တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်-ထားဝယ် ရေကြောင်းလမ်းပေါ်တွင် ပြေးဆွဲနေသည့် စပိဘုတ်ယာဉ်တစ်စီးကို အမည်မသိလက်နက်ကိုင်အဖွဲ့မှ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စပိဘုတ်ယာဉ်လုပ်ငန်းမှ တာဝန်ရှိတစ်ဦးက IMNA သို့ပြောသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်ခန့်တွင် ခရီးသည် ၁၀ ဦးကျော် တင်ဆောင်လာသည့် စပိဘုတ်ယာဉ်တစ်စီးသည် မြိတ်မြို့မှ ထားဝယ်မြို့သို့ ရေလမ်းအတိုင်း ထွက်ခွာလာစဉ် သရက်ချောင်းမြို့နယ်၊ ဆင်းကျန်းကျေးရွာနှင့် ကျွဲစပ်ကျေးရွာကြားတွင် အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က အသင့်စောင့်ကြိုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ခရီးသည်တွေ ပုံမှန်သွားလာနေတဲ့ အချိန်အတိအကျကို စောင့်ပြီး ပစ်သွားတာ။ ပစ်တဲ့အဖွဲ့က ယူနီဖောင်းလည်း မရှိဘူး။ ငါဖမ်းလေးသေးသေးလေးတွေနဲ့ ရည်ရွယ်ချက်ရှိရှိကို လုပ်သွားတာ။ စစ်ဆင်ရေးတစ်ခုလို သေသေချာချာကို လုပ်သွားတာပါ။ ခေါ်လည်း မခေါ်ဘူး၊ ရပ်ခိုင်းတာလဲ မဟုတ်ဘူး” ဟု စပိဘုတ်ရေယာဉ်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပစ်ခတ်မှုလုပ်ဆောင်ပြီးနောက် ထွက်ပြေးသွားခဲ့ပြီး စပိဘုတ်ရေယာဉ်နှင့် ဒဏ်ရာရသူများကို စစ်ကော်မရှင်အဖွဲ့က လာရောက်ကူညီခဲ့ကြောင်း ဆိုသည်။
ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်အပါအဝင် ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နီးစပ်ရာ ဆေးရုံသို့ အသီးသီးပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေရသည်။
“ကလေးတွေရော၊ လူကြီးတွေရော၊ ထိသွားကြတယ်။ ပစ်တဲ့လူတွေလည်း မြင်ပါတယ်၊ ကလေးတွေ ပါလာတယ်ဆိုတာကို။ ဘယ်သူလဲ၊ ဘယ်အဖွဲ့လုပ်သွားတယ်ဆိုတာကို မမေးပါနဲ့။ ဝန်ခံကြမဲ့လူတွေ မဟုတ်ဘူး” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
စစ်အင်အားဖြည့်တင်းရေး ကြိုးပမ်းနေသည့် စစ်ကော်မရှင်အဖွဲ့သည် ရေလမ်းမှတစ်ဆင့် အရပ်သားကဲ့သို့ သွားလာနေခြင်းများရှိသဖြင့် ရေယာဉ်များ အရှိန်ပြင်းမောင်းနှင်ခြင်းမပြုရန် စစ်ဆေးမှုခံယူရန် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များမှ ထားဝယ်ခရိုင် တော်လှန်ရေးအဖွဲ့များမှ မကြာခဏ သတိပေးထုတ်ပြန်လေ့ရှိသည်။
တော်လှန်ရေးထိန်းချုပ်မှု အားကောင်းနေသည့် မြိတ်-ထားဝယ်ကားလမ်းပိုင်းတွင် မကြာခဏ တိုက်ပွဲဖြစ်ပွားနေခြင်း၊ လမ်းများ မကြာခဏ ပိတ်ပင်ခြင်းနှင့် နယ်မြေလုံခြုံမှုမရှိခြင်းတို့ကြောင့် မြိတ်မြို့မှ ထားဝယ်မြို့သို့ ရေလမ်းမှတစ်ဆင့် အဓိက အသုံးပြုသွားလာနေကြကြောင်း သိရသည်။


