spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းCI စာအုပ် သက်တမ်းတိုးထုတ်ပေးရေး လုပ်ငန်းများကို ဇန်နဝါရီ ၁၆ ရက်နေ့အထိ တိုးမြှင့်ဆောင်ရွက်ပေးနေ

    CI စာအုပ် သက်တမ်းတိုးထုတ်ပေးရေး လုပ်ငန်းများကို ဇန်နဝါရီ ၁၆ ရက်နေ့အထိ တိုးမြှင့်ဆောင်ရွက်ပေးနေ

    -

    ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသည့် ရွေ့ပြောင်းမြန်မာအလုပ်သမားများ အလုပ်အကိုင်အခွင့်အလမ်း ဆုံံးရှုံးနစ်နာမှုမရှိစေရေးအတွက် CI သက်တမ်းတိုး ထုတ်ပေးခြင်း လုပ်ငန်းဆောင်ရွက်မှုကာလကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့အထိ တိုးမြှင့်ဆောင်ရွက်ပေးထားကြောင်း ထိုင်းအလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ဇန်နဝါရီ ၃ ရက်နေ့က အသိပေးကြေညာထားသည်။

    လက်ရှိထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၄ ခုကို စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်၊ ဆူရတ်ဌာနီမြို့များနှင့် Mobile unit ၁ ခုဖြင့် ကရာဘီမြို့တွင် ဖွင့်လှစ်လုပ်ဆောင်ပေးနေခြင်းဖြစ်သည်။

    CI သက်တမ်းတိုး ထုတ်ပေးခြင်းလုပ်ငန်းစဉ်များကို ၂၀၂၅ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် အပြီးအစီးဆောင်ရွက်ပေးသွားမည်ဟု အသိပေးကြေညာထားသော်လည်း သက်တမ်းတိုးပြုလုပ်ရန် 7-Eleven ဆိုင်များတွင် ငွေပေးသွင်းပြီးသူများ ကျန်ရှိနေသေးသည့်အတွက် လုပ်ငန်းဆောင်ရွက်မှုကာလကို နောက်ဆုံးအကြိမ်အဖြစ် ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ တိုးမြှင့်ပေးထားကြောင်း သိရသည်။

    ထို့ကြောင့် ထိုင်းရောက် ရွှေ့ပြောင်းမြန်မာလုပ်သားများအနေဖြင့် (CI) စာအုပ်သက်တမ်းတိုးခြင်းကို အချိန်မီ ပြုလုပ်သွားရန်လိုပြီး၊ ပျက်ကွက်ပါက နိုင်ငံအတွင်း နေထိုင်ခွင့်နှင့် လုပ်ငန်းအခွင့်အလမ်းအပေါ် ထိခိုက်သွားနိုင်မည်ဟု  မြန်မာအလုပ်အသမားအရေး လှုပ်ရှားနေသူ ဦးမင်းထွန်းမှ ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် တိုက်တွန်းထားသည်။

    "အခုတိုးပေးထားတဲ့ ရက်တွေမှာ ပိတ်ရက်မရှိလုပ်ပေးနေတယ်လို့ကြားတယ်။ အလုပ်သမားတွေအဆင်ပြေအောင် ကျန်ခဲ့မှာကြောက်လို့ဆိုပြီးတော့ အခုလို CI ကနေ CI လဲပေးတဲ့လုပ်ငန်းစဉ်တွေကို လုပ်ပေးနေတာပါ။ အဲတော့အမြန်ဆုံးသွားလုပ်ဖို့တိုက်တွန်းလိုပါတယ်။ ဒီတခါလွန်သွားရင်တော့ အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်ရှိမှ အစိမ်းကနေ အစိမ်းကိုလဲပေးတဲ့လုပ်ငန်းစဉ်တွေပဲ ရှိတော့မှာပါ"ဟု သူက ဆိုသည်။

    မြန်မာနှင့် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနနှစ်ခုမှ ပူးပေါင်းပြီး CI စာအုပ်ထုတ်ပေးရေး စခန်း ၄ ခုတွင် သြဂုတ်လ ၆ ရက်နေ့မှ စတင်လုပ်ဆောင်ခဲ့ပြီး သတ်မှတ်ထားသည့် အချိန်မလုံလောက်မှုကြောင့် အကြိမ်ကြိမ်ရက်ထပ်တိုးပေးခဲ့ရာမှ ယခုအကြိမ်သည် နောက်ဆုံးတိုးမြှင့်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။

    CI စာအုပ်ပြုလုပ်ရာတွင် ကုန်ကျစရိတ်ကို ဘတ် ၂၆၇၀ သာကျသင့်မည်ဖြစ်ကြောင်း စစ်ကော်မရှင်အလုပ်သမားရေးရာ ဝန်ကြီးဌာနမှ ကြေညာထားသော်လည်း သတ်မှတ်ဈေးထက် ကုန်ကျနေကြောင်း အလုပ်သမားများ၏ တိုင်တန်းပြောဆိုချက်များရှိနေပြီး စစ်ကော်မရှင်မြန်မာသံရုံးမှ တစ်စုံတစ်ရာ စိစစ်အရေးယူမှုမျိုး မရှိကြောင်းလည်း သိရသည်။

    “7-Eleven စတိုးဆိုင်ကနေသွင်းရတဲ့ ၂၆၇၀ဘတ်ထဲက ၈၇၀ဘတ်ကို စာအုပ်ဖိုးအတွက်ဖြစ်တယ်၊ ကျန်တဲ့ ၁၈၀၀ဘတ်က အလုပ်သမားဝန်ကြီးဌာနအတွက် အကောက်ခွန်အဖြစ်ပေးရတယ်။ ပြီးရင် CIစာအုပ်သွားလုပ်မယ်ဆို ကိုယ်လုပ်တဲ့စင်တာပေါ်မူတည်ပြီး ဝန်ဆောင်ခ ၁၀၀၀ ကျော် ပေးရပြန်တယ်။ တချို့ရုံးက ၁၂၀၀ ရှိမယ် တချို့ရုံးတွေ ၁၄၀၀အထိလည်း ရှိနိုင်တယ်။ ဒါကြောင့် စာအုပ်အသစ်ရဖို့ဆိုရင် ဘတ်စုစုပေါင်း ၄၅၀၀ခန့် ကုန်ကျနိုင်တယ်” ဟု အခြားအလုပ်သမားအရေး ကူညီဆောင်ရွက်သူ ထိုင်းရောက်မွန်တစ်ဦးက IMNA ကို ပြောကြားထားသည်။

    ထို့ကြောင့် မြန်မာလုပ်သားများ ကုန်ကျစရိတ်များနေပြီး ဝန်ဆောင်မှုစရိတ်အတွက် အခက်အခဲများနေကြောင်းလည်း ဆိုသည်။

    မြန်မာရွှေ့ပြောင်းလုပ်သားအရေး လှုပ်ရှားသူအချို့က CI စာအုပ်အစား ပန်းရောင်ကတ်တစ်ခုတည်းဖြင့် ထိုင်းနိုင်ငံအတွင်း နေထိုင်အလုပ်လုပ်ကိုင်ခွင့်ပြုရန် ပြီးခဲ့သည့် (၂၀၂၅) ခုနှစ်အတွင်းက တောင်းဆိုခဲ့သေးသည်။

    လက်ရှိတွင် ထိုင်းအစိုးရမှ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) မှ အလုပ်သမားနိုင်ငံကူးလက်မှတ် (PJ Passport) စာအုပ်အဖြစ် ပြောင်းလဲရာတွင် (Thailand Only) ထိုင်းနိုင်ငံအတွင်းသာ အသုံးပြုနိုင်မည်ဖြစ်သည့်အပြင် အခြားဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ကန့်သတ်ထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks