေးမှာ ဗိုလ်အေဝမ်းပိုင် တည်ဆောက်ထားတဲ့ အဆောက်အအုံတွေရှိတယ်လေ။ သူက မြေဧက ၄၀ လောက်ကျယ်တယ်။ အုပ်တံတိုင်း အမြင့်ကြီးတွေရှိတော့ အပြင်က မမြင်ရဘူး။ အခုလက်ရှိလဲ ဆောက်နေတုန်းပဲ အဲဒီမှာ။ ဆောက်ထားပြီးသားနေရာတွေမှာလဲ တရုတ်တွေက နေနေတာရှိတယ်လေ။” ဟု စောအေဝမ်းနယ်မြေမှ ကျားဖြန့်လုပ်ငန်းခွင်စောင့် လုံခြုံရေးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
သတင်းရင်းမြစ်ကပြောဆိုလာသည့် ခြံဝန်းကို ဂြိုလ်တုမြေပုံတွင်လည်း ရှာဖွေတွေ့ရှိရပြီး ဆောက်လက်စဖြစ်နေသည့် အဆောက်အဦးများကိုလည်း တွေ့မြင်ရသည်။
ဘုရားသုံးဆူမြို့အပြင်ဘက်ရှိ သဘာဝရေတံခွန်အနီး ဧက ၄၀ ခြံဝန်းတွင် တရုတ် လူမျိုး ၅၀၀ ခန့်ဖြင့် လည်ပတ်နေသည့် ကျားဖြန့်ခြံဝန်းရှိကြောင်း သိရသည်။
ချောင်းဆုံရေတံခွန်အနီးတွင်လည်း အထပ်မြင့်အဆောက်အဦး ၅ ခုဖြင့် တရုတ်လူမျိုး ၅၀၀၀ နီးပါးအထိ အခြေစိုက်နေပြီး ခြံဝန်းကြီးများအတွင်း ဆေးကုသဆောင်၊ KTV များနှင့် စျေးဆိုင်များပင် ပါဝင်သည်။
အဆိုပါဒေသရှိ ကျားဖြန့်လုပ်သားများသည် ယခင်က ဘုရားသုံးဆူမြို့ပေါ်တွင် အခြေစိုက်သူများပါဝင်သလို မြဝတီဒေသမှ ပြောင်းရွှေ့ထွက်ပြေးလာသူများလည်း ပါဝင်သည်ဟု သိရသည်။
ထိုင်းနှင့် တရုတ်အစိုးရ ပူးပေါင်းပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက် ကျားဖြန့်လုပ်ငန်းများကို စတင် နှိမ်နှင်းခဲ့သည့် ၂၀၂၅ ခုနှစ်ဆန်းပိုင်းတွင် ဘုရားသုံးဆူဒေသမှ တရုတ်လူမျိုးများနှင့် လောင်းကစားလုပ်ငန်းများကို ဗိုလ်အေဝမ်းကပဲ စာထုတ်ပြီး မြို့ပေါ်ကနေ မောင်းထုတ်ခဲ့သည်။
ဗိုလ်အေဝမ်းက တရုတ် ငွေလိမ်းဂိုဏ်းများကို မြို့ပေါ်ကနေ မောင်းထုတ်တာဟာ ဟန်ပြရုံသာဖြစ်ပြီး ထိုတရုတ် ငွေလိမ်ဂိုဏ်များကို ၎င်း၏ ပိုက်နက်ဖြစ်သည့် မြို့ပြင်တွင် နေရာချပေးပြီး ငွေလိမ်လုပ်ငန်းများကို ဆက်လက်လည်ပတ်စေခဲ့သည်။
“အဲဒီမှာ တရုတ်တွေကို လုံခြုံရေးယူပေးရတာက လက်နက်ကိုင်တွေပေါ့။ ကျွန်တော်တို့အနီးပတ်ဝန်းကျင်က ကောင်လေးတွေက DKBA ကိုရောက်သွားပြီးတော့ အဲဒီမှာ တရုတ်တွေကို လုံခြုံရေးယူနေရတယ်။ အဲဒီတရုတ်တွေ ကျားဖြန့်လုပ်တဲ့ နေရာထဲကိုတော့ အပြင်လူ ဘယ်သူမှ ဝင်လို့မရဘူး။ လုံခြုံရေးတောင် ဝင်ခွင့်မရှိဘူး” ဟု IMNA ၏ သတင်းအရင်းအမြစ်က ပြောသည်။
စောအေဝမ်းသည် ကျားဖြန့်လုပ်ငန်းများမတိုင်ခင်က မြင်းဆေး ခေါ် မူးယစ်ဆေးဝါးဖြင့် နာမည်ကြီးခဲ့သူတစ်ဦး ဖြစ်သည်။
ဗိုလ်မှူးကြီး စောအေဝမ်းကတော့ ဘုရားသုံးဆူမြို့နှင့် အနီးနားတဝိုက်က ကျားဖြန့် ငွေလိမ်လုပ်ငန်းနှင့် ပတ်သက်ပြီး ငြင်းနေဆဲပင်။
ဘုရားသုံးဆူမြို့နှင့် အနီးနားတဝိုက်က ကျားဖြန့် ငွေလိမ်လုပ်ငန်းနှင့် ပတ်သက်ပြီး ဗိုလ်မှူးကြီး စောအေဝမ်းကို IMNA က ၂၀၂၅ ခုနှစ်အတွင်း ဆက်သွယ်မေးမြန်းခဲ့ရာတွင် ၎င်းနယ်မြေအတွင်း ကျားဖြန့်လုပ်ငန်းမရှိကြောင်း ငြင်းဆိုခဲ့သည်။


