မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ စစ်ကော်မရှင်၏ လက်နက်ကြီး မီးခိုးငွေ့များကြောင့်ပါ ထပ်ဆင့်အုံ့မှိုင်းနေခဲ့သည်။
မြောက်ပိုင်းဒေသ၏ ဆောင်းက အသားထဲစိမ့်ဝင်အောင် အေးမြလွန်းလှသော်လည်း၊ ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်၏ မြို့ပြအချို့တွင်မူ နိုင်ငံရေး အပူရှိန်က တောက်လောင်လျက်ရှိသည်။
စစ်ကော်မရှင်သည် ၎င်းတို့၏ နိုင်ငံရေးထွက်ပေါက် အဖြစ် အပိုင်း (၃) ပိုင်းခွဲ၍ ကျင်းပသည့် ရွေးကောက်ပွဲ၏ နောက်ဆုံးအဆင့်ကို နိုင်ငံတစ်ဝှမ်း၌ အတင်းအဓမ္မ ဖော်ဆောင်လျက်ရှိသည်။
သို့သော် မြေပြင်၌ ကြားနေရသည်မှာ မဲပေးသူတို့၏ ဆန္ဒဖော်ထုတ်သံ သို့မဟုတ် မဲရုံဆီသို့ လျှောက်လှမ်းသည့် ခြေသံများမဟုတ်ပေ။
ဖားကန့်မြို့၏ တုန်ဟီးနေသော လက်နက်ကြီးသံများနှင့် ကျောက်မဲ၊ သီပေါမြို့တို့၏ ခြောက်ကပ်နေသော လမ်းမ ထက်က တိတ်ဆိတ်မှုများသာ ဖြစ်သည်။
လူသူကင်းမဲ့နေသည့် လမ်းမများ၏ ထိုတိတ်ဆိတ်မှုသည်ပင် စစ်ကော်မရှင်၏ အဓမ္မရွေးကောက်ပွဲအပေါ် ပြည်သူတို့၏ အသံတိတ် ဆန့်ကျင်မှုကို သက်သေပြနေသကဲ့သို့ ရှိတော့သည်။
ရှမ်းမြောက်၏ခြောက်ကပ်သောမဲရုံများနှင့် ‘ကိုယ်စားပြုမှုမဲ့ခြင်း’
ရှမ်းပြည် မြောက်ပိုင်း၏ အချက်အချာကျသော ကျောက်မဲနှင့် သီပေါမြို့နယ်များတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲသည် ‘ကိုယ်စားပြုမှု လုံးဝမရှိသော ရွေးကောက်ပွဲ’ အဖြစ် သမိုင်းတွင်ခဲ့သည်။
ကျောက်မဲမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၈၁ အုပ်စု ရှိသော်လည်း စစ်ကော်မရှင်သည် မြို့ပေါ်ရပ်ကွက် ၉ ခုနှင့် ကျေးရွာအုပ်စု ၅ အုပ်စုတွင်သာ မဲရုံများ ဖွင့်လှစ်နိုင်ခဲ့သည်။
ဤသည်မှာ တစ်မြို့နယ်လုံး၏ ၆ ရာခိုင်နှုန်းခန့်သာ ရှိပြီး ကျန်ရှိသည့် ၉၄ ရာခိုင်နှုန်းသော ဒေသခံများမှာ မဲပေးခွင့် ချန်လှပ်ခံခဲ့ရသည်။
ယင်းအခြေအနေနှင့် ပတ်သက်၍ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) နှင့် နီးစပ်သူတစ်ဦးက ယခုကဲ့သို့ မှတ်ချက်ပြုသည်။

“အခုကျင်းပတဲ့ရွေးကောက်ပွဲမှာရှမ်းတိုင်းရင်းသားတွေအများဆုံးနေထိုင်တဲ့ရွာတွေမပါဝင်ဘူးပေါ့ဗျာ။ဒါကြောင့်ဒီရွေးကောက်ပွဲဟာဒေသခံတွေကိုကိုယ်စားပြုမှုမရှိသလိုတရားမျှတမှုလည်းမရှိပါဘူး။”
ကျောက်မဲမြို့ခံတစ်ဦးကလည်း မဲရုံများ၏ လက်တွေ့ပုံရိပ်ကို ယခုကဲ့သို့ ပြောပြသည်။
“မြို့ထဲမှာမဲလာပေးတဲ့သူကလက်ချိုးရေလို့ရတယ်။မဲရုံပိတ်ခါနီးတဲ့အထိတစ်ယောက်စနှစ်ယောက်စပဲလာကြတာ။စစ်တပ်ကတော့မဲပေးသူ၅သောင်းကျော်ရှိတယ်လို့ထုတ်ပြန်ထားပေမဲ့လက်တွေ့မှာတော့မဲရုံတွေကခြောက်ကပ်နေတာပါ။လူတွေကမဲပေးဖို့ထက်လုံခြုံရေးအတွက်ပဲစိုးရိမ်နေကြတာ။”
အထူးသဖြင့် ရှမ်းတိုင်းရင်းသား အများစု နေထိုင်သည့် ကျေးရွာများမှာ စစ်ကော်မရှင်၏ ထိန်းချုပ်မှုအောက်တွင် မရှိသဖြင့် ရွေးကောက်ပွဲ နယ်မြေအတွင်း မပါဝင်ခဲ့ပေ။
စစ်ကော်မရှင်က မဲပေးသူ ငါးသောင်းကျော်ရှိသည်ဟု ဝါဒဖြန့်ထားသော်လည်း မြေပြင်တွင် မဲရုံများမှာ ခြောက် ကပ်နေခဲ့သည်။
ကျောက်မဲမြို့ခံတစ်ဦး၏ အဆိုအရ မဲရုံပိတ်ခါနီးအချိန်အထိ မဲလာပေးသူမှာ လက်ချိုးရေ၍ ရသလောက်သာ ရှိပြီး လူထုမှာ မဲပေးရန်ထက် လုံခြုံရေးအတွက်သာ စိုးရိမ်နေကြရသည်။
သီပေါမြို့တွင်လည်း မဲပေးသူ မရှိသလောက် နည်းပါးခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကသာ ပြိုင်ဘက်မရှိ အနိုင်ရသည့် ပုံစံမျိုးဖြင့် ရွေးကောက်ပွဲကို အဆုံးသတ်ခဲ့သည်။
ဖားကန့်၏လက်နက်ကြီးသံများကြားကသွေးစွန်းသောရွေးကောက်ပွဲ
ကချင်ပြည်၊ ဖားကန့်မြို့တွင်မူ ရွေးကောက်ပွဲသည် တိတ်ဆိတ်ရုံတင်မကဘဲ အရပ်သားများ၏ သွေးမြေကျမှုနှင့် ပါ ရင်ဆိုင်ခဲ့ရသည်။
စစ်ကော်မရှင်သည် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ဖားကန့်မြို့အဝင်အထွက် တံတားများကို ဇန်နဝါရီ ၂၃ ရက်နေ့ ကတည်းက ပိတ်ဆို့ထားခဲ့သည်။
မြေပြင်အခြေအနေနှင့် ပတ်သက်၍ ဖားကန့်မြို့ခံတစ်ဦးက “မဲရုံတွေကတော့ဖွင့်ထားတာပဲ၊ဒါပေမဲ့တစ်မြို့လုံးကဘယ်သူမှလည်းမဲသွားမပေးဘူး၊အိမ်ထဲမှာပဲအောင်းနေကြတာ။အပြင်မှာလည်းလက်နက်ကြီးသံတွေကလည်းကြားနေရတာဆိုတော့ဘယ်သူကသွားပေးရဲမှာလဲ။ဝန်ထမ်းအချင်းချင်းပဲပေးနေတာတွေ့ရတယ်” ဟု ပြောသည်။
ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းမှ စတင်ကာ ရွေးကောက်ပွဲ ကျင်းပစဉ်ကာလအတွင်း ဖားကန့်ဗျူဟာကုန်းနှင့် ရဲစခန်းဘက်မှ လက်နက်ကြီးများ တရစပ် ပစ်ခတ်ခဲ့မှုကြောင့် အရပ်သား ၅ ဦးထက်မနည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
မြေပြင်၌ ကူညီပေးနေသူတစ်ဦးက “လက်နက်ကြီးကျည်ကမြို့ပေါ်ရပ်ကွက်တွေထဲကျတာ။တောင်ပြိုရွာမှာတစ်ယောက်၊ဆိပ်မူမှာနှစ်ယောက်ထိတယ်။မြို့ပေါ်မှာလည်းထိတာရှိတော့အားလုံးပေါင်း၅ယောက်ထက်မနည်းဒဏ်ရာရထားတယ်။အဲဒီထဲက၃ယောက်ကတော့တော်တော်စိုးရိမ်ရလို့ခွဲစိတ်ခန်းဝင်နေရတယ်” ဟု ပြောသည်။
နောက်ထပ် မြို့ခံတစ်ဦးကလည်း စစ်တပ်၏ ဖိအားပေးမှုကို ယခုကဲ့သို့ ပြောပြသည်။
“မနက်ကတည်းကလက်နက်ကြီးသံတွေကတစ်ချက်ပြီးတစ်ချက်ပဲ၊အိမ်တွေတောင်တုန်နေတာ။ရွေးကောက်ပွဲလုပ်နေတဲ့ရပ်ကွက်တွေထဲကိုလက်နက်ကြီးတွေကျနေတာဆိုတော့ဘယ်သူမှသိပ်ပြီးအပြင်မထွက်ရဲကြဘူး။စစ်သားတွေကတော့ကျောင်းတွေထဲမှာသေနတ်တွေနဲ့စောင့်နေကြတာပဲ။”
စစ်ကော်မရှင်က မြို့အဝင်အထွက် တံတားများကို ပိတ်ဆို့ကာ လုံခြုံရေး အင်အားအလုံးအရင်းဖြင့် မဲရုံများ ဖွင့်လှစ်ခဲ့သော်လည်း မြေပြင်တွင် မဲပေးသူမှာ ဝန်ထမ်းအချို့သာ ရှိခဲ့သည်။
ရွေးကောက်ပွဲ ကျင်းပနေစဉ်အတွင်း လက်နက်ကြီးကျည်များမှာ ငှက်ပျောတောရပ်ကွက်နှင့် မြို့မရပ်ကွက်ရှိ လူနေအိမ်များပေါ်သို့ ကျရောက်ခဲ့သည်။
ထိုဖြစ်စဉ်ကြောင့် အရပ်သား ၅ ဦးထက်မနည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး အချို့မှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေမျိုး ဖြစ်သည်ဟု ဖားကန့်မြို့ခံအချို့က အတည်ပြုပြောသည်။
အဆိုပါအချက်မှာ စစ်ကော်မရှင်၏ ‘အေးချမ်းတည်ငြိမ်စွာ မဲပေးနေကြသည်’ ဆိုသည့် ထုတ်ပြန်ချက်နှင့် မြေပြင် အခြေအနေ မည်မျှကွာဟနေကြောင်း ပြသနေသည့် သက်သေပင် ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါဝင်ခွင့်မရှိတဲ့ရွေးကောက်ပွဲ
၂၀၂၁ ခုနှစ် စစ်တပ်မှ အာဏာသိမ်းယူသည့် အချိန်တွင် မြန်မာနိုင်ငံတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဦးဆောင်သော အစိုးရ ရှိနေခဲ့သည်။
NLD ပါတီသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲ တို့တွင် ရှမ်းပြည်နှင့် ရခိုင်ပြည်မှ အပ တိုင်းရင်းသား ဒေသများ အပါအဝင် တစ်နိုင်ငံလုံးတွင် သောင်ပြိုကမ်းပြို အနိုင်ရ ထားသော ပါတီ ဖြစ်သည်။
သို့သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီမှာ ယခု ရွေးကောက်ပွဲ တွင် ပါဝင် နိုင်ခြင်း မရှိခဲ့ပါ။ ယင်းသည်ပင် ရွေးကောက်ပွဲ၏ အဓိက အကျဆုံးသော အရွေးချယ် ခံပိုင်ခွင့် အခွင့်အရေး ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။
NLD ပါတီသည် ၂၀၂၅-၂၆ ရွေးကောက်ပွဲတွင် ပါဝင်ခြင်းမရှိရသည့် အဓိကအကြောင်းရင်းမှာ စစ်ကောင်စီက ခန့်အပ်ထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က NLD ပါတီကို နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းလိုက်ခြင်း ကြောင့် ဖြစ်သည်။

စစ်ကောင်စီက ထုတ်ပြန်ခဲ့သည့် “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်” အရ သတ်မှတ်ရက်အတွင်း ပါတီကို ပြန်လည်မှတ်ပုံမတင်သည့်အတွက်ကြောင့်ဟု ဆိုကာ ၂၀၂၃ ခုနှစ် မတ်လ ၂၈ ရက် တွင် NLD အပါအဝင် ပါတီပေါင်း ၄၀ ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။
NLD ပါတီဘက်ကမူ စစ်ကောင်စီသည် တရားဝင်အစိုးရမဟုတ်သည့်အတွက် ၎င်းတို့ထုတ်ပြန်သည့် ဥပဒေများကို လိုက်နာရန်မလိုကြောင်းနှင့် အဆိုပါရွေးကောက်ပွဲသည်လည်း တရားမျှတမှုရှိမည်မဟုတ်သဖြင့် မှတ်ပုံတင်မည်မဟုတ်ကြောင်း ကြိုတင်ကြေညာခဲ့သည်။
ရန်ကုန်မြို့ရှိ NLD ဌာနချုပ်အပါအဝင် တစ်နိုင်ငံလုံးရှိ ပါတီရုံးခန်းအများအပြားသည် စီးနင်းခံရခြင်း၊ ချိပ်ပိတ်ခံရခြင်းနှင့် ဗုံးခွဲဖျက်ဆီးခံရခြင်းများကို ကြုံတွေ့ခဲ့ရသည်။
NLD ပါတီမှာ ယခင် ရွေးကောက်ပွဲများတွင် ရှမ်းပြည်နှင့် ရခိုင်ပြည်တို့မှ လွဲ၍ ကျန် ပြည်နယ်များ အားလုံးတွင် အနိုင်ရခဲ့သော ပါတီဖြစ်ရာ NLD ပါဝင်ခွင့်မရခြင်းသည်ပင်လျှင် တိုင်းရင်းသား ဒေသများတွင် နိုင်ငံရေး ပါတီများ၏ ရွေးချယ်ခံပိုင်ခွင့်မှာ လုံးဝ ဆုံးရှုံးနေသည်ကို ပြသနေသည်။
“Made in China” ရွေးကောက်ပွဲ
ယခုရွေးကောက်ပွဲ၏ နောက်ကွယ်တွင် တရုတ်နိုင်ငံ၏ ကြီးမားသော တွန်းအားနှင့် ဖိအားများ ပါဝင်နေကြောင်း တက်ကြွလှုပ်ရှားသူများက ထောက်ပြကြသည်။
ကချင်အမျိုးသမီး အစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) မှ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ တာဝန်ခံ ဆန်ထွယ်က စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ယခုကဲ့သို့ အမည်တပ်လိုက်သည်။
“စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုကြည့်ရတာတော့ Made in China ပေါ့နော်၊တရုတ်ပြည်ကထုတ်လုပ်တဲ့ရွေးကောက်ပွဲလို့တောင်ပြောလို့ရတယ်။ကျမတို့ရဲ့ကချင်ဒေသမြစ်ဆုံ Dam ကိုပြန်လုပ်ဖို့ဖိအားပေးနေတာတွေ၊လူတွေလွှတ်နေတာတွေရှိတယ်။ဒါတွေကအလဲအလှယ်လုပ်တဲ့ပုံစံမျိုးဖြစ်နေလို့ Made in China Election လို့ပြောလို့ရတာပါ။”
သျှမ်းသံတော်ဆင့် သတင်းဌာန၏ အယ်ဒီတာချုပ် စိုင်းမိဏ်း ကလည်း တရုတ်၏ ဝင်ရောက်စွက်ဖက်မှုကို ယခုကဲ့သို့ သုံးသပ်သည်။
“တိန့်ရှီကျွန်းပြောတဲ့စကားကိုကြည့်ခြင်းအားဖြင့်တရုတ်ကတခြားနိုင်ငံရဲ့ပြည်တွင်းရေးကိုဝင်ရောက်မစွတ်ဖက်ပါဘူးဆိုတဲ့မူဝါဒကိုသူတို့ကိုယ်တိုင်ကျော်လွန်ပြီးမြန်မာပြည်အပေါ်ဖိအားပေးရွေးကောက်ပွဲလုပ်ခိုင်းတဲ့ပုံစံဖြစ်နေတယ်။အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင်ကအဆင်သင့်ဖြစ်မနေဘဲနဲ့ရွေးကောက်ပွဲလုပ်ရတဲ့သဘောလည်းပြနေတယ်။”
ရွေးကောက်ပွဲ စောင့်ကြည့်သူများနှင့် တက်ကြွလှုပ်ရှားသူများက စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို “Made in China Election” ဟု သတ်မှတ်လိုက်ကြသည်။
တရုတ်နိုင်ငံသည် ၎င်းတို့၏ One Belt One Road (BRI) စီမံကိန်းများနှင့် မြစ်ဆုံရေကာတာ စီမံကိန်းများကို ပြန်လည် အသက်သွင်းရန်အတွက် စစ်ကော်မရှင်ကို ရွေးကောက်ပွဲ ကျင်းပရန် ဖိအားပေးခဲ့ခြင်း ဖြစ်သည်။
တရုတ်အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွန်း၏ ပြောကြားချက်များအရ ဤရွေးကောက်ပွဲသည် တရုတ်၏ တိုက်ရိုက်ဝင်ရောက် စွက်ဖက်မှုနှင့် စစ်ကော်မရှင်၏ တရားဝင်မှု ရှာဖွေမှုတို့ ပေါင်းစပ်ထားသည့် ရလဒ်ဖြစ်ကြောင်း ပေါ်လွင်နေသည်။
ရွေးကောက်ပွဲအလွန်ပိုမိုပြင်းထန်လာမည့်ပဋိပက္ခ
ရွေးကောက်ပွဲ ပြီးဆုံးသွားသော်လည်း မြန်မာနိုင်ငံ၏ ပဋိပက္ခမှာ လျော့ကျသွားမည့် လက္ခဏာ မရှိပေ။
စစ်ကော်မရှင်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲမှာ ငြိမ်းချမ်းရေးကို ဦးတည်ခြင်းမဟုတ်ဘဲ ပိုမိုကြီးမားသော တိုက်ပွဲများ၏ အစပျိုးခြင်းသာ ဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများက သတိပေးလိုက်သည်။
ရှေ့ဆက်လာမည့် စစ်ရေးအခြေအနေကို ကရင်နီပြည် အင်အားစုကိုယ်စားလှယ် ခွန်းသောမတ်စ် က ယခုကဲ့သို့ သုံးသပ်သည်။ “ရွေးကောက်ပွဲပြီးသွားရင်လည်းကျနော်ထင်တယ်။စစ်ရေးနဲ့ပတ်သက်ပြီးတော့လျှော့ကျသွားမယ့်အခြေအနေမျိုးမရှိဘူး။ရွေးကောက်ပွဲပြီးသွားရင်တောင်မှကျနော်တို့တော်လှန်ရေးဖက်ကတော့ဒီထက်ပိုအားကောင်းတဲ့အခြေအနေမျိုးတွေပြင်ဆင်မှုတွေရှိတယ်။အဲတော့ဒီထက်ပိုပြင်းတဲ့တိုက်ပွဲမျိုးတွေဒီထက်ပိုကျယ်ပြန့်မဲ့တိုက်ပွဲမျိုးတွေဆက်ပြီးတော့သွားမဲ့အခင်းအကျင်းမျိုးပဲရှိပါတယ်ပေါ့။”
တော်လှန်ရေး အင်အားစုများသည် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုမည် မဟုတ်ဘဲ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် ဗျူဟာမြောက် စုစည်းမှုများဖြင့် ဆက်လက် တိုက်ပွဲဝင်သွားရန် ပြင်ဆင်နေကြသည်။
မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ မတင်တင်ညို ကလည်း ပြည်သူ့ဆန္ဒနှင့် ပတ်သက်၍ “ဒီတစ်ခေါက်နွေဦးတော်လှန်ရေးကမဖြစ်မနေဒီအာဏာရှင်ကိုအဆုံးသတ်ရမယ်ဆိုတဲ့ခံယူချက်ကအခုထိခိုင်ခိုင်မာမာရှိနေဆဲပဲ။ရွေးကောက်ပွဲကဘယ်လိုရလဒ်ပဲရရှိလာရရှိလာကျမတို့ကတော့ပြည်သူလူထုတွေအားလုံးရဲ့အကျိုးစီးပွားကိုရှေးရှုတဲ့အနေနဲ့ကတော့စစ်အာဏာရှင်စနစ်နဲ့အာဏာရှင်မှန်သမျှပြုတ်ကျဖို့အတွက်တော့ဆက်ပြီးတော့တွန်းလှန်သွားရမယ်” ဟု ပြောသည်။
စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ရန်အတွက် ပြည်သူလူထုနှင့် တော်လှန်ရေး အင်အားစုများအကြား ဗျူဟာမြောက် စုစည်းမှုသည် ယခုအချိန်တွင် အရေးအကြီးဆုံး ဖြစ်ကြောင်း တိုက်တွန်းထားသည်။
ခြိမ်းခြောက်မှုအောက်ကမဲပုံးများနှင့်သွေးစွန်းမည့်ရွေးကောက်ပွဲအလွန်အလားအလာ
ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် စစ်ကော်မရှင်သည် လူထုအား နည်းမျိုးစုံဖြင့် အကျပ်ကိုင်ခဲ့သည်။
ရွေးကောက်ပွဲ ကာလအတွင်းမှာပင် မဲမထည့်သူများကို ခြိမ်းခြောက်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်းနှင့် ခရီးသွား လာခွင့် ကန့်သတ်ခြင်းများကို လုပ်ဆောင်ခဲ့သည်။
အထူးသဖြင့် စစ်ဘေးရှောင် ပြည်သူများကို နေရပ်မပြန်ပါက နေအိမ်များ မီးရှို့မည်ဟု ခြိမ်းခြောက်ခြင်း၊ လူငယ် များကို မဲမပေးလျှင် တက္ကသိုလ်တက်ခွင့် ပိတ်ပင်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ အထင်အရှား ရှိနေသည်။
KWAT မှ ဆန်ထွယ် က ရွေးကောက်ပွဲအလွန် စိုးရိမ်ရမှုကို ယခုကဲ့သို့ ထပ်လောင်းပြောဆိုသည်။
“ကျမတို့မြင်တာကတော့ဒါကတော့သူတို့အနေနဲ့သူတို့နဲ့မိတ်ဖက်တဲ့နိုင်ငံတကာတွေနဲ့ချိတ်ဆက်ပြီးမှမြန်မာနိုင်ငံသူတို့ရဲ့ဒီစီးပွားရေးလမ်းကြောင်းတွေဖွင့်ယူပြီးမှတိုင်းရင်းသားဒေသတွေမှာစစ်ပဋိပက္ခပိုပြီးမှဖွင့်ဖို့အတွက်ကိုသူတို့ပိုက်ဆံတွေရှာသွားနိုင်တဲ့အခြေအနေလည်းရှိလာနိုင်တယ်။ဒါကြောင့်မို့လို့ဒီ Election အလွန်ပေါ့နော်။ရွေးကောက်ပွဲအလွန်ကတော့ပဋိပက္ခတွေနဲ့သတ်ဖြတ်မှုတွေပိုများနိုင်တယ်ဆိုတဲ့ဟာမျိုးကိုလည်းကျမတို့တွေ့ရတယ်။”
ယခုကျင်းပခဲ့သည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်း မဟုတ်ဘဲ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် သယံဇာတများကို တရုတ်နိုင်ငံသို့ အလဲအလှယ်လုပ်ကာ စစ်ခေါင်း ဆောင်များ၏ သက်တမ်းကို ဆွဲဆန့်ရန် ကြိုးပမ်းမှုသာ ဖြစ်သည်ဟု သုံးသပ်ထားကြသည်။
ပြည်သူလူထုမှာ မဲပုံးထဲသို့ ဆန္ဒမဲများ ထည့်ရန်ထက် လေယာဉ်ဗုံးကြဲမှု၊ လက်နက်ကြီး၊ ကျည်ဆန်များကြားမှ အသက်ရှင်သန်ရန်သာ ကြိုးပမ်းနေကြရသည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် တရားဝင်မှု မရှိသလို၊ ပြည်သူ့၏ ကိုယ်စားပြုမှုလည်း ကင်းမဲ့နေသည်။ အဆိုပါ ရွေးကောက်ပွဲသည် ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုရုံတင်မကဘဲ ပြည်သူ့အသက်ပေါင်းများစွာကို စတေး ၍ ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။
မတရားမှုကို အခြေခံ၍ တည်ဆောက်ထားသော ရွေးကောက်ပွဲရလဒ်သည် မြန်မာနိုင်ငံအတွက် ပိုမိုနက်ရှိုင်း သော စစ်မီးကိုသာ ယူလာပေးလိမ့်မည်ဟု ပြည်သူများနှင့် ရွေးကောက်ပွဲ စောင့်ကြည့်သူများက ယုံကြည် ထားကြသည်။
မဲပုံးထဲက မဲစာရွက်များထက် မြေပြင်က လက်နက်ကြီးကျည်ခွံများက ပိုမိုများပြားနေသည့် ဤရွေးကောက်ပွဲ သည် မြန်မာ့နိုင်ငံရေး အကျပ်အတည်းအတွက် ထွက်ပေါက်မဟုတ်ဘဲ ပိုမိုနက်ရှိုင်းသော ပဋိပက္ခတွင်းသို့ ဆွဲခေါ် သွားမည့် လမ်းညွှန်ချက်သာ ဖြစ်နေသည်ဟု ထောက်ပြပြောဆိုမှုများ ရှိနေသည်။
ထို့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စစ်ကော်မရှင် ‘အတုအယောင်ရွေးကောက်ပွဲ’ ကို အသိအမှတ် မပြုရန်နှင့် မြေပြင်တွင် အမှန်တကယ် အုပ်ချုပ်ရေး ယန္တရားများကို တည်ဆောက်နေသည့် တော်လှန်ရေး အဖွဲ့အစည်းများ ကိုသာ ကူညီပေးရန် တိုက်တွန်းတောင်းဆိုနေကြသည်။


