spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းတပ်သားအင်အားနှင့် စစ်လက်နက်ခဲယမ်းများ ကျုံဒိုးမြို့သို့ ဆက်တိုက်ပို့ဆောင်နေ

    တပ်သားအင်အားနှင့် စစ်လက်နက်ခဲယမ်းများ ကျုံဒိုးမြို့သို့ ဆက်တိုက်ပို့ဆောင်နေ

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီ ၃၊ ၂၀၂၆။

    ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှ အင်အားရာနှင့်ချီရှိသည့် တပ်သားများနှင့်အတူ လက်နက်ခဲယမ်းတင်ဆောင်ထားသည့်ယာဉ်များ၊ သံချပ်ကားများကို ကျုံဒိုးမြို့ပေါ်သို့ ယခုရက်ပိုင်းအတွင်း ဆက်တိုက်ပို့ဆောင်နေကြောင်း ဒေသတွင်း တော်လှန်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့က ကရင်ပြည်နယ်အတွင်းရှိ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်အပါအဝင် တော်လှန်ရေးထိန်းချုပ်မှုအားကောင်းသည့် မြို့နယ်ပေါင်း ၆၃ ခုကို စစ်အုပ်ချူပ်ရေးအဖြစ် ရက်ပေါင်း ၉၀ သက်တမ်းတိုးကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

    ဖားအံမြို့နယ်အတွင်းရှိ စစ်ကော်မရှင်တပ်ရင်းများမှ တပ်သားအင်အားအများအပြားအပါအဝင် သံချပ်ကား၊ လက်နက်ခဲယမ်းအများအပြားကို ကျုံဒိုးမြို့အခြေစိုက် ခမရ-၅၄၅၊ ခမရ-၅၄၆ သို့ နေ့စဉ် ပို့ဆောင်နေသည်ဟု ကော့ကရိတ်ဒေသမှ တော်လှန်ရေးသတင်းအရင်းမြစ်တစ်ဦးက ဆိုသည်။

    “မနေ့ကဆို ဘားအံကနေ ကားအစီးရေ ၄၀ ကျော် ရှိမယ်။ ဗိုလ်ဘိတို့အဖွဲ့လည်း ပါလာတယ်။ အကုန်လုံးက ကျုံဒိုးမှာ စုနေကြတယ်။ လောလောဆယ် ကျုံဒိုးမှာ သောင်တင်နေတာက သံချပ်ကား ၅ စီးလည်း ရှိနေတယ်။ မြဝတီနဲ့ ကော့ကရိတ်ဘက်ကိုတော့ သူတို့မဝင်လာသေးဘူး။ တစ်ချို့ စကမထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာတော့ ရှင်းလင်းရေးတွေ စတင်လုပ်ဆောင်နေတာ ရှိတယ်။ မကြာခင်ကော့ကရိတ်နဲ့ မြဝတီဘက်ကို ဝင်လာတဲ့အခြေအနေ ရှိတယ်” ဟု ပြောသည်။

    ဘားအံ- ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းကို အလုံစုံထိန်းချုပ်နိုင်ရေးအတွက်  တပ်ဖွဲ့ဝင်အင်အားများ ဖြည့်တင်ခြင်း၊ တပ်တွင်းတာဝန်ရှိသူများ အပြောင်းအလဲလုပ်ဆောင်နေခြင်းဖြစ်ပြီး မဟာဗျူဟာမြောက်သည့် စစ်ရေးအစီအစဉ်များကိုလည်း စစ်ကော်မရှင်အဖွဲ့မှ ရေးဆွဲနေကြသည်ဟု တပ်ဖွဲ့ဝင်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

    “ အဓိကက ကော့ကရိတ်နဲ့မြဝတီမြို့ကို စစ်ကြောင်းထိုးဖို့ လုပ်နေတာ။ အခုကျနော်တို့သိထားတာက စကမ ကနေပြီးတော့ အာရှဟိုင်းဝေးလမ်းကို အလုံစုံ ထိန်းချုပ်နိုင်ဖို့ မဟာဗျူဟာမြောက်တဲ့ စစ်ရေးအစီအစဉ်တွေ ရေးဆွဲနေကြတယ်။ ပြီးတော့ ကော့ကရိတ်နဲ့ မြဝတီမြို့ကို ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အစီအစဉ်တွေလည်း ဆက်လက်ပြီး အကောင်အထည်ဖော်နိုင်ဖို့ ရည်ရွယ်ပြီး စစ်ရေးပြင်ဆင်နေတာ” ဟု အထက်ပါ သတင်းအရင်းအမြစ်က ပြောသည်။

    လက်ရှိအခြေအနေရ ဘားအံ-ကော့ကရိတ်-မြဝတီလမ်းပိုင်းကို ဗိုလ်ဘိဦးဆောင်သည့် DKBA အဖွဲ့အပြင် ကရင်အမျိုးသားတပ်မတော် KNA တပ်ဖွဲ့မှလည်း အများအပြား ထိန်းချုပ်ထားကြောင်း သိရသည်။

    “KNA တွေလဲ BGF တံဆိပ်တွေ ပြန်ပြောင်းပြီး စကမ အလိုကျ ပြန်လုပ်လာတာတွေ့ရတယ်။ တိုက်ပွဲကတော့ မြဝတီ၊ ကော့ကရိတ်မှာ ခုရက်ပိုင်း တိုက်ပွဲကြီးဖြစ်လာနိုင်တယ်ဗျ” အထက်ပါ ရဲဘော်က ပြောသည်။

    ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလဆန်းပိုင်းက ဖားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းကို တော်လှန်ရေးပူးပေါင်းတပ်တို့က လက်လွှတ်ခဲ့ရသော်လည်း ကော့ကရိတ်နှင့် မြဝတီဒေသတစ်ဝိုက်ရှိ ကျေးရွာများဘက်တွင် ကရင်အမျိုးသားလွတ် မြောက်တပ်မတော် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က ထိန်းချုပ်တပ်စွဲထားဆဲဖြစ်သဖြင့် စစ်ကော်မရှင်အဖွဲ့နှင့် နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။

    ရွေးကောက်ပွဲပြီးနောက် စစ်အုပ်ချုပ်ရေးအမိန့်များကို သက်တမ်းတိုးနေခြင်းသည် စစ်ကော်မရှင်မှ လုံခြုံရေးဆိုင်ရာ ကန့်သတ်ချက်များကို  ဆက်လက်လုပ်ဆောင်မည့် သဘောတွင်ရှိပြီး နယ်မြေထိန်းချုပ်ရေးအတွက် တိုက်ပွဲပြင်းထန်လာမည့်အခြေအနေတွင် ရှိကြောင်းလည်း မွန်-ကရင် စစ်ရေးသုံးသပ်သူအချို့က သုံးသပ်ထားသည်။

    ပုံ- မြဝတီသို့ ဦးတည်တက်လာသည့် အောင်ဇေယျစစ်အုပ်စု စစ်ကြောင်းမှ စစ်ကားအချို့(ပုံဟောင်း)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks