ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ နေအိမ် ၃၀ ကျော်ကို စစ်ကော်မရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်ထောင်စုပေါင်း ၅၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များမှ သိရသည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့၊ နံနက်ပိုင်းအချိန်က ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ပုဂေါဇွန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကော်မရှင်စစ်ကြောင်းကို ဒေသတွင်း အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် စတင်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ထို့နောက် စစ်တပ်အဖွဲ့မှ ပုဂေါဇွန်းကျေးရွာအနီးရှိ ရလိုင်ကျေးရွာနှင့် သစ်တိုထောင့်ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည့်အပြင် ဖေဖော်ဝါရီလ ၄ ရက်နေ့ မွန်းလွှဲပိုင်းအထိ စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေသဖြင့် ကျေးရွာ ၄ ရွာမှ အိမ်ထောင်စုပေါင်း ၅၀၀ ကျော်တို့ ဘေးလွတ်ရာဒေသဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

“အဲဘက်မှာ တိုက်ပွဲကတော့ ၃ ရက်ဆက်တိုက် ဖြစ်သွားတယ်၊ မနေ့ကအထိပေါ့နော်။ အိမ်တွေလည်း လာရှို့သွားတယ်။ အခုလောလောဆယ် ရွာ ၄ ရွာက စစ်ရှောင်နေရတယ်၊ အိမ်ထောင်စုပေါင်း ၅၀၀ ကျော် ရှိတယ်။ နှစ်ဖက်ပစ်ခတ်မှုကြောင့် ရွာသားတွေလည်း ထိခိုက်မှုရှိခဲ့တယ်။ အသေးစိတ်သိဖို့ ကျနော်တို့လည်း စုံစမ်းနေတုန်းပဲ” ဟု ကံပေါက် ပြည်သူ့ကာကွယ်ရေးတပ်မှ ကိုအောင်ပန်းက ပြောသည်။
သစ်တိုထောင့်ကျေးရွာသို့ ဝင်ရောက်လာသည့် စစ်ကော်မရှင်စစ်ကြောင်းသည် ရွာခံအချို့ကို ဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ လက်ရှိအချိန်အထိ ပြန်လည်လွတ်မြောက်ခြင်း ရှိ၊ မရှိကို အတည်မပြုနိုင်ကြောင်းလည်း ဆိုသည်။
တော်လှန်ရေးထိန်းချုပ်နယ်မြေအတွင်းသို့ နယ်မြေရှင်းလင်းရေးအတွက် စစ်ကော်မရှင်ဘက်က အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးဝင်ရောက်ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များ အခြေချနေထိုင်နေသည်ဟု ယူဆရသည့် ကျေးရွာများကို အကြောင်းမဲ့မီးရှို့ဖျက်ဆီးခြင်းများ ယခုရက်ပိုင်း ပိုမိုလုပ်ဆောင်လာကြောင်း တနင်္သာရီတိုင်းတွင် လှုပ်ရှားနေသည့် PDF အထူးတိုင်းစစ်ဌာန နည်းဗျူဟာ (၃၃) မှ တာဝန်ရှိသူ စောဒါးကိုက ပြောသည်။
“သူတို့က ကျေးရွာတွေကို တောက်လျောက် မီးရှို့ဖျက်ဆီးနေတယ်။ အဓိကကတော့ တော်လှန်ရေး အင်အားစုတွေ စိုးမိုးထားတဲ့နယ်မြေတွေကို ဝင်ရောက်ပြီး နယ်မြေရှင်းလင်းရေးလုပ်တဲ့နေရာမှာရှိတဲ့ ပြည်သူနေအိမ်တွေကို မီးရှို့တဲ့ဟာမျိုးက တောက်လျောက်ဖြစ်လာတယ်” ဟု စောဒါးကိုက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့နှင့် ၃၁ ရက်နေ့ကလည်း ပုလောမြို့နယ်၊ ပလမြို့ အမှတ် ၁ နှင့် အမှတ် ၂ ရက်ကွက်က နေအိမ်ပေါင်း ၇၀ ကျော်နှင့် ရှပ်ပုံကျေးရွာက နေအိမ်ပေါင်း ၄၀ ကျော်ကို ပလမြို့ အမှတ် ၁ ရက်ကွက်အတွင်း တပ်စွဲထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သေးသည်။
တနင်္သာရီတိုင်းဒေသအတွင်းရှိ ရေဖြူ၊ ပုလော၊ တနင်္သာရီ၊ ထားဝယ်၊ မြိတ်နှင့် ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုကားလမ်းပေါ်တွင်လည်း စစ်ကော်မရှင်ဘက်က အင်အားဖြည့်တင်းမှုများလုပ်ဆောင်နေပြီး တော်လှန်ရေးပူးပေါင်းတပ်မှ ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေသဖြင့် နေ့စဉ်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။






