spot_img
Saturday, January 31, 2026
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်ဟံသာဝတီမှသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီသို့

    ဟံသာဝတီမှသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီသို့

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ

    ဇန်နဝါရီ ၃၁၊ ၂၀၂၅

    သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့သည် မွန်မင်းညီနောင်နှစ်ပါးဖြစ်သည့် သမလနှင့် ဝိမလတို့ ဟံသာဝတီမင်းနေပြည်တော်ကို စတင်တည်ထောင်ခဲ့သည့် နေ့ထူးနေ့မြတ် ဖြစ်သည်။ ထိုသမိုင်းဝင်ရက်စွဲကို အခြေပြု၍ ပေါ်ပေါက်လာသော “မွန်အမျိုးသားနေ့” သည် မွန်လူမျိုးတို့၏ ကိုယ်ပိုင်အမှတ်အသား၊ ယဉ်ကျေးမှုနှင့် ကြီးကျယ်ခမ်းနားခဲ့သော သမိုင်းဂုဏ်ရောင်ကို ဖော်ကျူးသည့် သင်္ကေတတစ်ခု ဖြစ်လာခဲ့သည်။

    ယခုနှစ်တွင် ကျရောက်သော (၇၈) ကြိမ်မြောက် မွန်အမျိုးသားနေ့သည် ယခင်နှစ်များထက် ပိုမိုလေးနက်ပြီး စိန်ခေါ်မှုများသော နိုင်ငံရေးအခင်းအကျင်းနှင့် ကြုံတွေ့နေရသည်။

    မွန်အမျိုးသားနေ့၏ အဓိကရည်ရွယ်ချက်မှာ မိမိတို့၏ စာပေ၊ ဘာသာစကားနှင့် ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းရန်နှင့် အမျိုးသားရေး စိတ်ဓာတ်ကို ရှင်သန်စေရန်ဖြစ်သည်။ သမိုင်းတစ်လျှောက်တွင် မွန်လူမျိုးတို့သည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမျှရေးအတွက် ငြိမ်းချမ်းစွာဖြင့်လည်းကောင်း၊ လက်နက်ကိုင်စွဲ၍လည်းကောင်း ကြိုးပမ်းလာခဲ့ကြသည်။ ယနေ့ခေတ်တွင်မူ ထိုကြိုးပမ်းမှုများသည် မြန်မာ့နွေဦးတော်လှန်ရေးနှင့်အတူ ပိုမိုကျယ်ပြန့်သော နိုင်ငံရေးလမ်းကြောင်းပေါ် ရောက်ရှိလာခဲ့သည်။

    ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့နိုင်ငံရေးသည် အဆုံးအဖြတ်ပေးရမည့် အခြေအနေသို့ ရောက်ရှိနေပြီး မွန်ပြည်နယ်သည်လည်း ထိုလှိုင်းတံပိုးထဲတွင် နက်ရှိုင်းစွာ ပါဝင်နေသည်။

    ယခင်က အပစ်အခတ်ရပ်စဲရေး လမ်းကြောင်းပေါ်တွင် ရှိခဲ့သော မွန်ပြည်သစ်ပါတီ (NMSP) အတွင်း၌ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ပြီး “မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD” ဆိုသည့် စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်သည့် အဖွဲ့အစည်း ပေါ်ပေါက်လာခဲ့သည်။ NMSP-AD ပေါ်ပေါက်လာခြင်းသည် မွန်နိုင်ငံရေး၏ “ကြားနေလမ်းစဉ်” (Neutrality) မှ “တိုက်ရိုက်တော်လှန်ရေးလမ်းစဉ်” သို့ ကူးပြောင်းသွားသည့် အလှည့်အပြောင်းတစ်ခု ဖြစ်သည်။ ထိုအပြောင်းအလဲသည် မွန်လူထု၏ တော်လှန်လိုသော ဆန္ဒကို ထင်ဟပ်စေသည့်အပြင် မွန်လူမျိုးတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လက်နက်ကိုင်တော်လှန်ရေးဖြင့်သာ ရယူနိုင်မည်ဆိုသည့် အယူအဆကိုလည်း မွန်လူငယ်ထုများအကြား ပိုမိုခိုင်မာစေခဲ့သည်။

    လက်ရှိတွင် မွန်ပြည်နယ်အတွင်းရှိ ရေး၊ သံဖြူဇရပ်၊ ကျိုက်မရော၊ သထုံ၊ ဘီလင်း၊ ကျိုက်ထို စသည့် မြို့နယ်များတွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်ကော်မရှင်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးခြင်းနှင့် စစ်ဘေးရှောင်ဦးရေ တိုးပွားလာခြင်းတို့သည် ယခုနှစ် အမျိုးသားနေ့ကို ဝမ်းနည်းစရာ ကောင်းသော နောက်ခံအဖြစ် ရှိနေစေသည်။

    မွန်အမျိုးသားနေ့၏ အနှစ်သာရဖြစ်သော “စည်းလုံးခြင်း” သည် ယနေ့အချိန်တွင် အလိုအပ်ဆုံး ဖြစ်နေသည်။ မွန်နိုင်ငံရေး အင်အားစုများ၊ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများအကြား ညီညွတ်သော ဘုံရည်မှန်းချက်တစ်ခု ရှိရန် လိုအပ်သည်။ ထို့အပြင် မွန်လူမျိုးတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်း၏ အကျိုးစီးပွားထက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တည်ဆောက်မည့် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု” တွင် မွန်ပြည်နယ်၏ အနာဂတ်ကို မည်သို့ ဖော်ဆောင်မည်နည်းဆိုသည်မှာ အဓိက သော့ချက်ဖြစ်သည်။

    ယခုနှစ် မွန်အမျိုးသားနေ့သည် ပျော်ပွဲရွှင်ပွဲများထက် မိမိတို့အမျိုးသားရေး အနာဂတ်အတွက် လေးနက်စွာ စဉ်းစားရမည့်နေ့ ဖြစ်သည်။ ဟံသာဝတီမင်းနေပြည်တော်ကို တည်ထောင်ခဲ့သည့် သမိုင်းဂုဏ်ရောင်ကို အားမာန်ယူကာ၊ လက်ရှိ နိုင်ငံရေးမုန်တိုင်းကြားတွင် မယိုင်လဲဘဲ အမျိုးသားရေး ရည်မှန်းချက်များဖြစ်သော တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အောင်မြင်စွာ ထုဆစ်နိုင်ရန် မွန်တစ်မျိုးသားလုံး ညီညွတ်စွာဖြင့် ရှေ့ဆက်ကြရမည် ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks