Monday, March 9, 2026
More
    spot_img
    Homeသတင်းထောင်ဖောက်ထွက်ပြေးသည့် သုံ့ပန်းအချို့ကို ပစ်ခတ်ဖမ်းဆီးခဲ့ရဟု IEC ပြော

    ထောင်ဖောက်ထွက်ပြေးသည့် သုံ့ပန်းအချို့ကို ပစ်ခတ်ဖမ်းဆီးခဲ့ရဟု IEC ပြော

    -

    ဇန်နဝါရီ ၂၁၊ ၂၀၂၆

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ

    ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား သုံ့ပန်းအချို့ကို ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သေဆုံးသူများရှိကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ထံမှ သိရသည်။

    IEC အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်သုံ့ပန်းများမှာ လက်နက် ၉ လက်ခန့် ယူဆောင်ထွက်ပြေးသွားသည့်အတွက် ပစ်ခတ်ခဲ့ရပြီး ၁၀ ဦးဝန်းကျင် ပြန်လည်ဖမ်းဆီးရမိထားသည်ဟု ဆိုသည်။

    IEC တွဲဖက် အတွင်းရေးမှူး ဦးဗညားက “ဒါက ဒီလိုပါ အကျဉ်းထောင်ကနေ ထွက်ပြေးသွားတဲ့အချိန်တုန်းက လက်နက်တွေပါသွားတာ ရှိတယ်။ ကျွန်တော်တို့ တပ်ဖွဲ့တွေဘက်ကလည်း လိုက်လံရှာဖွေတဲ့နေရာမှာ တချို့ကို လက်ဦးမှုရယူပစ်ခတ်ခဲ့ရတာတွေ ရှိပါတယ်။ တချို့နေရာမှာတော့ အပြန်အလှန်ပစ်ခတ်မှုတွေရှိတယ်လို့ တပ်ဖွဲ့တွေဘက်က ပြောလာပါတယ်။ အခုဆိုရင် ဆယ်ဦးလောက်ရှိမယ် သူတို့ကိုတော့ ပြန်ဖမ်းထားနိုင်ပါပြီ။ ဒါပေမဲ့ အရေအတွက်အတိအကျတော့ အတည်ပြုနေတုန်းပဲ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

    ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေဆုံးသူအရေအတွက်နှင့် ဒဏ်ရာရရှိသူအရေအတွက် အတိအကျကို တပ်ဖွဲ့များထံမှ သတင်းမရရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

    ဇန်နဝါရီလ ၁ ရက်နေ့ ညသန်းခေါင်ကျော်အချိန်တွင် IEC အကျဉ်းထောင်မှ စစ်သုံ့ပန်း စစ်ကောင်စီတပ်သား (၈၀) ဝန်းကျင် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။

    “ကျွန်တော်တို့လည်း သတင်းတွေမှာ တွေ့ရပါတယ်။ အတည်ပြုလို့ရပါတယ်။ ထိုင်းကို ထွက်ပြေးကြပြီး အလင်းဝင်ကြတယ်လို့ ရေးနေတာ တွေ့ရပါတယ်။ နောက်ပြီး ဒီဖြစ်စဉ်ဟာ ဒါထိုင်းဘက်ကလူတချို့နဲ့ အကျဉ်းသားတွေ သေချာချိတ်ဆက်ပြီးမှ လုပ်ဆောင်သွားတာလို့ ကျွန်တော်တို့ သိထားပါတယ်။ စုံစမ်းစစ်ဆေးမှုတွေလည်း ဆက်လုပ်နေပါတယ်” ဟု ဦးဗညားက ပြောသည်။

    အကျဉ်းသားများကို ချုပ်ထားခဲ့သည့် မယ်စဲ့မြို့နယ်သည် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်နှင့် နယ်နမိတ်ခြင်း နီးစပ်နေပြီး အကျဉ်းသား ၃၀ ခန့် ထိုင်းဘက်ခြမ်းသို့ ဝင်ရောက်ထွက်ပြေးလာကြောင်း ထိုင်း PBS သတင်းတွင် ဖော်ပြထားသည်။

    မယ်စဲ့မြို့နယ်ကို ကရင်နီတပ်ပေါင်းစုက ၂၀၂၃ နိုဝင်ဘာလဆန်းတွင် အလုံးစုံ သိမ်းပိုက်ခဲ့ပြီး ယခု ထွက်ပြေးသွားသည့် သုံ့ပန်းများမှာလည်း စစ်တပ် တပ်မ ၆၆ လက်အောက်ခံ တပ်သားများဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks