spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းရွေးကောက်ပွဲကာလအတွင်း လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် KNU သထုံခရိုင်မှ ဒေသခံ ၅၀၀၀ ကျော် စစ်ရှောင်နေရ

    ရွေးကောက်ပွဲကာလအတွင်း လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် KNU သထုံခရိုင်မှ ဒေသခံ ၅၀၀၀ ကျော် စစ်ရှောင်နေရ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဇန်နဝါရီလ ၂၇၊ ၂၀၂၆။

    ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ၊ သထုံခရိုင်တွင်  ရွေးကောက်ပွဲကာလအတွင်း စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှုများနှင့်  လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူ ၅၀၀၀ ကျော် ယနေ့အထိနေရပ်မပြန်နိုင်သေးဘဲ တိမ်းရှောင်နေရကြောင်း စစ်ရှောင်ဒေသခံနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များ၏ ပြောကြားချက်အရ သိရသည်။

    ပြည်သူများနေထိုင်ရာကျေးရွာများသို့ အဓိက ပစ်ခတ်နေသည့် စစ်ကော်မရှင် တပ်စခန်းများသည် ဘီးလင်းမြို့နယ် ပိုင်ဒဝယ်ကျေးရွာအနီး အခြေစိုက်သည့် ခမရ (၃) နှင့် ကျိုက်ထိုမြို့အခြေစိုက် အမတ (၃၁၀) မှ ဖြစ်ပြီး ယမန်နှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ဇန်နဝါ ၂၆ ရက်နေ့အထိ အဆိုပါတပ်စစ်ခန်းများမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၂ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၉ ဦးရှိကြောင်း သိရသည်။

    ထိုသို့ ပစ်ခတ်ခံရမှုများကြောင့် သထုံခရိုင်အတွင်းရှိ ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်မှ  ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းတွင် ဒေသခံ ၅၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆိုသည်။

    “ဒီရွေးကောက်ပွဲကာလကနေစပြီးတော့ သူတို့ကမနက်လည်းပစ်၊ နေ့လယ်လည်းပစ်၊ ညနေလည်းပစ်တယ်။ သူတို့စိတ်ထပေါက်တဲ့အချိန် သူတို့ပစ်တယ်၊ အဲလိုဖြစ်နေတော့ ဒေသခံတွေက မနေရဲကြဘူး။ အခုလတ်တလောမှာ စစ်ရှောင်နေရတဲ့သူတွေ အများကြီးပဲ တချို့က ဥယျာဉ်ခြံမှာရှောင်တယ်။ အများစုက ဆွေမျိုးအိမ်တွေကို သွားနေကြတယ်။ ဒီမှာက စစ်ရှောင်စခန်းတွေဘာတွေ မရှိဘူး”ဟု ဘီးလင်းဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

    စစ်ဘေးရှောင် ဒေသခံများအနက် လူဦးရေ ၁၀၀၀ ဝန်းကျင်သည် ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်ကြားရှိ ကျေးရွာများတွင် ထွက်ပြေးခိုလှုံနေကြရပြီး၊ အဆိုပါ စစ်ဘေးရှောင်နေရာများတွင် အမျိုးသမီးများနှင့် ကလေးငယ်များ အများအပြားပါဝင်နေကြောင်းလည်း လူသားချင်းစာနာမှုကွန်ယက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    လတ်တလောစစ်ဘေးရှောင် ဒေသခံများအတွက် အရေးပေါ် စားနပ်ရိက္ခာ၊ သောက်ရေ၊ ဆေးဝါးနှင့် အမိုးအကာ အကူအညီလိုအပ်ချက်များကို စစ်ဘေးရှောင်ကူညီရေးအဖွဲ့များက သွားရောက်ကူညီရန် စီစဉ်နေကြောင်း သိရသည်။

    “ကျမတို့သိထားသလောက်က ဒီဖိုးဝါးသိမ်ရွာမှာ စစ်ရှောင် ၁ ထောင်ဝန်းကျင်လောက် ရှိတယ်။ အခုလောလောဆယ် HRFOM နဲ့ MSFC ကနေ စစ်ရှောင်တွေအတွက် ဒီထောက်ပံ့မှုတွေလုပ်ဖို့ ကျမတို့ စီစဉ်နေတယ်”ဟု အထက်ပါတာဝန်ရှိသူက ဆက်ပြောသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက် ၆ နာရီခွဲတွင် မော်လမြိုင်-ရန်ကုန် ကားလမ်းမပေါ်ရှိ အလူးလေး ကျေးရွာအနီးတွင် စစ်ယာဉ်တန်းလုံခြုံရေးအတွက် လာရာက်တပ်စွဲနေသော စစ်ကော်မရှင်တပ်ဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်သဖြင့် ခမရ (၃) တပ်ရင်းမှ ဒုတပ်ရင်းမှုး အပါအဝင် စုစုပေါင်း ၁၇ ဦးသေဆုံးခဲ့ရသည်။

    လူသားချင်းစာနာမှုကွန်ယက်မှ အချက်အလက်အရ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်တွင် စစ်ကော်ရှင်မရှင်မှ အရပ်သားများအပေါ် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းနှင့် လေကြောင်းများဖြစ်င့် တိုက်ခိုက်ခြင်းများဆက်လက်ဖြစ်ပွားနေပြီး ဒီဇင်ဘာလအတွင်း လက်နက်ကြီးပစ်ခတ်မှု ၁၀ ကြိမ်ထက်မနည်း နှင့် လေကြောင်းတိုက်ခိုက်မှု ၁ ကြိမ်လည်း လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

    ပုံ- KNU သထုံခရိုင်မှ စစ်ဘေးရှောင်များ(ယခင်ပုံဟောင်း)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks