Thursday, April 30, 2026
More
    spot_img
    Homeသတင်းလုံခြုံရေးတင်းကြပ်ထားသော်လည်း မွန်ပြည်နယ်တွင် ဒီဇင်ဘာပိတ်ရက် ခရီးသွားလာသူများနေ

    လုံခြုံရေးတင်းကြပ်ထားသော်လည်း မွန်ပြည်နယ်တွင် ဒီဇင်ဘာပိတ်ရက် ခရီးသွားလာသူများနေ

    -

    ရွေးကောက်ပွဲကာလတွင် မွန်ပြည်နယ်အထင်ကရနေရာများတစ်ဝိုက် စစ်ကော်မရှင်မှ လုံခြုံရေးတင်းကြပ်ထားသော်လည်း ခရီးသွားလာသူများနှင့် ခရီးသွားဝင်ရောက်မှုယမန်နှစ်များထက် ပိုမိုများပြားလာကြောင်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဒေသခံများထံမှ သိရသည်။

    ယခုဒီဇင်ဘာလတွင် ပြည်နယ်အတွင်းက အထင်ကရနေရာများ ခရီးသွားဝင်ရောက်မှု သိသိသာသာ တိုးလာနေပြီး အထူးသဖြင့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ ဘုရားဖူးလာရောက်သူများမှာ တစ်ရက်လျှင် ၃ သောင်းခွဲမှ ၅ သောင်းဝန်းကျင်ကြား ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

    “မနှစ်ကထက်စာရင် ဒီနှစ်က သိသိသာသာ ဘုရာဖူးတွေ အများကြီး ဝင်ရောက်လာတယ်။ မနှစ်က တစ်နှစ်ထဲမှာမှ ဘုရားဖူး ၇ သိန်းကျော်လောက်ပဲလာတယ်။ ဒီနှစ်မှာတော့ အောက်တိုဘာလအစမှ ခု ဒီဇင်ဘာလအထိ ၃ လအတွင်းမှာပဲ လာရောက်သူ ၇ သိန်းကျော်နေပြီး။ တစ်နေ့တစ်နေ့ဆိုရင် ၃ သောင်းကျော်မှ ၅ သောင်းအထိ ဝင်ရောက်နေတယ်” ဟု ကျိုက်ထီးရိုးဂေါဗကအဖွဲ့တာဝန်ရှိသူထံမှ သိရသည်။

    အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များထက် တိုက်ပွဲဖြစ်ပွားမှုနည်းနေသည့် မွန်ပြည်နယ်တွင် စစ်ကော်မရှင်က ၎င်းတို့ယန္တယား လည်ပတ်ရာ နေရာအဖြစ်သတ်မှတ်ထားပြီး ခရီးသွားကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အလေးပေးဆောင်ရွက်နေကြောင်း သိရသည်။

    သို့သော် ဝင်ရောက်လာသူ ခရီးသွားများကို မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များတွင် အတင်းအကြပ် စစ်ဆေးခြင်း၊ ငွေကြေးအဆမတန် တောင်းခံခြင်းနှင့် ဧည့်စာရင်းစစ်ဆေးမှုများကို တင်းတင်းကြပ်ကြပ်လုပ်ဆောင်နေမှုများကြောင့် ခရီးသွားများအတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများက ဆိုသည်။

    ထို့ကြောင့် လူငယ်များအနေဖြင့် ခရီးသွားလာရာတွင် သတိရှိပြုရမည်ဖြစ်ကြောင်းလည်း မွန်လူငယ်တစ်ဦးက ထောက်ပြပြောဆိုသည်။

    “ခုချိန်မှာ ခရီးသွားရာသီဖြစ်နေတော့ လူတော်တော်များများက ခရီးထွက်ကြတယ်။ ဒါပေမဲ့ လူငယ်တွေအနေနဲ့ ကိုယ့်ရဲ့လုံခြုံရေးအတွက်တော့ သတိထားရမယ်ပေါ့နော်။ အခန့်မသင့်ရင် သူတို့လမ်းပေါ်မှာဖမ်းသွားနိုင်တယ်။ မထွက်ရင်ကောင်းတယ်ပေါ့။ ထွက်ရင်လည်း ကိုယ့်ရဲ့ လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့လိုတယ်” ဟု ဆိုသည်။

    အာဏာသိမ်းစစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ခုခံတော်လှန်နေရသည့် ယခုကာလအတွင်း ပြည်သူများအနေဖြင့် ခရီးသွားလာမှု ရှောင်ကြဉ်ကြရန်၊ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေသည့် နေရာများကို သွားရောက်ခြင်းမပြုကြရန် တော်လှန်ရေးအင်အားစုများက IMNA မှ သတိပေးပြောဆိုထားသေးသည်။

    “ရွေးကောက်ပွဲနဲ့လည်း နီးစပ်နေတော့ ကျနော်တို့တော်လှန်ဘက်ကလဲ စစ်ဆင်ရေးတွေ လုပ်ဆောင်နေတယ်။ ပဋိပက္ခဖြစ်နိုင်တဲ့ နေရာတွေ တော်လှန်ရေးတပ်ဖွဲ့တွေ သွားရောက်နိုင်တဲ့ နေရာတွေကို ခရီးမထွက်ကြဖို့ပြောချင်ပါတယ်” မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ   တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    မွန်ပြည်နယ်တွင် ကိုဗစ်ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုများကြောင့် ခရီးသွားဝင်ရောက်မှု လျော့နည်းလာခဲ့ရာမှ ယခုနှစ်တွင် ခရီးသွားဝင်ရောက်မှု ပြန်လည်များပြားလာနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks