Wednesday, March 11, 2026
More
    spot_img
    Homeသတင်းပြည်တွင်းရွှေဈေး နေ့စဉ်နီးပါး စံချိန်တင်မြင့်တက်နေပြီး ရွှေဆိုင်များ အရောင်းအဝယ် ယာယီရပ်နား

    ပြည်တွင်းရွှေဈေး နေ့စဉ်နီးပါး စံချိန်တင်မြင့်တက်နေပြီး ရွှေဆိုင်များ အရောင်းအဝယ် ယာယီရပ်နား

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဇန်နဝါရီ၊ ၂၀၊ ၂၀၂၅။

    ပြည်တွင်းရွှေဈေး တည်ငြိမ်မှုမရှိဘဲ နေ့စဉ်နီးပါး စံချိန်တင်မြင့်တက်နေသဖြင့် မွန်ပြည်နယ် ရွှေဆိုင်အများအစု အရောင်းအဝယ် ယာယီရပ်နားထားရသည်ဟု ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။

    Myanmar Market Price မှ ဈေးနှုန်းဖော်ပြချက်အရ ယနေ့ ဇန်နဝါရီ ၂၀ ရက်နေ့ နေ့လည်ပိုင်းတွင် ၁၆ ပဲရည် တစ်ကျပ်သား ဝယ်ဈေး သိန်းတစ်ရာ့ငါးသောင်းကျပ်၊ ရောင်းဈေး ကိုးဆယ့်ကိုးသိန်းငါးသောင်းကျပ် ပေါက်ဈေးရှိနေပြီး မြန်မာ့သမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးနှုန်းအဖြစ် စံချိန်တင်နေခြင်းဖြစ်သည်။

    အချိန်အလိုက် ဈေးအပြောင်းအလဲမြန်နေပြီး ရွှေဆိုင်ပိုင်ရှင်များအနေဖြင့် ရောင်းမှားဝယ်မှားမဖြစ်ရန် ရွှေရောင်းဝယ်မှု ယာယီရပ်နားထားရကြောင်း ဆိုသည်။

    “မနက်နဲ့ညနေဈေးက မတူတော့ပါဘူး။ အတက်ဘက်ပဲ ရှိတာ။ ဝယ်သူတွေလဲ မရှိတော့သလို ရောင်းဖို့ကလည်း အဆင်မပြေဘူး။ ဒါကြောင့် ဆိုင်ကို ခဏပိတ်ထားရတယ်။ အခြားဆိုင်တွေ အများစုကလဲ ပိတ်ထားရတယ်” ဟု  ရေးမြို့နယ်မှ ရွှေလုပ်ငန်းရှင်တစ်ဦး ဆိုသည်။

    သို့သော် စစ်ကော်မရှင်ရန်ကုန် ရွှေလုပ်ငန်းရှင်အသင်းမှ ၁၆ ပဲရည် ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၆၀ ဝန်းကျင်သာ သတ်မှတ်ထားဆဲဖြစ်သည်။

    ကမ္ဘာ့စစ်ရေးအခြေအနေများကြား ရွှေစုဆောင်းဝယ်ယူမှုများလာခြင်းနှင့်အတူ အမေရိကန်ဘဏ်အတိုးနှုန်းလျှော့ချမှုများကြောင့် ဒေါ်လာဈေး၊ ရွှေဈေး၊ ငွေဈေးများ အတက်ဘက်တွင် ရှိနေသည်ဟု သိရသည်။

    “ခုအခြေအနေမှာ ကမ္ဘာ့ပဋိပက္ခတွေလဲ ဖြစ်ပွားနေတော့ လူတွေက ရွှေစုဆောင်းတာမျိုးတွေလုပ်လာတယ်။ ပြီးရင် နိုင်ငံရေးအခြေအနေတွေကြောင့်ပဲ အမေရိကန်ဘဏ်အတိုးနှုန်းကလည်း လျှော့ချထားတယ်။ ဒါကြောင့် ရွှေဈေးတွေကတက်လာနေတယ်လို့မြင်တယ်” သံဖြူဇရပ်မြို့နယ် ရွှေဆိုင်ပိုင်ရှင်တစ်ဦးက သုံးသပ်ထားသည်။

    လက်ရှိဈေးကွက်တွင် အတက်ဘက်သို့သာ အားကောင်းနေခြင်းနှင့် ပြည်ပဈေးကွက်တွင်း အချိန်နှင့်အမျှ ဈေးနှုန်းအပြောင်းအလဲ ရှိခြင်းကြောင့် ရောင်းမှားဝယ်မှားမဖြစ်ရန် လိုအပ်ကြောင်း ရွှေနှင်ငွေဈေးကွက်လေ့လာစောင့်ကြည့်သူများက တိုက်တွန်းထားသည်။

    ရွှေနှင့် ဒေါ်လာဈေးများ အတက်ပြလာချိန်တွင် ဒေါ်လာဈေးကစားသူ၊ တရားမဝင် ရောင်းဝယ်သူများကို ဖော်ထုတ်အရေးယူနေကြောင်း ဗဟိုဘဏ်မှ အသိပေးထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks