ဖေဖော်ဝါရီ ၃၊ ၂၀၂၆
လက်ရှိ စစ်ရေးပဋိပက္ခဖြစ်ပွားနေသာ ဒေသများတွင် စစ်တပ်က လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို လက်နက်သဖွယ်အသုံးပြုနေသည်ဟု အမျိုးသမီးများအဖွဲ့ချုပ် (WLB) က ပြောသည်။
မြန်မာနိုင်ငံတဝန်း ၂၀၂၅ ခုနှစ်အတွင်း လိင်နှင့် ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု ၂၀၉ မှုကို မှတ်တမ်းတင်နိုင်ခဲ့သည်ဟု အမျိုးသမီးများအဖွဲ့ချုပ် (WLB) က ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ လိင်နှင့် ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု အများစုကို စစ်တပ်က ကျူးလွန်နေကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ ကောက်ယူထားသည့် အချက်အလက်များအရ သိရကြောင်း WLB မှ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် မီးငယ်က ပြောသည်။
“အဲဒီတော့ ဘယ်အဖွဲ့အစည်းတွေက ကျူးလွန်တာ ပိုများသလဲဆိုရင်တော့ လက်ရှိအခြေအနေအရ ကျမတို့ ပြောမယ်ဆိုရင် ကျူးလွန်တာတွေက စစ်တပ်ကနေပြီးမှ ကျူးလွန်တာပေါ့နော်၊ အုပ်စုဖွဲ့လိုက် မုဒိမ်းကျင့်ခြင်း၊ အုပ်စုဖွဲ့ပြီးမှ မုဒိမ်းကျင့်တယ် ပြီးရင်သူတို့စစ်ကြောင်းတွေ ထိုးတဲ့အချိန်မှာပေါ့ မုဒိမ်းကျင့်တာကို စစ်လက်နက်သဖွယ် အသုံးပြုပြီးတော့ လုပ်နေတာက အများစုက စစ်တပ်က ကျူးလွန်နေတာ ကျမတို့ အချက်အလက်ကောက်ယူထားတဲ့အပေါ်မှာ ကျမတို့ မြင်တွေ့ရတယ်” ဟု ပြောသည်။
စစ်တပ်သည် အကြမ်းဖက်မှုများကို ကျူးလွန်မှုကို အမျိုးသမီးနှင့် ကလေးငယ်များအား ပစ်မှတ်ထားကြောင်း၊ အထူးသဖြင့် စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ် ကချင်ပြည်နယ်တို့တွင် အာဏာသိမ်း ၅ နှစ်အတွင်း ပိုမိုဆိုးရွားလာနေကြောင်း ၎င်းက ဆက်ပြောသည်။
၂၀၂၅ ခုနှစ်အတွင်း လိင်နှင့် ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု၊ ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှ ရှင်သန်လွတ်မြောက်လာသူ အမျိုးသမီး ၁၂၁၂ ဦးကို WLB အနေဖြင့် ကူညီထောက်ပံ့မှုများ ပြုလုပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ အကြမ်းမဖက် အာဏာဖီဆန် လှုပ်ရှားသူ အမျိုးသမီး ၁၀၈ ဦး၊ အမျိုးသမီးလူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ စုစုပေါင်း ၃၁၀ ဦးကို ပံ့ပိုးကူညီပေးခဲ့ကြောင်း ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်၏ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို အပြစ်ပေး အရေးယူရန် ခက်ခဲကြောင်း၊ စစ်တပ်၏ ကျူးလွန်မှုများကို အရပ်သားခုံရုံးတွင် တရားစီရင်ခွင့် မပေးကြောင်း WLB မှ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် မီးငယ်က ဆက်ပြောသည်။
“စစ်တပ်က ၂၀၀၈ အခြေခံဥပဒေအရ သူတို့ကို အကာအကွယ်ပေးထားတာဆိုတော့ လက်ရှိအနေအထားအရ တိုက်ပွဲတွေလည်း ပြင်းထန်နေတယ်၊ မြေပြင်မှာပေါ့နော် အရေးယူဆောင်ရွက်မှုဆိုတာက အင်မတန်အလှမ်းဝေး နေတယ်၊ ကျမတို့ သိတဲ့အတိုင်း အခြေခံဥပဒေအရကလည်း သူတို့ကို အကာအကွယ်ပေးထားတာ ဖြစ်တယ်၊ အဲဒီတော့ အရေးယူမှုဆိုတာက လုပ်နိုင်တာ ကျမတို့ အင်မတန် နည်းတယ်၊ မလုပ်နိုင်ဘူးလို့ ပြောရင်လည်း မမှားဘူးပေါ့၊ ဘာလို့လည်းဆိုတော့ လက်ရှိအနေအထားမှာ ပြည်သူက သီးသန့် စစ်တပ်ကလည်း သီးသန့်ဖြစ်နေတဲ့အပေါ်မှာ အရေးယူအပြစ်ပေးမှုတွေက အင်မတန် နည်းပါတယ်” ဟု ပြောသည်။
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို လက်ရှိတွင် အပြစ်ပေး အရေးမယူနိုင်သေးသော်လည်း နိုင်ငံတကာအဖွဲ့အစည်းများ၊ UN၊ အာဆီယံအဖွဲ့အစည်းများ၊ သံတမန်အသိုင်းအဝိုင်းများဖြင့် ဆက်သွယ်၍ ဖိအားပေး လုပ်ဆောင်မှုများ ရှိကြောင်း သိရသည်။
အမျိုးသမီးများအဖွဲ့ချုပ် (WLB) အနေဖြင့် ဖိနှိပ်အုပ်ချုပ်မှုစနစ်များအား ဖျက်သိမ်းရန်၊ စစ်အာဏာ စိုးမိုးသည့် စနစ်၊ ဖိုဝါဒ ကြီးစိုးမှု စနစ်များကို စိန်ခေါ်ရန်အတွက် နိုင်ငံရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ရေး နှင့် လူမှုရေးအရ ပြောင်းလဲမှုများတွင် အမျိုးသမီးများ၏ တရားမျှတမှု ထိုက်တန်သော နိုင်ငံရေး အခန်းကဏ္ဍများမှာ ပါဝင်ရန် ဆက်လက်၍ လုပ်ဆောင်သွားမည်ဟု ပြောသည်။



