စစ်ရေးပဋိပက္ခဖြစ်ပွားနေသည့် ဒေသမှ နိုင်ငံသားစိစစ်ရေးကဒ်ပြား (မှတ်ပုံတၚ်) ကိုင်ဆောင်ထားသူများ ပြည်တွၚ်းခရီးသွားလာရာတွၚ် ရဲစခန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှသာ လက်မှတ်ရောင်းချပေးမည်ဟု အဝေးပြေးယာဉ်လိုင်းများထံမှ သိရသည်။
၁၁/ မှတ်ပုံတင် ကိုၚ်ဆောၚ်သည့် ရခိုင်ပြည်နယ်ဒေသခံများ၊ ၁၃/ မှတ်ပုံတင် ကိုင်ဆောင်သူများအနက် ကျောက်မဲ၊ လားရှိုး၊ နမ္မတူ၊ သီပေါ၊ ကုန်းကြမ်းမြို့နယ်ဒေသခံများ၊ ၉/ မှတ်ပုံတင်ကိုင်ဆောင်သည့် မိုးကုတ်မြို့နယ်ဒေသခံများ၊ ၈/ မှတ်ပုံတင်ကိုင်ဆောင်သည့် မကွေးမြို့နယ်နှင့် ၅/ မှတ်တင်ကိုင်ဆောင်သည့် မုံရွာ၊ မြောင်၊ ရွှေဘိုမြို့နယ်မှ ဒေသခံများ ခရီးသွားလာရာတွင် ရဲစခန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တပတ်ကြိုတင် ယူရမည်ဖြစ်သည်။
ထိုဒေသမှ ပြည်သူများ ခရီးသွားလာရာတွင် ထောက်ခံစာ ယူရမည်ဆိုသည်ကို စစ်တပ် စစ်ဆေးရေးဂိတ်များမှတဆင့် ညွှန်ကြားထားသလို အထွေထွေအုပ်ချုပ်ရေးဌာဘက်ကလည်း စာပို့ညွှန်ကြားထားကြောင်း အဝေးပြေးယာဉ်လိုင်းများဘက်က ဆိုသည်။

“စပြောလာတာက ဒီစစ်ဆေးရေးဂိတ်ကြီးတွေက ပြောလာတာ။ ရန်ကုန်အဝင်ဂိတ်တွေမှာ အဓိကပြောလာတော့ ကျွန်တော်တို့ပါ ညွှန်ကြားချက် ထုတ်ရတာပါ။ နောက်ပြီး ထွေအုပ်ဘက်ကလည်း စာပို့လာပါတယ်။ တစ်ပတ်အတွင်း ထောက်ခံစာလိုပါတယ်။ ဒီဘက်မှာတော့ ထောက်ခံစာမပါရင် မရောင်းပေးတော့ဘူးဗျ။ တချို့ကလည်း အတုတွေ ဘာတွေနဲ့ လာတာတွေရှိတယ်။ အဲဒီလိုတွေရှိလာရင် ကျွန်တော်တို့ တာဝန်မယူဘူးလို့ကြိုတင်ပြောပါတယ်။ တခြားခရီးသည်တွေလည်းရှိနေတယ် အဲဒီလိုတွေဖြစ်လာရင် အဲဒီဂိတ်မှာပဲ ထားခဲ့ရမယ့်အခြေအနေပါ” ဟု ရန်ကုန်မှ တောင်ကြီးသို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းတစ်ခုက တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အဆိုပါ တင်းကြပ်မှုဖြစ်စဉ်မျိုးကို ၂၀၂၄ ခုနှစ်ခန့်တွင် ရခိုင်၊ ရှမ်း၊ ကရင်နီ၊ စစ်ကိုင်း၊ မကွေး စသည့် ဒေသများမှ မှတ်ပုံတင်ကိုင်ဆောင်ထားသူများအပေါ် ခရီးသွားလာခွင့်ကို စတင်တင်းကြပ်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ မန္တလေးတိုင်းရှိ အချို့ဒေသများပါ ပါဝင်လာပြီး စစ်တပ်စစ်ဆေးရေးဂိတ်များတွင် ပိုမိုတင်းကြပ်စွာ စစ်ဆေးလာကြောင်း ယာဉ်လိုင်းများဘက်က ပြောသည်။
“အရင်ကခရီးသွားတာတော့ သိပ်တော့ပြဿနာမရှိပါဘူး။ ရန်ကုန်ကိုရောက်နေတာလည်း နည်းနည်းတော့ ကြာပြီလေ။ ဒီကြားထဲ ပုဂံဘက်ကို ခရီးထွက်ဖူးတယ်။ အဲဒီတုန်းကလည်း ထောက်ခံစာယူရတယ်။ လမ်းမှာ စစ်တော့ ကိုယ်ကတော့ တခြားလူတွေထက် ပိုအစစ်ခံရတယ်။အဲဒီ မန္တလေးမရောက်ခင်မှာအစစ်ခံရတာ။ ရန်ကုန်မှာနေတာကြာပါပြီဆိုတော့ နည်းနည်းတော့လက်ခံသွားတယ်။ အခုဒီစာထပ်ထွက်လာတော့ ခရီးသွားရမှာတော့ နည်းနည်းလန့်တာပေါ့ ယာဉ်လိုင်းတွေဘက်ကလည်း တာဝန်မယူဘူးဆိုတော့လေ” ဟု ၁၁/ မှတ်ပုံတင်ကိုင်ဆောင်ထားသူ ကိုဇော်ဇော်က ပြောသည်။
အာဏာသိမ်းပြီးနောက် စစ်တပ်၏ စစ်ဆေးရေးဂိတ်များမှာ အခကြေးငွေကောက်ခံခြင်း၊ နှိပ်စက်ခြင်း၊ စစ်သားစုဆောင်းခြင်းများနှင့် နာမည်ကြီးလာသည်။
စစ်တပ်က တင်းကြပ်ထားသည့် ဒေသများမှာလည်း လက်နက်ကိုင်တော်လှန်ရေးအားကောင်းသည့် ဒေသများဖြစ်သည့်အတွက် ၎င်းတို့ ထိန်းချုပ်မြို့များသို့ လက်နက်နှင့် မြေအောက်တော်လှန်ရေးအင်အားစုများ စိမ့်ဝင်လာမည်ကို တင်းတင်းကြပ်ကြပ်စစ်ဆေးနေခြင်းဖြစ်ကြောင်း CDM စစ်သားများက ထောက်ပြပြောဆိုသည်။


