spot_img
Tuesday, February 3, 2026
More
    spot_img
    Homeသတင်းကျောင်းရွာကျေးရွာတွင် လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား

    ကျောင်းရွာကျေးရွာတွင် လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီ ၃၊ ၂၀၂၅။

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာတွင် ယနေ့နံနက် ၅ နာရီအချိန်ခန့်က ရေးပြောက်ကျားအဖွဲ့ (YGF) နှင့် ခမရ-၅၉၁ တပ်ရင်းအဖွဲ့တို့  လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးသွားကြောင်း ဒေသတွင်း သတင်းအရင်မြစ်များထံမှ သိရသည်။

    ရေးပြောက်အဖွဲ့(YGF) အဖွဲ့မှ ခမရ-၅၉၁ တပ်ရင်းသို့ ယနေ့နံနက် ၅ နာရီဝန်းကျင်တွင် လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ခဲ့ပြီးနောက် အဆိုပါတပ်ရင်းမှစစ်ကော်မရှင်တပ်သားတို့ လက်နက်ကြီးအပါအဝင်  ဒရုန်းဖြင့်ပြန်လည်ပစ်ခတ်မှုများပြုလုပ်ခဲ့သဖြင့် နာရီဝက်ကြာ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

    နှစ်ဖက်အဖွဲ့မှ ပစ်ခတ်သော လက်နက်ကြီးများ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိသော်လည်း နေအိမ်အချို့ပျက်စီးသွားခဲ့ရကြောင်း သိရသည်။

    “ မနက်ပိုင်း ၅နာရီလောက်မှာ ဖြစ်သွားတာ။ တော်လှန်ရေးဘက်က အရင်စပစ်တာ ပြီးမှ စစ်တပ်ဘက်ကပြန်ပစ်တာ စစ်တပ်က ဒရုန်းရော လက်နက်ကြီးရော လက်နက်ငယ်နဲ့ရော ၅၉၁တပ်ရင်းကနေ ပြန်ပစ်လိုက်တာ။ ဘယ်အဖွဲ့ဘက်က လက်နက်ကြီးကြောင့် အိမ်ထိသွားတာလဲဆိုတာမသေချာဘူး လက်နက်ကြီးက ရွာဆေးရုံနားမှာ ကျသွားတယ်။ ထိခိုက်တဲ့သူတော့မရှိဘူး။ စစ်တပ်က အဲ့အနီးမှာရှိနေတော့ ဘယ်သူမှ သွားမကြည့်ရဲဘူး။” ဟု ရေးဒေသခံတစ်ဦးက ပြောသည်။

    လက်နက်ကြီး ပစ်ခတ်မှုဖြစ်ပွားနေစဉ်တွင် ကျောင်းရွာ- ရေး လမ်းပိုင်းကို ခေတ္တပိတ်ဆို့မှုလုပ်ဆောင်ခဲ့ပြီး အခြေအနေပြန်လည်ငြိမ်သက်သွားသည့်နောက် ဖြတ်သန်းသွားလာခွင့်. ပြန်လည်ခွင့်ပြုခဲ့ကြောင်း အထက်ပါဒေသခံက ဆိုသည်။

    စစ်ကော်မရှင်အဖွဲ့မှ ကျေးရွာအတွင်းနှင့် ရွာအပြင်နေရာများသို့ စစ်အင်အားအများအပြား အသုံးပြုကာ စစ်ဆေးမှုလုပ်ဆောင်နေပြီး ပစ်ခတ်မှုအခြေအနေများကြောင့် ဒေသခံများက အပြင်ထွက်သွားလာသူ နည်းပါးသွားကြောင်းလည်း ဆိုသည်။

    “လက်နက်ကြီးပစ်နေ‌တဲ့အချိန်မှာတော့ စစ်တပ်ဘက်က လမ်းခဏပိတ်လိုက်တယ် ပြီးမှ ပြန်ဖွင့်ပေးတယ်။ စစ်‌ဆေးမှုတွေ လုပ်နေတယ်။ နဂိုကတည်းက ဘုန်းကြီးပျံပွဲတော်ရှိနေလို့ သူတို့ လုံခြုံရေးယူထားတာ မနေ့ညကပဲ ပွဲတော်တွေပြီးသွားတာ အခုလဲ ဒေသခံတွေ ကြောက်နေကြတယ် လက်နက်ကြီးက ရွာမှာကျသွားတော့ အပြင်သိပ်မသွားကြဘူး” ဟု အထက်ပါဒေသခံက ပြောသည်။

    ကျောင်းရွာကျေးရွာတွင် ဇန်နဝါရီလ ၃၀ရက်နေ့မှ ဖေဖော်ဝါရီလ ၂ ရက်နေ့မနက်ပိုင်းအထိ  ဘုန်းကြီးပျံပွဲတော်နှင့် မွန်အမျိုးသားနေ့အခမ်းအနားကို စည်းကာစွာ ကျင်းပခဲ့ကြောင်းလည်း သိရသည်။

    ပြီးခဲ့သည့် ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းရွာကျေးရွာ နေအိမ်တစ်အိမ်အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်ရှိ ဒေသခံအမျိုးသား ၂ ဦးနှင့် နို့တိုက်မိခင် အမျိုးသမီး ၁ ဦး ကျည်စထိမှန်ဒဏ်ရာ ရရှိခဲ့သည်။

    ရေးမြောက်ပိုင်းဒေသရှိ ကျေးရွာများအတွင်း ဇန်နဝါရီလဒုတိယအပတ်မှစ၍ ယနေ့အချိန်ထိ စစ်ကော်မရှင်တပ်ဖွဲ့မှ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ဒေသအတွင်း တော်လှန်ရေးတပ်ဖွဲ့တို့နှင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks