spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းရွေးကောက်ပွဲကာလအတွင်း မွန်ပြည်နယ်အကျဉ်းသားအချို့ကို လက်နက်တပ်ဆင်ပေးပြီး လုံခြုံရေးတပ်သားများအဖြစ် အသုံးပြု

    ရွေးကောက်ပွဲကာလအတွင်း မွန်ပြည်နယ်အကျဉ်းသားအချို့ကို လက်နက်တပ်ဆင်ပေးပြီး လုံခြုံရေးတပ်သားများအဖြစ် အသုံးပြု

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အကျဉ်းထောင်မှ အကျဉ်းသားအချို့ကို လက်နက်တပ်ဆင်ပေးပြီး ရွေးကောက်ပွဲလုံခြုံရေးအတွက် အတင်းအဓမ္မ စေခိုင်းနေကြောင်း အဆိုပါအကြောင်းအရာကို သိရှိသူ ကျိုက်မရောဒေသခံများ၏ ပြောပြချက်အရ သိရသည်။

    ရွေးကောက်ပွဲလုံခြုံရေးအတွက် ကျိုက်မရောအကျဉ်းထောင်မှ အကျဉ်းသားများကို ကျေးရွာအတွင်း၊အပြင်နှင့် အနီးတစ်ဝိုက်သို့ ကင်းစောင့်စေခိုင်းခြင်း၊ သတင်းပို့ဆက်သွယ်စေခိုင်းခြင်းနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်တိုက်ခိုက်ပါက စစ်သားများနှင့်အတူ ခုခံကာကွယ်ရန် အတင်းအဓမ္မ အမိန့်ပေးစေခိုင်းထားသည်ဟု ဆိုသည်။

    အကျဉ်းထောင်မှ လွတ်မြောက်လိုပါက စစ်မှုထမ်းဆောင်ရမည်ဟု စစ်ကော်မရှင်တပ်သားနှင့်အတူ သက်ဆိုင်ရာ ထောင်အာဏာပိုင်များမှ ပြောဆိုထားသဖြင့် အကျဉ်းသားများ လက်နက်အပြည့်အစုံဖြင့် ရွေးကောက်ပွဲလုံခြုံရေးအပြင် စစ်ကော်မရှင်အဖွဲ့တို့ အသုံးလိုရာနေရာများတွင် စစ်မှုထမ်းနေရကြောင်း ကျိုက်မရောဒေသခံတစ်ဦးက ဆိုသည်။

    “အပြင်ကကြည့်ရင် စစ်သားလို့ပဲထင်ရပေမဲ့ သူတို့ကို သေချာမေးတော့ အကျဉ်းသားတွေပဲ စစ်သားအစစ်က နည်းတယ်။ လုံခြုံရေးစောင့်ခိုင်းတာရှိတယ်။ စစ်သားစစ်စစ်က နှစ်ယောက်ဆို သူတို့အနောက်မှာရှိတာအကုန်လုံးက အကျဉ်းသားတွေပဲ။ သေနတ်လည်း သိပ်သုံးမတတ်ဘူး။ ထောင်ကနေထွက်ချင်တယ်ဆိုရင် ၅ နှစ်လောက် စစ်မှုထမ်းဆောင်ရမယ်လို့ သူတို့ကိုပြောထားတယ်"ဟု ဆိုသည်။

    အဆိုပါ လက်နက်တပ်ဆင်ပေးထားသူ အကျဉ်းသားများသည် အသက် ၄၀နှင့် ၅၀ ဝန်းကျင်အရွယ်ရှိ သက်ကြီးပိုင်းအကျဉ်းသားများဖြစ်ကြောင်းလည်း သူကဆိုသည်။

    တရနာကျေးရွာအုပ်စုမှတဆင့် ကော့ဒွန်၊ ကော့ပနောနှင့် ခတုံစိကျေးရွာအုပ်စုအပါအဝင် ကျေးရွာ ၉ ရွာထက်မနည်းတွင် အနည်းဆုံး အကျဉ်းသား ၁၀၀ ဦးထက်မနည်းကို နယ်မြေစောင့်တပ်အဖြစ် အသုံးပြုကာ ညနေ ၈ နာရီဝန်းကျင်တွင် နေ့စဉ် ကင်းလှည့်လည် စေခိုင်းထားသည်။

    မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ အဆိုပါကိစ္စနှင့်ပတ်သတ်၍ ဆက်လက်အတည်ပြုစုံစမ်းနေဆဲဖြစ်ကြောင်းလည်း IMNA သို့ ပြောကြားသည်။

    အကျဉ်းသားများအား စစ်ရေးတာဝန်များတွင် အသုံးချခြင်း၊ လူသားဒိုင်းအဖြစ် အသုံးချခြင်းနှင့် တူညီသည့် အခြေအနေများတွင် အသုံးပြုခြင်းသည် အကျဉ်းသားများ၏ အသက်အန္တရာယ်နှင့် လူ့အခွင့်အရေးများ ထိခိုက်ပျက်စီးလာနိုင်သည့်အခြေအနေကို စိုးရိမ်ရကြောင်း PPNM တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    “အကျဉ်းသားတွေက အကျဉ်းထောင်မှာပဲရှိသင့်တယ်။ သူတို့က အပြစ်ရှိတယ်ဆိုပေမဲ့ သူတို့ကို ရိုက်နှက်တာ၊ အသက်န္တရာယ်ရှိတဲ့ နေရာတွေမှာ အသုံးချတာ လုပ်လို့မရဘူး။ သူတို့က လွတ်လပ်ခွင့်ကိုပဲ ကန့်သတ်ခံရသူတွေပါ။ အသက်နဲ့ လူ့ဂုဏ်သိက္ခာတွေကို ကာကွယ်ဖို့ အခွင့်အရေးတွေ ရှိတယ်။ အခုက စစ်အင်အားတွေ နည်းလာတော့ အကျဉ်းသားတွေကို စစ်ထဲမှာ အတင်းပို့ဆောင် အသုံးချတာဟာ လူ့အခွင့်အရေးချိုးဖောက်မှုမကဘူး၊ စစ်ရာဇဝတ်မှုတစ်ရပ်အဖြစ် သတ်မှတ်နိုင်တာကြောင့် လုံးဝ မလုပ်သင့်ပါဘူး။” ဟု ထိုသူက ဆက်ပြောသည်။

    အကျဉ်းသားများကို ထောင်ဒဏ်လျော့ပေါ့ပေးမည်ဟု မက်လုံးပေးကာ စစ်မှုထမ်းခိုင်းစေခြင်းသည် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေများကို ထိခိုက်ချိုးဖောက်နေသည်ဟုလည်း ဆိုသည်။

     ပြီးခဲ့သည့် ၂၀၂၅ ဒီဇင်ဘာလကလည်းကျိုက်မရောမြို့နယ်ရှိ ကျေးရွာများအတွင်း ဒေသခံပြည်သူများ စစ်မှုမထမ်းပါက ထောင်ဒဏ်ချမှတ်ခံရမည်ဟု သတိပေးစာများဖြင့် ခြိမ်းခြောက်နေကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts