Sunday, March 8, 2026
More
    spot_img
    Homeသတင်းရေဖြူမြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို လုံခြုံရေးအခြေအနေပေါ်မူတည်၍ ကျင်းပသွားမည်

    ရေဖြူမြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို လုံခြုံရေးအခြေအနေပေါ်မူတည်၍ ကျင်းပသွားမည်

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဇန်နဝါရီ ၂၆ ၊ ၂၀၂၅ ။

    တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို ဒေသတွင်းလုံခြုံရေးအခြေအနေအပေါ်မူတည်၍ ကျင်းပသွားမည်ဟု ကျင်းပရေးကော်မတီနှင့် ဒေသခံများက ပြောသည်။

    စစ်ကော်မရှင် စစ်ကြောင်းများ ဆက်လက်ရှိနေသည့် ရာဖူးကျေးရွာအတွင်း ရေဖြူမြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို ကျင်းပသွားရန်ရှိပြီး အဆိုပါစစ်ကြောင်းများကြောင့်  ပစ်ခတ်မှုထပ်မံဖြစ်ပွားမည်ကို ဒေသခံများစိုးရိမ်နေကြသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရေဖြူမြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို နှစ်စဉ်အကျဉ်းချုံးသာကျင်းပလာနိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း ဒေသတွင်းတိုက်ပွဲများကြောင့် ဖော်ဖြေရေးအစီအစဉ်များ မပါဝင်ဘဲ ကျင်းပသွာမည်ဟု ကျင်းပရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    “မွန်အမျိုးသားနေ့ကျင်းပမယ်လို့ အစကတည်းက စီစဉ်ထားတာရှိတယ်။ ကျင်းပရင်လည်း အကျဉ်းချုံးပဲလုပ်မယ်ပေါ့နော်၊ ဒါမဲ့ ဟိုနေ့က အဲ့ဒေသဘက် တိုက်ပွဲဖြစ်တော့ အခမ်းအနားအတွက် အစည်းအဝေးခေါ်တာလည်း ဖျက်သိမ်းလိုက်ရတယ်။ လုပ်ဖြစ်လား၊ မလုပ်ဖြစ်ဘူးလားဆိုတာက အခြေအနေဆက် ကြည့်ရမယ်”ဟု ၎င်းက ပြောသည်။

    ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်နေ့ မနက်ပိုင်းက အင်အား ၁၀၀ ကျော်ပါ စစ်ကော်မရှင်အဖွဲ့သည် ရာဖူးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး ညနေပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျေးရွာ (၃) ရွာမှ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရသည်။

    အဆိုပါ အခြေအနေများကြောင့် (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့ကို မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် အလံတင်အလေးပြုသည့် အစီအစဉ်များသာ ပါဝင်မည်ဟုလည်း ရေဖြူဒေသခံတစ်ဦးက ဆိုသည်။

    “ စင်နဲ့ပွဲထွက်တာတွေမရှိဘူး။ ပြိုင်ပွဲတွေဘာတွေလည်းမရှိဘူး။ စစ်ရေး ပြတာလည်းမရှိဘူး။ စာသင်ကျောင်းမှာ မြေစိုက်ပိုစတာစိုက်ပြီး အလံတင်အလေးပြုတာလောက်ပဲရှိမယ်။ မနှစ်က ကျင်းပခဲ့တဲ့အတိုင်းပဲ”ဟု ရေဖြူဒေသခံတစ်ဦးက ပြောသည်။

    ပေါင်မြို့နယ်၊ ဇင်းကျိုက်ကျေးရွာတွင် ယခုနှစ်(၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့ဗဟိုအဆင့်အခမ်းအနားကို ကျင်းပသွားမည်ဖြစ်ပြီး အဆိုအကပြိုင်ပွဲ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။

    မွန်လူမျိုးများနေထိုင်ရာ ရန်ကုန်၊ ပဲခူးနှင့် တနင်္သာရီတိုင်းဒေသကြီးအပြင် ကရင်ပြည်နယ်တွင် မွန်အမျိုးသားနေ့အခမ်းအနားများကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်းဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခကြောင့် လုံခြုံရေးအခြေအပေါ်မူတည်၍ ကျင်းပနေရသည်။

    မွန်ပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ဖော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည့်အပြင် ဂျပန်၊ ကိုးရီးယား၊ မလေးရှား၊ ထိုင်းနိုင်ငံတို့တွင် ၎င်းတို့၏ အလုပ်အားလပ်ရက်များတွင် စည်စည်ကားကား ကျင်းပလေ့ရှိသည်။

    ပုံ – ပေးပို့

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks