ထိုင်းနိုင်ငံတွင် လာမည့် ဖေဖော်ဝါရီ ၈ ရက်နေ့၌ ပြည်လုံးကျွတ် ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ပြီး လက်ရှိ ရွေးကောက်ပွဲကာလအတွင်း ထိုင်းရောက် မြန်မာနိုင်ငံသားများအနေဖြင့် သတိပြုသွားလာနေထိုင်ကြရန် ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်သူများက ပြောသည်။
လက်ရှိ ရွေးကောက်ပွဲနီးလာမှုနှင့်အတူ ထိုင်းအမျိုးသားအစွန်းရောက်များမှ ရွှေ့ပြောင်းအလုပ်သမား ဆန့်ကျင်ရေးနှင့် ပတ်သက်၍ ပိုမိုဟောပြောလာကြောင်း၊ မြန်မာရွှေ့ပြောင်းများအနေဖြင့်လည်း ထိုင်းဥပဒေများကို လိုက်နာရန်လိုအပ်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသူ၊ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။

“အဓိကတော့ လက်ရှိ ရွေးကောက်ပွဲနီးတော့ ပိုဆိုးလာတာပေါ့နော်၊ ရွေးကောက်ပွဲ နီးလာတဲ့အချိန်မှာ သူတို့ရဲ့ အမျိုးသားအစွန်းရောက်ဖက်ကနေပြီးတော့ ရွှေ့ပြောင်းအလုပ်သမား ဆန့်ကျင်ရေးကို ပိုဟောတယ်။ ပြီးခဲ့တဲ့ နှစ်ထဲမှာလည်း ထိုင်း – ကမ္ဘောဒီးယား ပြဿာနာ၊ စစ်ဖြစ်နေတဲ့ ပြဿနာတွေအပေါ်မှာလည်း အခြေခံတာပေါ့။ ဆိုတော့ နောက်တစ်ခုကလည်း မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကိုယ်၌ကလည်း ထိုင်းဥပဒေကို လေးစားလိုက်နာမှု လျော့ရဲလာတာတွေလည်း တွေ့ရတယ်။ မလိုက်နာတာတွေလည်း တွေ့ရတယ်။ အဲဒီအပေါ်မှာလည်း အခြေခံပြီးတော့ ထိုင်းအာဏာပိုင်တွေကလည်း စစ်ဆေးဖမ်းဆီးမှုတွေ ပိုလုပ်နေတယ်လို့ ကျနော်တို့အနေနဲ့ ပြောလို့ရတာပေါ့” ဟု ၎င်းက ပြောသည်။
ယခုရက်ပိုင်း ထိုင်းရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ထိုင်းမျိုးချစ် အစွန်းရောက်အဖွဲ့များမှ ဦးဆောင်၍ မြန်မာရွှေ့ပြောင်းလုပ်သားများ၊ အထောက်အထားမဲ့ သူများကို ဝင်ရောက်စစ်ဆေးဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။
ထိုင်း – မြန်မာနယ်စပ်ရှိ မဲဆောက်မြို့ဈေးတစ်ခုကို ယနေ့ နံနက်ပိုင်းက ထိုင်းအာဏာပိုင်များမှ အထောက်အထားမဲ့ မြန်မာဈေးသည်များကို ဝင်ရောက်ဖမ်းဆီးမှု ပြုလုပ်ခဲ့ကြောင်း မဲဆောက်တွင် နေထိုင်သူ မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။
“ဒီနေ့ ဈေးထဲ တောမောင်း (ထိုင်းလဝကရုံး) ဝင်တာ ငါးထမ်းတွေထားပြီးတော့ အကုန်ထွက်ပြေးကြတာ၊ ဈေးသည်တွေကို အဓိကထားတယ်လေ၊ ဈေးရောင်းတဲ့သူတွေ မြန်မာနိုင်ငံသားတွေ ဈေးရောင်းမရဘူး။ အဲဒီဈေးသည်တွေကို အဓိကထားတယ်၊ ဈေးဆိုင်တွေကို စစ်တယ်၊ စာရွက်စာတမ်း အထောက်အထား စုံမစုံ၊ နာမည်ခံထားတာ ဟုတ်မဟုတ်၊ ပြီးရင် ဖမ်းတယ်” ဟု ပြောသည်။
ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ဖြစ်ပွားလာသည့် ပြဿနာများ၊ အခက်အခဲများကို ရွှေ့ပြောင်းလုပ်သား ကူညီပေးရေးအဖွဲ့အစည်းအသီးသီးက လိုက်ပါကူညီနေသော်လည်း သန်းနှင့်ချီသော လူဦးရေဖြစ်သောကြောင့် အပြည့်အဝ ကူညီနိုင်ခြင်း မရှိကြောင်း၊ ထို့အတူ မြန်မာအာဏာပိုင်အဖွဲ့များလည်း အကူအညီပေးမှု နည်းပါးကြောင်း သိရသည်။
ထိုင်းရောက်မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းအစိုးရက လုပ်ကိုင်ခွင့် မပြုထားသည့် လုပ်ငန်း ၂၇ မျိုးကို လိုက်နာရန် လိုအပ်သလို၊ ထိုင်းနိုင်ငံ၏ ဥပဒေ၊ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှုများကို လေးစားရန် လိုအပ်ကြောင်း ဦးထူးချစ်က ဆက်ပြောသည်။
“အဓိကတော့ ကျနော်တို့လည်း အမြဲတမ်းပြောပါတယ်၊ ထိုင်းနိုင်ငံမှာ နေလို့ရှိရင် ထိုင်းအစိုးရရဲ့ သတ်မှတ်ထားတဲ့ ဥပဒေနဲ့အညီ နေထိုင်ကျင့်ကြံဖို့ သူတို့ သတ်မှတ်ထားတဲ့ လုပ်ငန်းပေါ့ဗျာ။ အလုပ်ပဲ လုပ်ကိုင်ဖို့ သူတို့ မလုပ်ခိုင်းတဲ့ အလုပ် ၂၇ မျိုးရှိတာပေါ့ဗျာ။ အဲဒီအလုပ်တွေကို မလုပ်နဲ့ပေါ့။ သူတို့အနေနဲ့ အမြဲတမ်းလည်း ဝေဖန်ပြောနေတယ်။ သူတို့အလုပ်တွေကို ကျနော်တို့ ရွှေ့ပြောင်းတွေက ခိုးယူလုပ်ကိုင်တယ်ဆိုတဲ့ဟာပေါ့။ နောက်တစ်ခုကလည်း ရွှေ့ပြောင်းအလုပ်သမားတွေပေါ့နော် တချို့ပါပဲ အွန်လိုင်းတွေမှာလည်း ဈေးရောင်းတာတို့ သူတို့ သတ်မှတ်ထားတဲ့ အလုပ်တွေ ဝင်လုပ်နေတာတို့ ရပ်ကွက်၊ ကျေးရွာတွေထဲမှာ ဆူဆူညံညံနေတာတို့ ဒေသခံထိုင်းလူမျိုးတွေနဲ့ ပြဿနာကြီးငယ်တက်တာမျိုး အဲဒါမျိုးတွေက ရှောင်ကြဉ်ရမယ်ပေါ့။ ပိုအရေးကြီးတာက ထိုင်းနိုင်ငံမှာ နေတာဆိုတော့ ထိုင်းနိုင်ငံရဲ့ ဥပဒေ၊ ထိုင်းနိုင်ငံရဲ့ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှုတွေကို လေးစားလိုက်နာပြီးတော့ သူတို့ရဲ့ ထိုင်းစကားနဲ့ ထိုင်းစာကိုတော့ စနစ်တကျ သင်ယူသင့်တယ်လို့ ကျနော်အနေနဲ့ တိုက်တွန်းချင်တယ်” ဟု ပြောသည်။
ထိုင်းအစိုးရက လုပ်ကိုင်ခွင့်မပြုသည့် အလုပ်အကိုင်များမှာ သစ်သားပန်းပုလုပ်ငန်း၊ ယာဉ်မောင်းလုပ်ငန်း၊ လေလံတင်အရောင်းအဝယ်လုပ်ငန်း၊ ကျောက်မျက်ရတနာလုပ်ငန်း၊ ဆံပင်ညှပ် အလှပြင်လုပ်ငန်း၊ ယက်ကန်းလုပ်ငန်း၊ ပွဲစားနှင့် အေဂျင်စီလုပ်ငန်း၊ ဧည့်လမ်းညွှန်လုပ်ငန်း၊ ဥပဒေရေးရာဝန်ဆောင်မှုလုပ်ငန်းစသဖြင့် လုပ်ငန်း (၂၇) မျိုးကို ကန့်သတ်ထားသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ ပိုမိုဝင်ရောင်လာခဲ့ပြီး စစ်အာဏာသိမ်းမှု မတိုင်မီ လူဦးရေ ၂ သန်းဝန်းကျင်ရှိရာ လက်ရှိတွင် ၆ သန်းဝန်းကျင်အထိ ရောက်ရှိလာကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီသူများက ပြောသည်။


