Sunday, March 8, 2026
More
    spot_img
    Homeသတင်းမဲရုံပြောင်းရွှေ့ထားဖွင့်လှစ်ထားသဖြင့် လောင်းလုံးမြို့နယ်အတွင်း မဲထွက်ပေးသူမရှိသလောက်နည်းပါး

    မဲရုံပြောင်းရွှေ့ထားဖွင့်လှစ်ထားသဖြင့် လောင်းလုံးမြို့နယ်အတွင်း မဲထွက်ပေးသူမရှိသလောက်နည်းပါး

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ၂၅ ဇန်နဝါရီ ၂၀၂၆။

    တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်တွင် ရွေးကောက်ပွဲအပိုင်း (၃)အတွက် ပြင်ဆင်ထားသည့်မဲရုံများကို  မဲပေးရက်မတိုင်မီ ရက်ပိုင်းအလိုတွင် ပြောင်းရွှေ့ထားရသဖြင့် မဲပေးသူမရှိသလောက်နည်းပါးနေကြောင်း တော်လှန်ရေးသတင်းအရင်းအမြစ်များမှ သိရသည်၊

    ဇန်နဝါရီ ၂၅ ရက်နေ့ ရွေးကောက်ပွဲအပိုင်း (၃) အတွက် လောင်းလုံးမြို့ပေါ်အပါအဝင် ကျေးရွာအုပ်စုများအတွင်း စုစုပေါင်း မဲရုံ ၁၄ ရုံ ဖွင့်လှစ်ရန်  စစ်ကော်မရှင်မှ ပြင်ဆင်ထားကြောင်း သိရသည်။

    လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် လောင်းလုံးမြို့ပေါ်ရှိ မဲရုံများကို ထားဝယ်တက္ကသိုလ်သို့ ပြောင်းရွှေ့ထားပြီး စခန်းကြီး၊ ကမြောကင်းနှင့် မောင်းမကန်ကျေးရွာအုပ်စုများတွင်သာ မဲရုံဖွင့်လှစ်နိုင်ခဲ့ကြောင်း လောင်းလုံးတော်လှန်ရေး သတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။

    "လောင်းလုံးမြို့ပေါ်နေ ပြည်သူတွေအတွက် မဲရုံကို ထားဝယ်တက္ကသိုလ်ထဲကိုရွှေ့လိုက်တယ်။ လောင်းလုံးကနေ ထားဝယ်တက္ကသိုလ်ဆိုရင် ၁၂ မိုင်လောက်ရှိတယ်လေ၊ တကူးတကသွားပေးတဲ့သူမရှိသလောက်ရှားတယ်။ ကျေးရွာအုပ်စုတွေမှာပဲ မဲရုံဖွင့်နိုင်တယ်။ လူဦးရေနဲ့စာရင် မဲပေးသူက မရှိသလောက်ပေါ့ဗျ"ဟု ပြောသည်။

    မဲထွက်ပေးသူနည်းပါးသဖြင့် ရပ်ကွက်အတွင်း လိုက်လံဆော်သြတိုက်တွန်းနေသည့်အပြင် မဲပေးထားသည့် အထောက်အထားမရှိလျှင် ထားဝယ်မြို့ပေါ်သို့ သွားလာခွင့်ကန့်သန့်ထားကြောင်းလည်း ဆိုသည်။

    ရွေးကောက်ပွဲရက်မတိုင်မီရက်ပိုင်းအတွင်း လောင်းလုံးမြို့ပေါ်နှင့် မောင်းမကန်ရွာတစ်ဝိုက်သို့ အင်အားအများအပြားဖြင့် အထိုင်ချ တပ်စွဲထားပြီး ပျူစောထီးများကို လက်နက်တပ်ဆင်ပေးထားသည့် အဖွဲ့များကိုပါ လုံခြုံရေးနှင့် စစ်ရေးများအတွက်အသုံးပြုနေကြောင်းလည်း ဒေသတွင်း သတင်းအရင်းအမြစ်များမှ သိရသည်။

    “၂၀ ရက်နေ့တုန်းက ဆိုရင်စခန်းကြီးရွာဆိုတဲ့ ရွာဖက်ကိုစစ်တပ်က မဲစာရင်းလာကောက်နေတဲ့အချိန်မှာ ဒရုန်းဗုံးသီးကျပြီးတော့ အရပ်သားသုံးဦးသေဆုံးသွားတယ်၊ ထိခိုက်ဒဏ်ရာရသူလည်းရှိတယ်၊ အဲ့ဒီကနေ အပြန်မှာ စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရတာရှိတယ်၊ ကျန်တဲ့ဒေသတွေမှာလည်း စစ်ရေးအရ တင်းမာလာနိုင်တဲ့ အနေအထားရှိမယ် ” ဟု ရွေးကောက်ပွဲမတိုင်ခင် အခြေအနေများကို တော်လှန်ရေး ရဲဘော်တစ်ဦးက ဆိုသည်။

     လောင်းလုံးတော်လှန်ရေးတပ်ဖွဲ့ဘက်မှလည်း ယနေ့တွင် လောင်းလုံးမြို့အနီးရှိ လက်ခတ်တောင် တာဝါတိုင်စခန်းကို drop ဗုံးချနေတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သေးကြောင်း သိရသည်။

    ယနေ့ရွေးကောက်ပွဲအပိုင်း (၃) ကို တနင်္သာရီတိုင်းဒေသကြီးတွင် လောင်းလုံး၊ သရက်ချောင်းနှင့် ပုလောမြို့နယ်အတွင်း စစ်ကော်မရှင်အဖွဲ့မှ ကျင်းပခဲ့သည်။

    ရွေးကောက်ပွဲလုပ်ဆောင်မည့်နေရာများတွင် ပစ်ခတ်တိုက်ခိုက်ခံရပြီး ပေါက်ကွဲမှုများလည်း ဖြစ်နိုင်သဖြင့် မဲရုံအနီးနေထိုင်သည့် ဒေသခံများ ယာယီပြောင်းရွှေ့နေထိုင်နေကြကြောင်းလည်း တော်လှန်ရေးသတင်းအရင်းအမြစ်များမှ သိရသည်။

    ပုံ-MOI (လောင်းလုံးမဲရုံ)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks