spot_img
Friday, January 23, 2026
More
    spot_img
    Homeသတင်းစစ်ကော်မရှင် ရွေးကောက်ပွဲကို ဘာကြောင့် အတုအယောင်လို့ ပြောဆိုနေကြပါသလဲ?

    စစ်ကော်မရှင် ရွေးကောက်ပွဲကို ဘာကြောင့် အတုအယောင်လို့ ပြောဆိုနေကြပါသလဲ?

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဇန်နဝါရီလ ၂၀၊ ၂၀၂၆။

    နိုင်ငံအတွင်း ဖြစ်ပေါ်လျှက်ရှိသည့် စစ်ရေးပဋိပက္ခများအကြား အာဏာသိမ်း စစ်ကော်မရှင်က အထွေထွေရွေးကောက်ပွဲအပိုင်း (၁) နှင့် (၂) ကို ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါသည်။

    လက်ရှိထွက်ပေါ်နေသည့် မဲရလဒ်များအရ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP) ကပဲ နေရာအများစုဖြင့် အနိုင်ရထားပြီး အာဏာသိမ်းစစ်အုပ်စုနှင့် ပူးပေါင်းလုပ်ဆောင်နေသော တိုင်းရင်းသားအခြေပြု နိုင်ငံရေးပါတီများအပါအဝင် အခြားပါတီတို့က နေရာအနည်းငယ်၌သာ အနိုင်ရရှိနေသည်ကို တွေ့ရသည်။

    ရွေးကောက်ပွဲအပိုင်း (၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့က မွန်ပြည်နယ်ရှိ မော်လမြိုင်၊ ချောင်း ဆုံ၊ ကျိုက်မရော၊ သထုံ၊ ကျိုက်ထိုမြို့နယ်တို့တွင် စတင်ကျင်းပခဲ့ပြီး အပိုင်း (၂) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ လ ၁၁ ရက်နေ့က မွန်ပြည်နယ်ရှိ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ပေါင်၊ ဘီးလင်းတို့တွင် ထပ်မံကျင်းပခဲ့သည်။

    ရွေးကောက်ပွဲအပိုင်း (၁)နှင့် (၂) နှစ်ခုစလုံးတွင် ကြိုတင်မဲကောက်ယူခြင်း၊ မဲစစ်ဆေးခြင်း၊ မဲရေတွက် ခြင်းလုပ်ငန်းစဉ်များကို ကြံ့ဖွံ့ (USDP) ပါတီဝင်တို့ကသာ လုပ်ဆောင်ခဲ့ပြီး အခြားသောပါတီများမှ ကိုယ်စားလှယ်များ ပူးပေါင်းပါဝင်ခွင့် မရှိပေ။

    ထိုကြောင့် အပိုင်းလိုက်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲသည် ပွင့်လင်းမြင်သာမှု၊ တရားမျှတမှုမရှိသည့် အတုအယောင်ရွေးကောက်ပွဲသာဖြစ်ကြောင်း ဝေဖန်ပြောဆိုလျှက်ရှိကြသည်။

    “Digital System နဲ့မဲပေးတာက အရင်ပုံစံထက် ပိုကောင်းတယ်ဆိုပေမယ့် ဒီမဲတွေကို ပြန်စစ်ဆေးတဲ့ အခါမှာ ဘယ်လိုလုပ်ရမလဲ ဘယ်လိုပြန်ကြည့်ရမလဲဆိုတာ ကျနော်တို့ပြည်သူအနေနဲ့ရော ကိုယ်စား လှယ်လောင်းတွေအနေနဲ့ရော သိခွင့် လုပ်ခွင့် မရှိဘူး။ ဒါတွေက စဉ်းစားရမယ့်အချက်ပေါ့နော်” ဟု မဲပေးခဲ့သူ မော်လမြိုင်မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

    ၂၀၂၀ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်ကြည့်မည်ဆိုလျှင် ကြိုတင်မဲ ကောက် ယူခြင်း၊ မဲရေတွက်ခြင်းလုပ်ငန်းစဉ်များကို မဲရုံအတွင်းတာဝန်ကျသည့် ဆရာ၊ ဆရာမ၊ လူငယ်များအပြင် ပါတီအလိုက် ကိုယ်စားလှယ်လောင်းများကလည်း ပါဝင်လုပ်ဆောင်ခွင့်ရှိခဲ့သည်ဟု သတင်းအရင်းအမြစ် များအရ သိရသည်။

    ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုအကြောင်းပြချက်နဲ့ နိုင်ငံ့အာဏာကို သိမ်းယူခဲ့သည့် စစ်ကော်မရှင်သည် နိုင်ငံအုပ်ချုပ်ရန် အရေးပေါ်ကာလသက်တမ်းကို အကြိမ်ကြိမ်တိုးယူပြီးနောက် နိုင်ငံရေး ထွက်ပေါက်အနေဖြင့် ရွေးကောက်ပွဲကို ကျင်းပခဲ့ရသည်။

    စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေကြသည့် တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံတကာအသိုင်း အဝိုင်းတို့က စစ်ကော်မရှင်ရွေးကောက်ပွဲကို အတုအယောင်အဖြစ် သတ်မှတ်ထားပြီး အာဏာရှင် သက်ဆိုးရှည်ရေးအတွက် ကြိုးပမ်းသည့် လုပ်ရပ်ထက်မပိုကြောင်း ထောက်ပြမှုများလည်း ရှိခဲ့သည်။

    “အရင် ၂၀၂၀ ခုနှစ်တုန်းက မဲပေးခဲ့တယ်။ ဒါပေမဲ့ သူတို့နေရာမပေးခဲ့ဘူး။ အခြားပါတီတွေနိုင်တော့ သူတို့ အတွက်နေရာမရှိလို့ မဲမသမာမှုနဲ့ အာဏာသိမ်းလိုက်တယ်။ ခုတခါထပ်ပေးလည်း သူတို့အတွက်ပဲ ဖြစ်သွားမှာလေ ဘာထူးလာမှာမို့လို့လဲ၊ ဒီရွေးကောက်ပွဲကလည်း သူတို့နေရာရဖို့အတွက် မဖြစ်မနေကျင်းပနေရတာလေ၊ ပေးလည်းမထူး၊ မပေးလည်းမထူးဘူး” ရေးမြို့နယ်မှ မဲမပေးခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောသည်။ 

    ၎င်းအပြင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ယခင်ကတည်းက အယုံအကြည်မရှိသည့်အတွက် ပြည်ပရှိ လူငယ်များက ကြိုတင်မဲဆန္ဒမပြုခဲ့သည့်အပြင် ပြည်တွင်းရှိ လူငယ်လူရွယ်အချို့ကလည်း မဲဆန္ဒမပြုခဲ့ ကြောင်း သိရသည်။

    ၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း မဲပေးသူ ၅၈ ရာခိုင်နှုန်းရှိခဲ့သော်လည်း စစ်ကော်မရှင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၁) နှင့် အပိုင်း (၂) နှစ်ခုလုံးတွင် မဲပေးသူ (၃၉) ရာခိုင်နှုန်းဝန်းကျင်သာရှိသည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာထားသည်။

    ထို့နောက် မဲပေးသူရာခိုင်နှုန်းကို ကြည့်ခြင်းအားဖြင့် ပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများအကြား အတင်းအကြပ်   ဆောင်ရွက်ခဲ့သည့် စစ်ကော်မရှင်၏ မွန်ပြည်နယ်ရွေးကောက်ပွဲကို ထက်ဝက်အောင်မြင်ပြီးစီးသည်ဟု ဆိုနိုင်ပေသည်။

    သို့ပေမယ့် ယခုရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် အသုံးပြုမှုမရှိခဲ့သည့် အီလက်ထရောနစ် မဲပေး စက်တို့ကို အသုံးပြုခဲ့ပြီး ရွေးကောက်ပွဲစနစ်ကိုလည်း မဲများသူအကုန်အနိုင်ယူ FPTP စနစ်နှင့် အချိုးကျ ကိုယ်စားပြု PR စနစ်တို့ကို ရောနှောကာ ကျင်းပပြုလုပ်ခဲ့သည်။

    “မဲထည့်ဖို့နေရာလုပ်ထားတာက နည်းနည်းတော့ ရှုပ်တယ်။ ဒီပုံစံ(အီလက်ထရောနစ်)က အသစ်ဆိုတော့ အချို့ကလည်း နားမလည်ကြဘူးလေ။ သေးသေးလေးတွေစီထားတော့ တွေ့သမျှခလုတ်နှိပ်ထည့်တာပဲ။ ပါတီစုံရဲ့နာမည်ဘေးနားမှာ ခလုတ်တွေ ထားထားပေးတယ်။ အဲ့လိုပုံပေါ့” မဲပေးခဲ့သည့် သံဖြူဇရပ်မြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

    အီလက်ထရောနစ်မဲပေးစက်ပုံစံသည် မြန်မာနိုင်ငံရွေးကောက်ပွဲတွင် ပထမဦးဆုံးအသုံးပြုမှုဖြစ်ခြင်း ကြောင့် သာမာန်ပြည်သူတို့အတွက် အခက်အခဲရှိခဲ့ကြောင်းလည်း ဆိုသည်။

    အာဏာသိမ်းမှု ၅ နှစ်နီးပါး အကြာတွင် စစ်ကော်မရှင်တို့ အပြည့်အဝထိန်းချုပ်ထားနိုင်သည့် မြို့နယ်များ အနက် ၂၀၂ မြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ အပိုင်း ၂ ကို ကျင်းပခဲ့ပြီး လာမည့် ဇန်နဝါရီ ၂၅ ရက်၌ ၆၃ မြို့နယ်အတွင်း ရွေးကောက်ပွဲ အပိုင်း (၃) ကို ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts