မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဟံဂံကျေးရွာအနီးရှိ ကျိုက်ဒေမရော ဘုန်းကြီးကျောင်းမှ သံဃာတစ်ပါးကို စစ်ဝတ်စုံဝတ်ဆင်ထားသူနှစ်ဦးက ကျောင်းမှခေါ်ထုတ်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ထားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
ဇန်နဝါရီ ၂၄ ရက်နေ့က ကျိုက်ဒေမရောဘုန်းကြီးကျောင်းရှိ သံဃာကို ခေါ်ထုတ်သွားပြီး ခေတ္တအကြာတွင် သေနတ်ပစ်ခတ်သံ နှစ်ချက်ကြားရကြောင်း၊ သေနတ်ဒဏ်ရာ၊ ရိုက်နှက်ဒဏ်ရာများဖြင့် ပျံလွန်တော်မူနေသည့် ရုပ်အလောင်းကို ဘုန်းကြီးကျောင်းနှင့်မနီးမဝေးရှိ ချောင်းစပ်တစ်ခုတွင် ဇန်နဝါရီ ၂၇ ရက်နေ့က တွေရှိခဲ့ရကြောင်း ဟံဂံဒေသခံတစ်ဦးက ဆိုသည်။

“ နှစ်ရက်လောက်ပျောက်နေတာလို့ကြားတယ်။ တွေ့တာက သဲတွေနဲ့ဖုံးထားတယ်။ သေနတ်နဲ့ပစ်ပြီး ရိုက်လည်းရိုက်ထားတယ်။ ရန်ငြိုးရှိတယ်လို့လည်း ပြောကြတယ်။ လာခေါ်တာ ဘယ်သူမှန်းမပြောနိုင်ဘူး။ ဘာလို့ဆို အဲ့ဦးဇင်းနေတဲ့ ကျောင်းဆောင်ကသက်သက်ဖြစ်နေတယ်” ဟု သူကပြောသည်။
အဆိုပါ ကျိုက်ဒေပမရောဘုန်းကြီးကျောင်းတွင် သံဃာ ၄ ပါးရှိပြီး ဟံဂံဒေသခံများ ကုသိုလ်ရေး တစ်စုံတစ်ရာအတွက် သွားရောက်လေ့ရှိသည့် ကျောင်းတစ်ကျောင်းလည်းဖြစ်သည်။
လက်ရှိတွင် ဟံဂံရွာနှင့် အနီးတစ်ဝိုက်ဒေသများကို မွန်ပြည်သစ်ပါတီ မှအုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာကိစ္စများ ဆောင်ရွက်နေသော်လည်း သတ်ဖြတ်ခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ စုံစမ်းစစ်ဆေးခြင်းမရှိဟု ရွာခံများကပြောသည်။
ပစ်သတ်ခံသည့် သံဃာသည် သက်တော် ၅၀၊ ဝါတော် ၂ ဝါရှိပြီး ရဟန်းဝိနည်းအတိုင်း နေထိုင်ကျင့်ကြံလေ့မရှိဘဲ မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့်အခြားဒုစရိုက်အမှုတွင် ပါဝင်ပတ်သတ်နေသဖြင့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲထံ သတိပေးခံရဖူးကြောင်းလည်း အထက်ပါဒေသခံက ဆက်ပြောသည်။
“ထိုင်းကနေပြန်လာပြီးတော့မှ ဦးဇင်းဝတ်လိုက်တယ် ဘယ်မှာဝတ်လဲမသိဘူး။ ပြီးတော့ ဒီကျိုက်ဒေပရမ်ကို ပြောင်းလာတယ်။ ဘုန်းကြီးကျောင်းမှာ ဦးဇင်းသုံးလေပါးရှိတယ် ကျောင်းမှာနေတာနှစ်နှစ်လောက်ပဲ သူကမူးယစ်ဆေးရောင်းနေတယ်လို့လည်း ပြောကြတယ်။ သတိပေးတာလည်း ခံရဖူးတယ်” ဟု ပြောသည်။
ရေးမြို့နယ်တွင် မူးယစ်ဆေးဝါးကိစ္စလုပ်ဆောင်သူများ ပစ်ခတ်သတ်ဖြတ်ခံမှုများ မကြာခဏဖြစ်ပွားလေ့ရှိသော်လည်း ကျူးလွန်သူများကိုပြန်လည်ဖော်ထုတ်စစ်ဆေးခြင်းများ မလုပ်ဆောင်ကြကြောင်းလည်း သိရသည်။



