ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်တွင် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၇ ဦး တက်ရောက်မည့် မွန်ညီညွတ်ရေးပါတီအနေဖြင့် လွှတ်တော်တွင် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စများကို ဦးစားပေဆောင်ရွက်သွားမည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက IMNA သို့ပြောသည်။
ရွေးကောက်ပွဲကျင်းပပြီးစီးခဲ့သည့် စစ်ကော်မရှင်အနေဖြင့် လွှတ်တော်အစည်းအဝေးများကို မတ်လတတိယအပတ်တွင် စတင်ခေါ်ယူသွားမည်ဟု ဖေဖော်ဝါရီ ၃ ရက်နေ့ ရုရှားနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှုးနှင့်တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုထားသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း မကွေးတိုင်းနှင့် မွန်ပြည်နယ်တွင် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် တတိယအကြိမ် ပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရန် တာဝန်ရှိသူများက ညှိုနှိုင်းအစည်းအဝေးများ ပြုလုပ်ခဲ့ကြောင်းလည်း စစ်ကော်မရှင်ဘက်က ထုတ်ပြန်ထားသည်။
ပွင့်လင်းမြင်သာမှုမရှိသည့် စစ်ကော်ရမရှင်ရွေးကောက်ပွဲမှ ပေါ်ပေါက်လာမည့် လွှတ်တော်အတွင်း တိုင်းရင်းသားလူမျိုးများအတွက် မည်သို့သောအခွင့်အရေးများပေါ်ပေါက်လာနိုင်ကြောင်းနှင့် စစ်ကော်မရှင်၏ အစိုးရအဖွဲ့အတွင်း စစ်တပ်မှပဲ ဦးဆောင်သွားမည်လားဆိုသည့် အကြောင်းအရောအပေါ် ဒေါက်တာဗညားအောင်မိုးနှင့် ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ အခုဆိုရင် လွှတ်တော်တက်ရောက်နိုင်ဖို့ အမည်စာရင်း ထုတ်ပြန်တာတွေ လုပ်ဆောင်နေပြီးဆိုတော့ မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်ဘက်က ဘာတွေပြင်ဆင်ဆောင်ရွက်နေတာရှိပါသလဲ။
ဖြေ။ ။ အချိန်တန်လာတော့ လွှတ်တော်အသစ်က ပေါ်လာပြီးပေါ့နော်။ အခုလည်း လွှတ်တော်အသစ်အတွက် ပြင်ဆင်နေတာရှိတယ်။ ပြည်နယ်အဆင့်ကိုယ်စားလှယ်တွေက ပြည်နယ်မှာလွှတ်တော်တက်မယ်။ ပြည်ထောင်စုအဆင့်တွေက နေပြည်တော်မှာတက်ကြမယ်။ ဒါကတော့ ပုံမှန်အတိုင်းပဲပေါ့နော်။ ဟိုဟိုဒီဒီညွှန်ကြားလာတာမျိုးတော့ မရှိသေးဘူး။ အခုတော့ လွှတ်တော်အမတ်တွေကို အသိမှတ်ပြု စာရင်းသွင်းနေပြီး။ ဒါပြီးရင် အမတ်တွေကို လွှတ်တော်တက်ရမဲ့အကြောင်း စာပို့အကြောင်းကြားမှာပါ။ အရင်အတိုင်းပါပဲ လွှတ်တော်က လွှတ်တော်အလုပ်ပြန်လုပ်မှာပါ။ ပါတီတွေကို အထူးတလည် ညွှန်ကြားတာတွေတော့မရှိသေးဘူးပေါ့နော်။
မွန်ညီညွတ်ရေးပါတီအနေနဲ့တော့ ဗဟိုကော်မတီအဆင့် တွေ့ဆုံ ဆွေးနွေးဖို့ လုပ်နေတာရှိတယ်။ လွှတ်တော်တက်မဲ့ အမတ်တွေအကုန်လုံးကို ပါတီကနေ ဖိတ်ခေါ်ဆွေးနွေးတာတွေ လုပ်ဖို့ရှိတယ်။ ပါတီကို ကတိကဝတ်ပြုဖို့အတွက်ပါပဲ။ ပါတီအပေါ်မှာ သစ္စာရှိမှာဖြစ်ကြောင်း၊ ပါတီရဲ့မူဝါဒတွေအတိုင်း လျှောက်လှမ်းမှာဖြစ်တဲ့အကြောင်းတွေပေါ့နော်။ ပါတီအနေနဲ့ကတော့ ပြင်ဆင်စရာရှိတာ ပြင်ဆင်နေမှာပေါ့နော်။
မေး။ ။လွှတ်တော်ကနေတစ်ဆင့် တိုင်းရင်းသားတွေအတွက် ဘယ်လိုအခွင့်အရေးတွေ လုပ်ပိုင်ခွင့်တွေ ပေါ်လာမယ်လို့ ထင်ပါသလဲ။
လွှတ်တော်ပေါ်လာလို့ရှိရင်တော့ ကျနော်တို့ပါတီတွေ ပြည်သူလူထုကို ကတိပေးထားတဲ့အတိုင်း ဆက်ပြီးလုပ်ဆောင်သွားဖို့ရှိတယ်။ လုပ်ခွင့်လည်း ရတော့မှာပါ။ ကျနော်တို့ရဲ့အခြေအနေက ငြိမ်းချမ်းရေး၊ ပဋိပက္ခအရေးနဲ့အများကြီးဆိုင်နေတယ်ပေါ့။ အချို့အလုပ်က ကျနော်တို့တင်ပြတယ် လွှတ်တော်ကလည်း ခွင့်ပြုတယ်ဆိုပေမဲ့ ဒေသတွင်းအခြေအနေဲ့ လုံခြုံရေးအခြေအနေတွေကြောင့် လုပ်လို့မရတာတွေလည်း ရှိလာမယ်လို့မြင်တယ်။ လွှတ်တော်ရှိလာတယ်ဆိုပေမဲ့ ဒီကနေ့အခြေအနေက အရင်အခြေအနေနဲ့ မတူဘူးလေ။ နိုင်ငံရေးနဲ့ ပတ်သတ်ပြီးတော့လည်း ငြိမ်းချမ်းရေးဖော်ဆောင်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီနိင်ငံ ဖော်ဆောင်ဖို့လည်း ကြိုးပမ်းသွားမယ်။ ဒါပေမဲ့ ဒါကလည်း ပါတီအားလုံး လွှတ်တော်ကိုယ်စားလှယ်အားလုံးနဲ့ ဆိုင်ပါတယ်။ ပြောရရင် လွှတ်တော်မှာက ကျနော်လူတွေနည်းတယ်လေ။ ပြည်ထောင်စုအဆင့်လွှတ်တော်မှာဆို ၁၀ ဦးပဲရှိတယ်။ ကျနော်တို့ရဲ့ လမ်းကြောင်းအတိုင်း စည်းရုံးသွားမဲ့အပေါ်မှာ အခြားပါတီတွေလည်း ဘယ်လောက်အထိ လိုက်ပါလာမလဲပေါ့။ အထူးသဖြင့် အစိုးရလုပ်မဲ့ပါတီတွေ ကျနော်တို့ဘက်ရှိလာမယ် အခြားပါတီတွေလည်း လိုက်ပါလာမယ်ဆိုရင် ပြည်သူတွေကို ကျနော်တို့ ကတိပေးထားတဲ့အတိုင်း ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီကိစ္စတွေ ဘယ်လောက်ထိပြည့်စုံမလဲဆိုတာ အဲခါကျမှ ပြောနိုင်မှာပေါ့လေ။
ဒီနေ့တိုက်ပွဲအခြေအနေတွေကိုလည်း ကျနောတို့ သံဝေဂ ရသင့်နေပါပြီး။ အဲကြောင့် နိုင်ငံရေးကဏ္ဍမှာ ဦးဆောင်ပါဝင်နေတဲ့သူတွေ သူသူငှာငှာ ဆင်ခြင်ရင် ဆွေးနွေးပြောဆိုဖို့ ပိုလွယ်ကူလာမယ်လို့လည်း ထင်တာပေါ့နော်။
မေး။ ။ မကြာခင်မှာ အစိုးရအသစ်ဖွဲ့စည်းဖို့ရှိတော့ စစ်တပ်ကပဲ အစိုးရနေရာတွေမှာ ဦးဆောင်သွားနိုင်မလားဆိုတာ ဆရာသုံးသပ်ပေးပါအုံး။
ဖြေ။ ။ အခုဆိုရင် ပြည်ခိုင်ဖြိုးပါတီက မဲအများဆုံး ရထားတယ်လေ။ သူတို့လူချည်းပဲက ၇၀ ရာခိုင်နှုန်းကျော်တယ်။ စစ်ဝတ်စုံအဖွဲ့နဲ့ပါ ပေါင်းလိုက်ရင် ၈၀ ရာခိုင်နှုန်းအထိ နေရာရထားတော့ သူတို့ခန့်အပ်တဲ့အတိုင်းပဲပေါ့လေ။ ကျနော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးရခါစ ၁၉၄၇ ကွန်စတီကျူးရှင်းရယ်၊ ဒုတိယ ကွန်စတီကျူးရှင်းဖြစ်တဲ့ ၁၉၇၄ ရယ်၊၂၀၀၈ ကွန်စတီကျူးရှင်တွေက အာဏာရထားတဲ့ ပါတီက စိတ်ကြိုက်လုပ်ပိုင်ခွင့်ပေးထားတယ်လေ။ အခုမှမဟုတ်ဘူး လွတ်လပ်ရေးရကတည်းကပဲ။ အဲဒါကြောင့် majority နဲ့ မဲနိုင်ထားတဲ့ သူတွေက စိတ်ကြိုက်ရွေးချယ်ခန့်တာတွေလုပ်ရင် ကျန် minority တွေ တိုင်းရင်းသားတွေပါတီတွေ စိတ်တိုင်းမကျတာတွေ ရှိနိုင်တယ်ပေါ့။
မေး။ ။ လက်ရှိ ပြင်ဆင်နေတဲ့လွှတ်တော်ခင်းအကျင်းမှာ ဘာတွေထူးခြားတာတွေရှိတာလဲ။
ဖြေ။ ။ ထူးခြားတာတွေကတော့ ဒီတစ်ခေါက် လွှတ်တော်အခင်းအကျင်းထဲမှာ ၂၅ ရာခိုင်နှုန်းက စစ်ဝတ်စုံနဲ့ လာတက်တာရှိမယ်။ မဲနိုင်ပြီးတော့ ပါတီကိုယ်စားလှယ်အနေနဲ့ တက်ရောက်မဲ့ စစ်တပ်လူထွက်တွေလည်း အများကြီးပါမယ်။ ပြောချင်တာက စစ်တပ်ခေါင်းဆောင်နေရာကနေ ပါတီအမတ်အဖြစ် ဝင်အရွေးခံထားတဲ့ သူတွေပေါ့။ ဒါ့ကြောင့် ဒီတစ်ခေါက်လွှတ်တော်ရဲ့ ထူးခြားချက်က စစ်တပ်ကနေ စစ်ဝတ်စုံနဲ့ ၂၅ ရာခိုင်နှုန်း လာတက်တာလည်းရှိမယ်။ အဲဒါအပြင် ဝတ်စုံလဲထားတဲ့ စစ်တပ်လူထွက်တွေလည်း အများကြီး ပါနေတယ်။
မေး။ ။ဖြည့်စွက် ပြောချင်တာမျိုးတွေရှိရင် ပြောပေးပါအုံး။
အခုကဘာလဲဆိုရင် ရွေးကောက်ပွဲမှာကတိပေးထားတဲ့အတိုင်း ကြိုစားပြီးတော့ အကောင်အထည်ဖော်သွားမယ်။ အဲဒါအပြင် ပြည်သူတွေရဲ့ အမြင်တွေ ပညာရှင်တွေ၊ သံဃာတော်ကနေ လူမျိုးရေးအတွက် အကျိုးရှိမဲ့အရာ၊ ပြည်သူတွေအတွက် အကျိုးရှိမဲ့ အကြံပြုချက်တွေ ပေးရင်လည်း ကျနော်တို့ လွှတ်တော်ဆီကို သယ်ယူပြီးတော့ အကောင်အထည်ဖော်ပေးသွားမှာပါ။ အဲဒါကြောင့် ပြည်သူလူထုတွေ၊ ပညာရှင်တွေ၊ သံဃာတော်တွေအနေနဲ့ ကျနော်တို့ မွန်ညီညွတ်ရေးပါတီ အမတ်တွေနဲ့ အဆက်သွယ်မပြတ်ကြဖို့ကိုလည်း ကျနော်ဒီကနေ တိုက်တွန်းလိုပါတယ်။ ဝန်းရံကြပါ၊ အကြံညာဏ်တွေ ပေးကြဖို့ပါ။
ကျေးဇူးတင်ပါတယ်။


